အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အူရီဒူးမြန်မာကို ဒေါ်လာ ၅၇၆ သန်းဖြင့်ရောင်းလိုက်ပြီဖြစ်

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ ကျန်ရှိနေသည့် တစ်ခုတည်းသော နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီ အူရီဒူးမြန်မာကို အမေရိကန်ဒေါ်လာ ၅၇၆ သန်းဖြင့် စင်ကာပူရှိ Nine Communications ကုမ္ပဏီကို ရောင်းချလိုက်ပြီဖြစ်သည်။

ဒေါ်လာသန်း ၆၀၀ နီးပါးတန် အရောင်းအဝယ်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ကာတာ ဆက်သွယ်ရေးကုမ္ပဏီ Ooredoo က ယနေ့ (စက်တင်ဘာ ၈) ထုတ်ပြန်ကြေညာသည်။

အူရီဒူးမြန်မာကို ဝယ်ယူလိုက်သည့် Nine Communications ကုမ္ပဏီကို Link Family Office နှင့် ဆက် သွယ်ရေးလုပ်ငန်းတွင် နှစ်ပေါင်း ၄၀ အတွေ့အကြုံရှိ ဦးဉာဏ်ဝင်းဆိုသူ ပိုင်ဆိုင်ကြောင်း Ooredoo ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးဉာဏ်ဝင်းမှာ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တွင် လုပ်ကိုင်ခဲ့သူဖြစ်ကာ ပြည်တွင်းရှိ Horizon ဆက်သွယ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သည်ဟု Myanmar Now ၏ သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသည့် Horizon Telecom International ကုမ္ပဏီမှတ်တမ်းတွင် ဦးဉာဏ်ဝင်းအမည်ပါဝင်သည်ကို တွေ့ရသည်။

စင်ကာပူအစိုးရ၏ စာရင်းအင်းနှင့် ကော်ပိုရိတ်ကြီးကြပ်ရေး အာဏာပိုင် (ACRA) မှတ်တမ်းအရ အူရီဒူး မြန်မာကို ဝယ်ယူလိုက်သည်ဆိုသော Nine Communications ကုမ္ပဏီမှာ စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်က မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကာ တစ်လကျော်သာရှိသေးသည်။

ကုမ္ပဏီဒါရိုက်တာအဖြစ် Randhir Ram Chandra ဆိုသူကို ဖော်ပြထားပြီး စင်ကာပူနိုင်ငံသားဖြစ်သည် ဟု ဆိုသည်။ Nine Communications ၏ ရှယ်ယာရှင်ကုမ္ပဏီနှစ်ခုမှာ စင်ကာပူတွင် မှတ်ပုံတင်ထား သည့် Sunny Aqua Mountain နှင့် အခွန်ရှောင်သူများအကြိုက် ကာရေဘီယံပင်လယ်ထဲရှိ ဗြိတိန်ပိုင် Cayman ကျွန်းစုနိုင်ငံလေးတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်သည်။

သုံးစွဲသူ ၁၅ သန်းရှိ အူရီဒူးမြန်မာကုမ္ပဏီကို ရောင်းချရေးနှင့် ပတ်သက်၍ ကာတာနိုင်ငံ၊ ဒိုဟာမြို့ အခြေစိုက် Ooredoo ကုမ္ပဏီက စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို အကြောင်းကြားထားပြီးဖြစ်ကြောင်း ရိုက်တာသတင်းဌာနကပင် ဇူလိုင်လအတွင်း ရေးသားခဲ့သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများနည်းတူ နော်ဝေမှ ဆက်သွယ်ရေး ကုမ္ပဏီ Telenor သည်လည်း မြန်မာနိုင်ငံရှိ ၎င်း၏ကုမ္ပဏီကို ရောင်းထုတ်ခဲ့သည်။

တယ်လီနောမြန်မာကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group မှဝယ်ယူရာတွင် စစ်တပ် အဆက် အနွှယ် ရွှေဗျိုင်းဖြူကုမ္ပဏီ ပါဝင်ခဲ့သည်။ လက်ရှိတွင် စစ်တပ်နှင့် အကျိုးတူစီးပွားရေး လုပ်ကိုင်ဖူးသည့် ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်း ဇော်သည် တယ်လီနောမြန်မာမှ အတမ်အမည်ပြောင်း ဆက်သွယ်ရေး ကုမ္ပဏီကို ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button