သတင်း

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စ စစ်ကောင်စီမီးစိမ်းပြ

တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စကို စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ 

သုံးစွဲသူ ၁၈ သန်းကျော်ရှိ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ထံ အပြီးသတ်ရောင်းချနိုင်ရေး စစ်ကောင်စီ၏ တရားဝင်ခွင့်ပြုချက်ကို စောင့်ဆိုင်းနေစဉ် နော်ဝေအခြေစိုက် တယ်လီနောအုပ်စုမှာ အမှုဖွင့်တိုင်ကြားခံရခြင်း အပါအဝင် အဘက်ဘက်မှ ဖိအားများကို ရင်ဆိုင်နေရသည်။

“ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ခွင့်ပြုမိန့်က အဆင့်တစ်ခုပါပဲ။ M1 Group ထံ အပြီးသတ်လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး စောင့်ရအုံးမဲ့ လုပ်ထုံးလုပ်နည်းခွင့်ပြုချက်တွေ ရှိနေပါသေးတယ်” ဟု နော်ဝေရှိ တယ်လီနောရုံးချုပ်မှ ပြောရေးဆိုခွင့်ရှိသူ Cathrine Stang Lund က ယနေ့ (ဖေဖော်ဝါရီ ၂၄) ညနေပိုင်းတွင် ပြောသည်။​

နာမည်ပျက်ရှိသော လက်ဘနွန်သူဌေးပိုင် M1 Group ထံ ရောင်းချပြီးနောက် ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီ ပါဝင်ရင်းနှီးမြှုပ်နှံမည့်အပေါ် ၎င်းက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သို့သော် Myanmar Now က ရရှိထားသည့် အချက်အလက်များအရ တယ်လီနောအုပ်စုသည် ကျန်ရှိနေသည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံ ခွင့်ပြုချက်ဆက်တင်သွားရန် ရှိသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ထိုရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဦးဆောင်ဦးရွက်ပြုနေသူမှာ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဖြစ်သည်။ 

တယ်လီနောအုပ်စုက ဝန်ထမ်းများ၏ လုံခြုံရေးအကြောင်းပြကာ လက်လွတ်စပယ်ရောင်းထုတ်သွားသော်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ လုံခြုံရေးကသာ ပိုအရေးကြီးကြောင်း အမည်မဖော်လိုသူ တယ်လီနောမြန်မာဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။​

“ဝန်ထမ်းတွေရဲ့ လုံခြုံရေးဘာညာကို စဉ်းစားတယ်ဆိုရင်လည်း နောက်ဆုံး အားလုံးပိတ်ပြီးတော့ ထွက်သွားရင်လည်း သွားဗျာ။ စဉ်းစားရင် စဉ်းစားလို့ရနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ ဒါတွေကို ဂရုမစိုက်ဘဲနဲ့ မြန်မြန် ပြီးပြီးရောလုပ်သွားတဲ့ ပုံစံမျိုးလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။​

ကုမ္ပဏီ အပြီးအပိုင်ရောင်းချမှုနှင့် ပတ်သက်၍ တယ်လီနောမြန်မာဝန်ထမ်းများ၏ ကန့်ကွက်စာများ လက်ခံရရှိကြောင်း နော်ဝေရှိ တယ်လီနောရုံးချုပ် တာဝန်ရှိသူတစ်ဦးက ဆက်သွယ်ရေးလုပ်ငန်းများအကြောင်း ရေးသားဖော်ပြနေသည့် Inside Telecom မီဒီယာကို ပြောကြားထားသည်။​

တယ်လီနောမြန်မာကို M1 Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း တယ်လီနောအုပ်စုက ပြီးခဲ့သည့်နှစ် ဇူလိုင်လကတည်းက ကြေညာထားပြီးဖြစ်သော်လည်း စစ်ကောင်စီခွင့်ပြုချက်ကြောင့် ၁၀ လနီးပါးအကြာမှ အကောင်အထည်ပေါ်လာခြင်းဖြစ်သည်။

မြန်မာသုံးစွဲသူများ သဘောကျသည့် မိုဘိုင်းအော်ပရေတာကို M1 Group ထံ ရောင်းချရာ၌ ပြည်တွင်းမှ ရွှေဗျိုင်းဖြူကုမ္ပဏီကို အာဏာသိမ်းစစ်ကောင်စီက ပူးပေါင်းဝယ်ယူစေခဲ့သည်။​

တယ်လီနောမြန်မာကို M1 Group ထံ ရောင်းချပြီးနောက် ရှယ်ယာအများစုဖြင့် အဓိကပိုင်ရှင်ဖြစ်လာမည်၊ စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည်ဆိုသော အချက်များနှင့် ပတ်သက်၍ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် လုပ်ငန်းများ မပြီးပြတ်သေး၍ ထုတ်ဖော်ပြောဆိုလိုခြင်း မရှိသေးကြောင်း ဆိုသည်။ 

တယ်လီနောမြန်မာအရောင်းအဝယ်ကိစ္စ ပြီးပြတ်ပြီးနောက် စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီက ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရှိကာ အဓိကပိုင်ရှင်ဖြစ်လာမည်ဖြစ်ကြောင်း Myanmar Now က သတင်းဆောင်းပါးများ ရေးသားဖော်ပြပြီးဖြစ်သည်။​

တယ်လီနောမြန်မာကို အပြီးသတ်ဝယ်ယူရေးနှင့် ပတ်သက်၍ M1 Group က စင်ကာပူနိုင်ငံတွင် ကုမ္ပဏီတစ်ခုမှတ်ပုံတင်ခဲ့သည့်နည်းတူ ရွှေဗျိုင်းဖြူကလည်း ရွှေဗျိုင်းဖြူတယ်လီကွန်းအမည်ရ ကုမ္ပဏီကို ပြီးခဲ့သည့် နိုဝင်ဘာလတွင် မှတ်ပုံတင်ခဲ့ကြောင်း စင်ကာပူနှင့် မြန်မာရှိ ကုမ္ပဏီလုပ်ငန်းများဆိုင်ရာ အာဏာပိုင်များ၏ မှတ်တမ်းများအရ သိရသည်။​

ထိုသို့ကုမ္ပဏီများ ထူထောင်ထားသည့်ပြင် သက်ဆိုင်ရာကုမ္ပဏီများအကြား နှစ်ဦးနှစ်ဖက် ရှယ်ယာပိုင်ဆိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန်ညှိနှိုင်းနေကြောင်း Myanmar Now က ဖတ်ရှုခွင့်ရသော ဆက်သွယ်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၏ ရုံးတွင်းစာတစ်စောင်တွင် တွေ့ရသည်။ 

တယ်လီနောမြန်မာပိုင်ရှင်သစ် ဖြစ်လာဖွယ်ရှိ ရွှေဗျိုင်းဖြူကုမ္ပဏီကို စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖူးသည့် ဦးသိန်းဝင်းဇော်ပိုင်ဆိုင်သည်။ အသက် ၅၉ နှစ်အရွယ် လုပ်ငန်းရှင်မှာ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းအပြင် အမိုနီယံနိုက်ထရိတ်တင်သွင်းခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် အခြားလုပ်ငန်းများလည်းရှိသည်။ ​ 

ရွှေဗျိုင်းဖြူကုမ္ပဏီသည် တရုတ်နိုင်ငံသို့ တရားမဝင်ကျောက်စိမ်းတင်ပို့ရောင်းချခြင်းလုပ်ငန်းများနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွှယ်နေပြီး ငွေကြေးခဝါချမှုမကင်းသော ကျောက်တင်ပို့မှု၊ ကျောက်ဖိုးငွေပေးချေမှုများပြုလုပ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိရကြောင်းလည်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။  

တယ်လီနောအုပ်စုသည် မြန်မာကုမ္ပဏီကို ရောင်းချရာတွင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း မြောက်မမြောက် စုံစမ်းစစ်ဆေးပေးရန် နော်ဝေအရပ်ဘက်အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၁ တွင် နော်ဝေရဲတပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားခဲ့သည်။ 

သုံးစွဲသူများ၏ ဖုံးခေါ်ဆိုမှုမှတ်တမ်းများကဲ့သို့သော အချက်အလက်လုံခြုံရေး ကျိုးပေါက်နိုင်မှုနှင့် ပတ်သက်၍ တယ်လီနောကုမ္ပဏီ၏အကြီးအကဲများကို စုံစမ်းစစ်ဆေးပေးရန်လည်း အရပ်ဘက်အဖွဲ့အစည်း ၅၀ ပါဝင်သည့် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နော်ဝေဖိုရမ် (ForUM) က နော်ဝေရဲတပ်ဖွဲ့နှင့် ရှေ့နေချုပ်ထံ အမှုဖွင့်တိုင်ကြားရာ၌ တောင်းဆိုသည်။ 

Show More

Related Articles

Back to top button