သတင်း

အူရီဒူးမြန်မာကို အမည်ပြောင်းကာ ပိုင်ရှင်အသစ်ထံ လက်လွှဲတော့မည်

အူရီဒူးကို အမည်ပြောင်းပြီး ပိုင်ရှင်သစ်ထံ လများမကြာမီ လွှဲပြောင်းပေးတော့မည်၊ အပြောင်းအလဲကာလတွင် ဝန်ထမ်းအင်အား လျှော့ချနေသည်ဟု သိရသည်။

ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာကို အမည်ပြောင်းပြီး ပိုင်ရှင်အသစ် Nine Communications ကုမ္ပဏီထံ ယခုနှစ်ကုန်ပိုင်းတွင် လွှဲပြောင်းပေးတော့မည်ဟု စုံစမ်းသိရသည်။

ဩဂုတ်လ ၁၆ ရက်တွင် အမည်သစ်ကို ကြေညာမည်ဟု ထိုကုမ္ပဏီတွင် ၈ နှစ်ကြာ လုပ်ကိုင်ခဲ့သည့် ဝန်ထမ်းဟောင်း အမျိုးသားက ပြောသည်။

“လုပ်ငန်းပိုင်းဆိုင်ရာ လွှဲပြောင်းမှုတွေက လွန်ခဲ့တဲ့လတွေကတည်းက စနေပြီ၊ အခုနှစ်ကုန်ပိုင်းမှာ ပိုင်ရှင်သစ်ဆီ အပြီးသတ်ပြောင်းလဲဖို့ လုပ်နေတယ်” ဟု သူက ပြောသည်။

ပြောင်းလဲမည့် အမည်သစ်ကို လျှို့ဝှက်ထားဆဲဖြစ်သည်ဟုလည်း အဆိုပါ ဝန်ထမ်းဟောင်းက ဆိုသည်။

အူရီဒူးမြန်မာကို ကာတာနိုင်ငံအခြေစိုက် မိခင်ကုမ္ပဏီ အူရီဒူးက Nine Communications ကုမ္ပဏီထံ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချခဲ့သည်။

ထိုရောင်းချမှုအပြီး ၂ နှစ်နီးပါးအကြာတွင် ပိုင်ရှင်သစ်ထံ အပြီးသတ်လက်လွှဲရန် ပြင်ဆင်နေခြင်းဖြစ်သည်။

Nine Communications ကို ဆက်သွယ်ရေးလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ အတွေ့အကြုံရှိသူ ဦးဉာဏ်ဝင်း ဆိုသူနှင့် Link Family Office တို့က ပိုင်ဆိုင်ကြောင်း အူရီဒူးမြန်မာက သတင်းထုတ်ပြန်ထားသည်။

Nine Communications သည် ၂၀၂၂ ခုနှစ်လ ဇူလိုင်လ ဒုတိယပတ်တွင် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်ကြောင်း စင်ကာပူအစိုးရ စာရင်းအင်းနှင့် ကော်ပိုရိတ်ကြီးကြပ်ရေးအာဏာပိုင် (ACRA) မှတ်တမ်းတွင် တွေ့ရှိရသည်။

အူရီဒူးမြန်မာကို ဝယ်ယူရာတွင် အာဏာသိမ်းစစ်အုပ်စုနှင့် ရင်းနှီးသူ ဧရာဟင်္သာလုပ်ငန်းစုသူဌေး ဦးဇော်ဝင်းရှိန်လည်း ပါဝင်ကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။

ဦးဇော်ဝင်းရှိန်သည် A Bank ၏ ပိုင်ရှင်ဖြစ်ပြီး ထိုဘဏ်သည် ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် ထိုင်းဘတ်ငွေ တရားဝင်အသုံးပြုခွင့်ရသည့် တစ်ခုတည်းသော ပြည်တွင်းဘဏ် ဖြစ်သည်။

A Bank နှင့် မိတ်ဖက် ထိုင်းဘဏ်မှာ Kasikorn ဘဏ်ဖြစ်သည်။​ A Bank တွင် Kasikorn ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၀ ထည့်ဝင် ရင်းနှီးမြှုပ်နှံရန် ၂၀၂၀ ဧပြီလတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိခဲ့သည်။

အူရီဒူးဝန်ထမ်းများ အလုပ်ထုတ်ခံရမှု

အူရီဒူးမြန်မာ၏ ပိုင်ရှင်အသစ် အပြောင်းအလဲကာလတွင် ဝန်ထမ်းအင်အား လျှော့ချနေသည်ဟုလည်း ထိုကုမ္ပဏီဝန်ထမ်းများက ဆိုသည်။

ယခင်လက မန္တလေးမြို့ရှိ ဝန်ထမ်း ၁၀၀ ခန့်ကို ကျန်းမာရေးအာမခံ မသမာမှုလုပ်သည်ဟု စွပ်စွဲကာ အလုပ်ထုတ်ပယ်ထားသည်ဟု အူရီဒူးမြန်မာဝန်ထမ်းများက Myanmar Now ကို ပြောသည်။

“ဝန်ထမ်းတွေရဲ့ ခံစားရပိုင်ခွင့်ကိစ္စကို အကြောင်းပြပြီး အလုပ်ထုတ်တာပေါ့။ ဒီအာမခံထုတ်တယ်ဆိုတာကလည်း ကုမ္ပဏီဘက်ကရော၊ အာမခံကုမ္ပဏီဘက်ပါ စိစစ်အတည်ပြုပြီးမှ ထုတ်ယူခွင့်ရှိတာပါ။ အခုက ကျန်းမာရေးအာမခံတွေ ထုတ်ယူသုံးစွဲပြီးတော့မှ ကုမ္ပဏီဘက်က နောက်ကြောင်းပြန်စစ်ပြီး မတရား အလုပ်ထုတ်တာ” ဟု မန္တလေးရုံးခွဲမှ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

အလုပ်ထုတ်ခံရသူများထဲမှ ဝန်ထမ်း ၃၀ ခန့်က မန္တလေးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားနှင့် အလုပ်ရုံစစ်ဆေးရေးဦးစီးဌာနသို့ တိုင်တန်းထားသည်ဟုလည်း သိရသည်။

ထို့ပြင် အူရီဒူး ရန်ကုန်ရုံးချုပ်မှ အကြီးတန်းမန်နေဂျာတစ်ဦးလည်း ကြိုတင်အကြောင်းကြားချက်မရဘဲ အလုပ်မှ မတရားထုတ်ပယ်ခံခဲ့ရသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ဩဂုတ် ၆ တွင် သတင်းထုတ်ပြန်ထားသည်။

အလုပ်ထုတ်မှုများနှင့်ပတ်သက်ပြီး အူရီဒူးမြန်မာကို Myanmar Now က သြဂုတ်လ ၇ ရက်နေ့ကတည်းက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထိုသို့အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးခြင်းအပြင် ပြည်တွင်းဆက်သွယ်ရေးကဏ္ဍ၊ အခြေခံအဆောက်အအုံများနှင့် စီမံခန့်ခွဲမှုအားလုံးသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက် အပြည့်အဝရောက်ရှိသွားပြီဟု အင်တာနက်လွတ်လပ်ခွင့်နှင့် ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားနေသည့် Access Now အဖွဲ့မှ မဝေဖြိုးမြင့်က ပြောသည်။

အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍအပေါ် အမိန့်ပေးညွှန်ကြား ကန့်သတ်မှုများပြားလာသောကြောင့် ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိတော့ကြောင်းလည်း မဝေဖြိုးမြင့်က ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် သတင်းအချက်အလက်စီးဆင်းမှုနှင့် အင်တာနက် လွတ်လပ်စွာ သုံးစွဲမှုကိုလည်း နည်းလမ်းပေါင်းစုံဖြင့် ကန့်သတ်ထိန်းချုပ်ထားသည်။

မကြာသေးမီကလည်း အင်တာနက်သုံးစွဲသူများ၏ လုံခြုံရေးကို အကာအကွယ်ပေးထားသော Virtual Private Network (VPN) အက်ပလီကေးရှင်းများကိုပါ ပိတ်ပင်လာသည်။

အွန်လိုင်းလူမှုကွန်ရက်များထဲမှ လူသုံးများသော Facebook ကို ပိတ်ပင်ထားရာမှ ယခုအခါ Signal ကိုပါ ပိတ်ပင်လိုက်ပြန်သည်။

စစ်ကောင်စီက အင်တာနက် ဆင်ဆာဖြတ်တောက်ခြင်းနှင့် ကြားဖြတ်စောင့်ကြည့်ခြင်းတို့အတွက် တရုတ်နည်းပညာအကူအညီများကို ရယူကာ အရှိန်မြှင့်လုပ်ဆောင်နေသည်ဟုလည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar (JFM) က ဇွန် ၁၉ တွင် ထုတ်ပြန်ထားသည်။

ထိုအင်တာနက်ထိန်းချုပ်ရေးစနစ်သစ်ကို အဆင့်မြှင့်တင်ကာ ယခုနှစ် မေလကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီက အသုံးပြုနေ​သည်၊ ပြည်သူများကို ထပ်မံဖမ်းဆီးရာတွင် အသုံးပြုနိုင်သည်ဟု JFM က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် MPT, MyTel, ATOM (ယခင် Telenor) နှင့် အူရီဒူး ဟူ၍ ဆက်သွယ်ရေးအော်ပရေတာ ၄ ခုရှိသည်။ MyTel, ATOM တို့တွင် မြန်မာစစ်တပ်၊ ၎င်းတို့နှင့် အကျိုးစီးပွားဆက်နွှယ်သူများက ရှယ်ယာအများအပြားထည့်ဝင်ပိုင်ဆိုင်ထားကြသည်။

ATOM တွင် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု လုပ်ဆောင်ထားသော ခရိုနီသူဌေး ဦးသိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာအများဆုံးပိုင်ဆိုင်သည်။

MPT တွင်မူ ဂျပန်ထိပ်တန်းကုမ္ပဏီ KDDI နှင့် Sumitomo တို့ ပါဝင်နေသေးသော်လည်း စစ်ကောင်စီစည်းမျဉ်းများအောက်တွင်သာ လည်ပတ်နေရသည်။

Show More

Related Articles

Back to top button