စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

အူရီဒူးမြန်မာပိုင်ရှင်သစ် ဧရာဟင်္သာလုပ်ငန်းစုမှ ဇော်ဝင်းရှိန်ဖြစ်နိုင်

အာဏာသိမ်းပြီးနောက် တစ်ခုတည်းသော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီအဖြစ် ကျန်ရှိနေသည့် အူရီဒူးမြန်မာကို ရောင်းချလိုက်ပြီဖြစ်ရာ ပြည်တွင်း၌ ထိပ်သီးစီးပွားရေးလုပ်ငန်းရှစ်တစ်ဦးဖြစ်သူ A Bank နှင့် ဧရာ ဟင်္သာလုပ်ငန်းစုသူဌေး ဦးဇော်ဝင်းရှိန်မှာ ပိုင်ရှင်သစ်ဖြစ်ဖွယ်ရှိသည်ဟု စုံစမ်းသိရှိရသည်။

စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Nine Communications ကုမ္ပဏီက အူရီဒူးမြန်မာကို အမေရိကန်ဒေါ် လာ ၅၇၆ သန်းဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း၊ အရောင်းအဝယ်စာချုပ်ကို နှစ်ဦးနှစ်ဖက် လက်မှတ်ထိုး ပြီးဖြစ်ကြောင်း Ooredoo ကုမ္ပဏီက ယမန်နေ့ (စက်တင်ဘာ ၈) သတင်းထုတ်ပြန်သည်။

အူရီဒူးမြန်မာကို ဝယ်ယူလိုက်သည့် Nine Communications ကုမ္ပဏီကို Link Family Office နှင့် မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ အတွေ့အကြုံရှိ ဦးဉာဏ်ဝင်းဆိုသူပိုင်ဆိုင်ကြောင်းလည်း Ooredoo ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ထိုမျှသာ ဖော်ပြထားသော်လည်း အူရီဒူးမြန်မာကို နောက်ကွယ်မှဝယ်ယူလိုက်သူမှာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များနှင့် နီးစပ်မှုရှိသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဝင်းရှိန်ဖြစ်ကြောင်း သတင်းရင်းမြစ်အချို့က ဆိုသည့်အပြင် ဆက်စပ်အထောက်အထားများလည်း တွေ့ရှိရသည်။

အူရီဒူးမြန်မာကို ရောင်းချခြင်း

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများနည်းတူ နော်ဝေမှ ဆက်သွယ်ရေးကုမ္ပဏီ Telenor သည်လည်း မြန်မာနိုင်ငံရှိ ၎င်း၏ကုမ္ပဏီခွဲကို ရောင်းထုတ်ခဲ့သည်။

မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီကို လက်လွှဲရောင်းချရာတွင် ပြည်တွင်းကုမ္ပဏီများ ပါဝင်ခွင့်ရှိရမည်ဟု စစ် ကောင်စီက ဖိအားပေးခဲ့ရာ တယ်လီနောမြန်မာအရောင်းအဝယ် ကိစ္စမှာ လအတန်ကြသည်အထိ နှောင့်နှေး ကြန့်ကြာခဲ့ရသည်။ နောက်ဆုံးတွင် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ထံ ရောင်းချဖြစ်ခဲ့သည်။

တယ်လီနောမြန်မာကို M1 Group က ဝယ်ယူရာတွင် စစ်တပ်အဆက်အနွှယ် ရွှေဗျိုင်းဖြူကုမ္ပဏီ ပါဝင်ခဲ့ပြီး စင်ကာပူနိုင်ငံတွင် ကြားခံကုမ္ပဏီများထူထောင်ကာ အဆင့်ဆင့်လွှဲပြောင်းရောင်းချခြင်း ဖြစ်သည်။ စစ်တပ် နှင့် အကျိုးတူစီးပွားရေးလုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် သည် လက်ရှိအချိန်တွင် တယ်လီနောမြန်မာမှ အတမ်အမည်ပြောင်း ဆက်သွယ်ရေးကုမ္ပဏီကို ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်။ နောက်ဆုံးလက်ကျန် နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးကို ရောင်းချရာတွင်လည်း အလားတူ လှုပ်ရှားမှုများ တွေ့ရှိရသည်။

အူရီဒူးမြန်မာကို ဝယ်ယူလိုက်သည်ဆိုသော Nine Communications ကုမ္ပဏီမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်တွင်မှ မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူအစိုးရ၏ စာရင်းအင်းနှင့် ကော်ပိုရိတ်ကြီးကြပ်ရေး အာဏာပိုင် (ACRA) မှတ်တမ်းတွင် တွေ့ရှိရသည်။ တစ်လသာသာသက်တမ်းရှိ ထို Nine ဆက်သွယ် ရေးကုမ္ပဏီကို တက်သုတ်ရိုက်ထူထောင်ခဲ့ခြင်းပင်။

စင်ကာပူနိုင်ငံသားဖြစ်သည့် Randhir Ram Chandra ဆိုသူကို ကုမ္ပဏီဒါရိုက်တာအဖြစ် ဖော်ပြထား သည်။ Nine Communications ၏ ရှယ်ယာရှင်ကုမ္ပဏီနှစ်ခုမှာ စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Sunny Aqua Mountain နှင့် အခွန်ရှောင်သူများအကြိုက် ကာရေဘီယံပင်လယ်ထဲရှိ ဗြိတိသျှဗာဂျင် ကျွန်းစုတွင် မှတ်ပုံတင်ထားသည့် Aion Ventures ကုမ္ပဏီတို့ဖြစ်သည်။

အူရီဒူး၏ထုတ်ပြန်ချက်အရ Nine Communications ကိုပိုင်ဆိုင်သည်ဆိုသော Link Family Office နှင့် ဦးဉာဏ်ဝင်းတို့သည်လည်း A Bank အပြင် ဦးဇော်ဝင်းရှိန်ပိုင် အခြားကုမ္ပဏီများနှင့် တိုက်ရိုက်ဆက် စပ်နေလျက်ရှိသည်။

စင်ကာပူအစိုးရ၏ ACRA မှတ်တမ်းအရ အူရီဒူးမြန်မာကို ဝယ်ယူလိုက်သော Nine Communications တွင် ရှယ်ယာပိုင်ဆိုင်ထားသည့် Sunny Aqua Mountain ကုမ္ပဏီတွင်လည်း ဦးဉာဏ်ဝင်းသည် ရှယ်ယာ ရှင်တစ်ဦးအဖြစ် ပါဝင်နေသည်။

စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးနှင့်နီးစပ်သူ ဦးဇော်ဝင်းရှိန်

အာဏာသိမ်းစစ်ကောင်စီက ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်ကြီးအချို့ကို ဖမ်းဆီးအရေးယူပြီး နောက်ပိုင်း ပြည်တွင်းရှိ လုပ်ငန်းရှင်အများစု စိုးရိမ်ထိတ်လန့်နေကြသည်။ ဒိတ်ဒိတ်ကျဲ လုပ်ငန်း ရှင်ကြီးနှစ်ဦးဖြစ်သော ဧဒင်လုပ်ငန်းစုပိုင်ရှင် ဦးချစ်ခိုင်နှင့် ဇေကမ္ဘာကုမ္ပဏီအုပ်စုပိုင်ရှင် ဦးခင်ရွှေ တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများ၏ ဆန့်ကျင်သတိပေးမှုများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကောင်စီတို့ အားပြိုင်မှုတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ကြားညပ်နေခြင်းဖြစ်သည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း တိတ်တဆိတ်ထောင်တက်လာသူမှာ ဧရာဟင်္သာလုပ်ငန်းစုပိုင်ရှင် ဦးဇော်ဝင်းရှိန်ဖြစ်ကြောင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။

“အူရီဒူးကို ဝယ်လိုက်တဲ့ကိစ္စမှာ နောက်ကွယ်က ဦးဇော်ဝင်းရှိန်ပဲ။ ဧရာဟင်္သာက တစ်ယောက်နဲ့စကား ပြောကြည့်တော့ အူရီဒူးကို ဝယ်ဖို့ကြိုးစားတယ်ဆိုတာလည်း ဝန်ခံတယ်။ ဇော်ဝင်းရှိန်က ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် နီးစပ်တယ်လို့ သိရတယ်” ဟု ဆက်သွယ်ရေးလုပ်ငန်းနယ်ပယ်မှ သတင်းရင်းမြစ်က ဆိုသည်။

“မိုးမြင့်ထွန်းနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ရထားတယ်။ ဥပမာ သူပိုင်တဲ့ A Bank က ထိုင်းဘတ်ငွေ တရား ဝင် ကိုင်ဆောင်လွှဲပြောင်းခွင့်ရထားတယ်။ တခြားလုပ်ကိုင်ခွင့်ရထားတာတွေလည်း ကြားတယ်” ဟု ထိုသတင်းရင်းမြစ်က ဆက်ပြောသည်။

ဦးဇော်ဝင်းရှိန်နှင့် ဇနီးဖြစ်သူကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းက တွေ့ရစဉ် (Instagram)

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ နှုတ်ထွက်ခြင်းနှင့်အတူ နိုင်ငံခြား သုံးငွေ အမေရိကန်ဒေါ်လာ ရှားပါးမှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးတွင် အိမ်နီးချင်း နိုင်ငံများ၏ငွေကြေး တိုက်ရိုက်အသုံးပြုခွင့်ပေးခဲ့သည်။

ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရာတွင် ထိုင်းဘတ်ငွေ တရားဝင်အသုံးပြုခွင့်ရ တစ်ခုတည်းသော ပြည်တွင်း ဘဏ်မှာ ဦးဇော်ဝင်းရှိန်ပိုင် A Bank ဖြစ်သည်။ ထိုင်းဘတ်ငွေ တိုက်ရိုက်အသုံးပြုရေးနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ကုန်သွယ်ရေးမြန်ဆန်မှုကော်မတီက ပြီးခဲ့သည့်မတ်လအတွင်း အစည်းအဝေးကျင်းပ ခဲ့ရာတွင် A Bank လည်းပါဝင်တက်ရောက်ခဲ့သည်။

ထိုသို့ ထိုင်းဘတ်ငွေ တိုက်ရိုက်အသုံးပြုရေး လုပ်ကိုင်ခွင့်ရ ထိုင်းဘဏ်မှာ A Bank မိတ်ဖက် Kasikorn ဘဏ်ဖြစ်သည်။​ ဦးဇော်ဝင်းရှိန်ပိုင် A Bank တွင် ထိုထိုင်းဘဏ်က အမေရိကန်ဒေါ်လာသန်း ၄၀ ထည့် ဝင်ရင်းနှီးမြှုပ်နှံရန် ၂၀၂၀ ဧပြီလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံခြားသုံးငွေရှားပါးမှု ပြဿနာဖြေရှင်းရေး ကြံဆောင် ရာတွင် ထိုင်းဘတ်ငွေတိုက်ရိုက်ပေးချေမှု လုပ်ကိုင်ခွင့်ရသူများမှာ ထိုဘဏ်နှစ်ခုပင်ဖြစ်လာသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးအရ လုပ်ပိုင်ခွင့်ရသူများတွင် ဦးဇော်ဝင်းရှိန်လည်း ပါဝင် ကြောင်း ၎င်းလုပ်ကိုင်ခွင့်ရထားသည့် ပုသိမ်စက်မှုမြို့တော်စီမံကိန်းကို အာဏာသိမ်းပြီးနောက်တွင် အကြီးအကျယ် ဆက်လက်လုပ်ကိုင်နေကြောင်း ပြည်တွင်းရှိ အခြားသတင်းရင်းမြစ်ကလည်း ဆိုသည်။

စီးပွားရေးတွင် အက္ခရာကျသည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ကုန်သွယ်မှု မှန်ကန်မြန်ဆန်ရေး ကော်မတီတို့တွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံထားရသည့် စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ဦးဇော်ဝင်းရှိန်ပိုင်ဆိုင်သည့် A Bank နှင့်ဆက်ဆံရေးကောင်းမွန်ကာ တင်ဒါလုပ်ငန်း များအတွက် ငွေလိုသလောက် ချေးယူနေသည်ဟု နေပြည်တော်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စစ်တပ်၊ စစ်ကောင်စီနှင့် အစိုးရအဖွဲ့ သုံးနေရာလုံးတွင်း အရေးကြီးရာထူးများ ရရှိထားသည့် ဗိုလ်ချုပ် ကြီးမိုးမြင့်ထွန်းသည်လည်း ဇနီးနှင့် သားသမီးသုံးဦး၏အမည်များဖြင့် ကုမ္ပဏီများ ထူထောင်ထား သည်။ အာဏာသိမ်းပြီးနောက်ပိုင်း မိုးမြင့်ထွန်းပိုင်ကုမ္ပဏီများက လမ်းတံတားဆောက်လုပ်ရေး စီမံကိန်းတင်ဒါများ လုပ်ကိုင်ခွင့် ရရှိထားကြောင်း Myanmar Now က သတင်းဆောင်းပါး ဖော်ပြပြီး ဖြစ်သည်။​

(A Bank/ Facebook)

ဦးဇော်ဝင်းရှိန်သည် ၂၀၁၄ ခုနှစ်တွင် A Bank ခေါ် Ayeyarwaddy Farmers Development ဘဏ်ကို တည်ထောင်ကာ ပြည်တွင်းမှပညာရှင်အချို့ကို ဘဏ်ကိုကြီးကြပ်စေခဲ့သည်။ ထိုသူများတွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည့်သူဟု နာမည်ကြီးခဲ့သူ ဦးရဲမင်းဦးလည်း အပါအဝင်ဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် ဧရာဟင်္သာကုမ္ပဏီကို တည်ထောင်ပြီးနောက် စီးပွားရေးလောကတွင် တရှိန်ထိုးတက် ခဲ့သူ ဦးဇော်ဝင်းရှိန်သည် လုပ်ငန်းနယ်ပယ်မျိုးစုံကို လုပ်ကိုင်လျက်ရှိသည်။ ရန်ကုန်ရှိ အထင်ကရင် ပုဂ္ဂလိက ဆေးရုံတစ်ခုဖြစ်သော ဝိတိုရိယဆေးရုံသည်လည်း ၎င်းပိုင်ပင်ဖြစ်သည်။ ထိုဆေးရုံတွင် ဗိုလ်ချုပ်ကြီးဟောင်းတင်အောင်မြင့်ဦး၏ သားတစ်ဦးလည်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။

ဦးဇော်ဝင်းရှိန်ပိုင် ဧရာဟင်္သာကုမ္ပဏီသည် ရန်ကုန်စစ်သမိုင်းပြတိုက်နေရာဟောင်းတွင် ဂျပန်ကုမ္ပဏီ များနှင့် ပူးပေါင်းကာ အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော Y- Complex စီမံကိန်းကို လုပ်ကိုင် ခွင့် ရရှိထားသူလည်းဖြစ်သည်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ စစ်တပ်ပိုင်မြေပေါ်၌ အကောင်အထည်ဖော်တည်ဆောက်နေ သော ထို စီမံကိန်းအတွက် တပ်မတော်စစ်ထောက်ချုပ်ရုံးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တို့ထံမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ဖြင့် နှစ်ပေါင်း ၅၀ ငှားရမ်းထားကြောင်း Myanmar Now က သတင်း ဖော်ပြပြီးဖြစ်သည်။

(Alliance for Smile/ Facebook)

“ဇော်ဝင်းရှိန်နဲ့ သူ့လုပ်ငန်းစုဖြစ်တဲ့ ဧရာဟင်္သာက မြန်မာစစ်တပ်ရဲ့ စီးပွားရေးမိတ်ဖက်ပဲ။ သူနဲ့ သူ့ကုမ္ပဏီကို အမေရိကန်က ဒဏ်ခတ်အရေးယူသင့်တယ်” ဟု စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု များနှင့် အကျိုးစီး ပွားများကို ဖော်ထုတ်နေသော Justice For Myanmar အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

ဦးဉာဏ်ဝင်းနှင့် ဦးဇော်ဝင်းရှိန်ပိုင် ဧရာဟင်္သာကုမ္ပဏီအုပ်စုများ ဆက်စပ်မှု

ဒေါ်လာသန်းပေါင်းငါးရာကျော်ဖြင့် အူရီးဒူမြန်မာကို ဝယ်ယူရာတွင် ပါဝင်သူ ဦးဉာဏ်ဝင်းဆိုသူကို မြန်မာနိုင်ငံတွင် သိရှိသူအလွန်နည်းလှမည်ဖြစ်သည်။ အသက် ၆၃ နှစ်ရှိပြီဖြစ်သော ၎င်းသည် အစိုးရပိုင် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် အင်ဂျင်နီယာချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်ဟု သိရှိရသည်။

လစာနည်း အစိုးရဝန်ထမ်းဟောင်းတစ်ဦးအနေဖြင့် အမေရိကန်ဒေါ်လာသန်း ၆၀၀ နီးပါးရှိ ဆက် သွယ်ရေးကုမ္ပဏီကို ဝယ်ယူနိုင်ဖွယ်ရာ မရှိပေ။

ဦးဉာဏ်ဝင်းသည် ဦးဇော်ဝင်းရှိန်ပိုင် ဧရာဟင်္သာကုမ္ပဏီအုပ်စု၏ ရှယ်ယာအများစုပါသော Horizon Telecom International ကုမ္ပဏီ တွင် ဒုဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူဖူးသူဖြစ််ကာ၊ ယခု စက်တင်ဘာ ၁ ရက်နေ့တွင်မှ Horizon ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ်မှ နှုတ်ထွက်ခဲ့ခြင်းဖြစ် ကြောင်း မြန်မာကုမ္ပဏီမှတ်တမ်း (DICA) တွင် တွေ့ရှိရသည်။

Horizon Telecom ကုမ္ပဏီတွင် ဧရာဟင်္သာကုမ္ပဏီက ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးပို င်ဆိုင်ထားပြီး၊ ဦးဉာဏ်ဝင်းက ရှယ်ယာပိုင်ဆိုင်မှုအနေဖြင့် ကျပ်သန်း ၄၀၀ ကျော်တန်ဖိုးရှိသော ရှယ်ယာပမာဏ ၄ ရာခိုင်နှုန်းကျော်သာရှိသည်။

Horizon Telecom ကုမ္ပဏီမှတ်တမ်းတွင် ဦးဉာဏ်ဝင်းနှင့်အတူ ဦးဇော်ဝင်းရှိန်ပိုင်ကုမ္ပဏီများမှ အခြားသူများလည်း ဒါရိုက်တာ အဖြစ်ပါဝင်နေသည်။

Horizon ဆက်သွယ်ရေးကုမ္ပဏီတွင် ဦးဉာဏ်ဝင်းနှင့်အတူ ဒါရိုက်တာများအဖြစ် ပါဝင်နေသူများမှာ

ဒေါ်မယ်ရီညွန့်၊ ဒေါက်တာမျိုးမြင့်အုန်း၊ ဦးနီနီလွှမ်းမိုး၊ ဦးကြည်သာထွန်း၊ ဦးတင့်လွင်အောင်နှင့် ဦးဝင်းမြင့်အုန်းတို့ဖြစ်သည်။ အူရီဒူးမြန်မာအရောင်းအဝယ်ဖြစ်ပြီးနောက် ယမန်နေ့၌ပင် DICA မှတ်တမ်းရှိ Horizon ကုမ္ပဏီဒါရိုက်တာ အမည်စာရင်း အပြောင်းအလဲဖြစ်သွားကာ ဦးဉာဏ်ဝင်း အမည် မပါဝင်တော့ပေ။

ဦးနီနီလွှမ်းမိုးမှာ ဧရာဟင်္သာ ကုမ္ပဏီတွင် ဒုတိယဥက္ကဋ္ဌဖြစ်ပြီး A Bank တွင်လည်း ပါဝင်သည်ကို တွေ့ရသည်။ ဦးဉာဏ်ဝင်းမတိုင်မီ Horizon Telecom ကုမ္ပဏီကို ဦးဆောင်ခဲ့သူမှာ လက်ရှိ ဧရာဟင်္သာကုမ္ပဏီအုပ်စု၏ A Bank ဘဏ်၏ အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ ဦးရဲမြတ်စိုးဖြစ်သည်။

ထို့ကြောင့် Horizon Telecom ကုမ္ပဏီမှာ ဧရာဟင်္သာကုမ္ပဏီအုပ်စု၏ ကုမ္ပဏီခွဲဟုဆိုနိုင်သည်။

ဦးဉာဏ်ဝင်းမှာ ဦးဇော်ဝင်းရှိန်ပိုင် ဧရာဟင်္သာကုမ္ပဏီအုပ်စု၏ A Bank တွင်လည်း ရှယ်ယာပါဝင်ထား သည်။ ထိုဘဏ်၏ ၂၀၁၉ – ၂၀၂၀ နှစ်ပတ်လည် အစီရင်ခံစာအရ ဘဏ်၏ စုစုပေါင်းပိုင်ဆိုင်မှု တန်ဖိုး မှာ ကျပ် ၅၅၁ ဘီလျံရှိပြီး ဦးဉာဏ်ဝင်း၏ ရှယ်ယာမှာ သုည ဒသမ ၂၅ ရာခိုင်နှုန်းရှိသည်။

ဧရာဟင်္သာကုမ္ပဏီအုပ်စု၏ A Bank နှင့် Horizon ကုမ္ပဏီများတွင် နေရာများရရှိထားသူ အငြိမ်းစား အရာရှိဟောင်းတစ်ယောက်ဖြစ်သူ ဦးဉာဏ်ဝင်းက ဒေါ်လာသန်းပေါင်းများစွာတန်သော အူရီးဒူမြန်မာ ကို ဝယ်ယူမှုတွင်ပါဝင်သည်ဆိုသောအချက်ကို ထောက်ရှု၍ အူရီးဒူးမြန်မာပိုင်ရှင်သစ်မှာ ဧရာဟင်္သာကုမ္ပဏီအုပ်စု၏ ပိုင်ရှင် ဦးဇော်ဝင်းရှိန်ဖြစ်နိုင်သည်။

Myanmar Now က Horizon နှင့် ဧရာဟင်္သာကုမ္ပဏီအုပ်စုတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ တွင်မူ အူရီးဒူဝယ်ယူမှုကိစ္စသည် ဦးဉာဏ်ဝင်း၏ ပုဂ္ဂလိကကိစ္စသာဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အူရီဒူးဝယ်ယူတဲ့ ကိစ္စရပ်ဟာ ဦးဉာဏ်ဝင်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စီးပွားရေးကိစ္စဖြစ်ပါတယ်။ Horizon Telecom နဲ့ ပတ်သက််ဆက်နွှယ်မှု မရှိပါဘူး” ဟု Horizon ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧရာဟင်္သာကုမ္ပဏီမှ အခြားတာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင်လည်း ဦးဉာဏ်ဝင်း နှင့်ပတ်သက်၍ အလားတူငြင်းဆန်သည်။ ဦးဉာဏ်ဝင်းအမည်ကြောင့် အူရီဒူးအရောင်းအဝယ်ကိစ္စ တွင် ဦးဇော်ဝင်းရှိန် ပါဝင်ပတ်သက်နေသည်ဟု ဂယက်ထနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သို့သော် လက်ရှိအရောင်းအဝယ်ကိစ္စမှာ ၎င်းတို့လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ နောင်တစ်ချိန်၌မူ ထွက်ပေါ်နေသည့်သတင်းများ မှန်ချင်မှန်နိုင်ကြောင်းလည်း ထိုပုဂ္ဂိုလ်က တုံ့ပြန်သည်။

ထိုကဲ့သို့ ဧရာဟင်္သာကုမ္ပဏီ တာဝန်ရှိသူများက ငြင်းဆန်သော်လည်း ဦးဉာဏ်ဝင်းကို အူရီဒူးမြန်မာ ရောင်းချသည့်နေ့၌ ဦးဇော်ဝင်းရှိန်ပိုင် ဆက်သွယ်ရေးကုမ္ပဏီမှ ၎င်းအပြီးအပိုင်ထွက်ခွာသွား သည်ဆိုသည်မှာ အလွန်ထူး ခြားနေပြီး သံသယပွားဖွယ်ရာပင်။

အူရီဒူးမြန်မာ အရောင်းအဝယ်ကိစ္စ အပါအဝင် ဦးဇော်ဝင်းရှိန်နှင့် ပတ်သက်ဆက်နွှယ်မှုများနှင့် ပတ် သက်၍ ဦးဉာဏ်ဝင်းကို Myanmar Now က တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်း မရှိပေ။​

“အူရီဒူးမြန်မာကို ဦးဇော်ဝင်းရှိန်ထံ ရောင်းချလိုက်တယ်ဆိုရင် ဆက်သွယ်ရေးကဏ္ဍမှာ စစ်အုပ်စုက ပိုပြီး ထိန်းချုပ်နိုင်မယ့်သဘောပဲ။ မြန်မာပြည်သူတွေကို နှိပ်စက်နေတဲ့နေရာမှာ စစ်တပ်က ဆက် သွယ်ရေးကို လက်နက်တစ်ခုလို အသုံးချနေတာပါ” ဟု Justice For Myanmar မှ မရတနာမောင်က ဆိုသည်။​

ဦးဇော်ဝင်းရှိန်ပိုင် Horizon Telecom ကုမ္ပဏီတွင် နောက်ထပ်ပါဝင်ပတ်သက်နေသည့် အစုရှယ်ယာ ရှင်များတွင် ကနေဒါနိုင်ငံသားများဖြစ်သော ဦးမျိုးမြင့်အုန်းနှင့် ဦးဝင်းမြင့်အုန်းတို့ဖြစ်သည်။ ၎င်းတို့ ပိုင်ဆိုင်သည့် Campana Mythic ဆက်သွယ်ရေးကုမ္ပဏီမှာ Horizon တွင် လက်ရှိ ၁၀ ရာခိုင်နှုန်းကျော် ရင်းနှိးမြှုပ်နှံထားသည်။

ထိုကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပင်လယ်ရေအောက် ဖိုက်ဘာကေဘယ် တပ်ဆင်ခြင်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေသည်။ Campana Mythic ၏ မိခင်ကုမ္ပဏီ Campana Group မှာ စင်ကာပူအခြေစိုက်ဖြစ်ကာ မြန်မာအပြင် ထိုင်းနိုင်ငံတွင်လည်း ရုံးခွဲရှိသည်။

ဦးဇော်ဝင်းရှိန်၏ ဧရာဟင်္သာကုမ္ပဏီသည်လည်း Campana Group တွင် ပါဝင်ရင်းနှီးမြှုပ်နှံထား ကြောင်း စင်ကာပူအစိုးရ၏ ACRA မှတ်တမ်းတွင် တွေ့ရသည်။ Campana Group မှ ဦးမျိုးမြင့်အုန်း သည် အူရီဒူးမြန်မာကို ဝယ်ယူမည့်သူအဖြစ် ကနဦးသတင်းထွက်ပေါ်ခဲ့သူဖြစ်သည်။

အူရီဒူးမြန်မာ ဝယ်ယူသူ Link Family Office ပိုင်ရှင်

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo ၏ တရားဝင်ထုတ်ပြန်ချက်အရ အူရီဒူးမြန်မာကို ဝယ်ယူ လိုက်သည့် Link Family Office ဆိုသည်မှာ ဂျာမန်အဆက်အနွှယ် ထိုင်းနိုင်ငံမှ ဒိတ်ဒိတ်ကျဲကုမ္ပဏီလုပ် ငန်းစုကြီး B Grimm ပင်ဖြစ်သည်။ ထိုင်းစီးပွားရေးလောကတွင် သက်တမ်းအရင့်ဆုံး ကုမ္ပဏီလည်း ဖြစ်သည်။

ဩစတြီးယားကုန်သည်တစ်ဦးနှင့် ဂျာမန်တစ်ဦးဖြစ်သော Bernhard Grimm (B Grimm) ဆိုသူတို့ ၁၈၇၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မစ္စတာ Grimm သည် ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ကြောင်း နာမည်ကျော် Financial Times သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြသည်။

ထို့နောက် ကုမ္ပဏီပိုင်ဆိုင်မှုကို ဂျာမန်တစ်ဦးဖြစ်သူ Adolf Link ဆိုသူက ဆက်ခံရယူခဲ့သည်။ လက်ရှိ တွင် B Grimm လုပ်ငန်းစုဥက္ကဋ္ဌမှာ Adolf Link ၏မြေးတစ်ဦးဖြစ်သူ အသက် ၆၆ နှစ်အရွယ် Harald Link ဖြစ် သည်။ ၎င်းသည် ထိုင်းနိုင်ငံသားအဖြစ်ခံယူထားသူလည်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ အထင်ကရ လုပ်ငန်းစုကြီးဖြစ်သည့် B Grimm သည် အဓိကကုမ္ပဏီခွဲကြီး ခြောက်ခုရှိပြီး လုပ်ငန်းခွဲပေါင်း ၃၀ ကျော်အထိရှိသည်။

 ဦးဇော်ဝင်းရှိန်၏ မိတ်ဖက် ထိုင်းနာမည်ကြီးဘဏ်တစ်ခုဖြစ်သော Kasikorn ဘဏ်သည်လည်း Link မိသားစုပိုင် B Grimm လုပ်ငန်းစုနှင့် စီးပွားရေးအရ နက်နက်နဲနဲ ပတ်သက်ဆက်နွှယ်နေကြောင်း အူရီဒူးမြန်မာ အရောင်းအဝယ်ကိစ္စကို ထဲထဲဝင်ဝင် သိရှိနေသူ ပြည်တွင်းမှ သတင်းရင်းမြစ်က ဆိုသည်။

နိုင်ငံတကာ သတင်းများအရလည်း ထိုင်းနိုင်ငံ၏ အထင်ကရဘဏ်တစ်ခုဖြစ်သော Kasikorn ဘဏ်က B Grimm လုပ်ငန်းစုအပေါ် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ ချေးငွေများ ထုတ်ချေးထားသည်။

Show More

Related Articles

Back to top button