တယ်လီနောမြန်မာ ဆက်သွယ်ရေးကုမ္ပဏီကို ဝယ်ယူခဲ့သည့် ရွှေဗျိုင်းဖြူ (SBP) လုပ်ငန်းစုသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ ကုမ္ပဏီခွဲတစ်ခုကို ဖျက်သိမ်းလိုက်ကြောင်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကြေညာခဲ့သည်။
“အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်” ရွှေဗျိုင်းဖြူ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကုမ္ပဏီကို စာရင်းရှင်းဖျက်သိမ်းရန် ယခုလ ၁၀ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီသတင်းစာပါ ကြေညာချက်က ဆိုသည်။
တရားဝင် ရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ရှေ့နေတစ်ဦးကို ခန့်ထားကြောင်း၊ ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို တစ်လအကြာ စက်တင်ဘာ ၉ အထိ ပြုလုပ်နိုင်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။
အဆိုပါ ကုမ္ပဏီခွဲမှာ ရွှေဗျိုင်းဖြူလုပ်ငန်းစုက ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများအနက်မှ တစ်ခုသာဖြစ်သည်။ ရွှေဗျိုင်းဖြူလုပ်ငန်းစုပိုင်ရှင် ဦးသိန်းဝင်းဇော်သည် တယ်လီနောမြန်မာကို လက်လွှဲ ဝယ်ယူလိုက်သည့် Investcom ကုမ္ပဏီကို လက်ဘနွန်နိုင်ငံမှ M1 Group နှင့် ပူးတွဲပိုင်ဆိုင်ထားသည်။
တယ်လီနောမြန်မာကို ယမန်နှစ် အစောပိုင်းတွင် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ATOM ဟု အမှတ်တံဆိပ်အမည် ပြောင်းထားသည့် ထိုကုမ္ပဏီကို ရွှေဗျိုင်းဖြူလုပ်ငန်းစုက ရှယ်ယာအများဆုံးပိုင်ဆိုင်သည်။
ဦးသိန်းဝင်းဇော်နှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအကြား ဆက်နွှယ်မှု ကျယ်ပြန့်နက်ရှိုင်းစွာ ရှိနေရာ အာဏာသိမ်းစစ်တပ်လက်ထဲသို့ တယ်လီနောမြန်မာ သုံးစွဲသူ ၁၈ သန်းကျော်၏ ကိုယ်ရေးအချက်အလက်များ အလွယ်တကူ ရောက်သွားနိုင်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြခဲ့ကြသည်။
တယ်လီနောမြန်မာကို မဝယ်ယူမီက ရွှေဗျိုင်းဖြူကို စက်သုံးဆီဆိုင်လုပ်ငန်းအဖြစ် လူသိများခဲ့သည်။ သို့ရာတွင် ဦးသိန်းဝင်းဇော်နှင့် ၎င်း၏မိသားစုသည် ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကျောက်စိမ်းတူးဖော်ခြင်းနှင့် သတ္တုတူးဖော်ရေးတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် (Ammonium nitrate) တင်သွင်းခြင်းလုပ်ငန်း အပါအဝင် အခြားသော လုပ်ငန်းများစွာလည်း ရှိသည်။
ရွှေဗျိုင်းဖြူ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ဖျက်သိမ်းရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) သို့ ယခုလ ၁၂ ရက်တွင် လျှောက်ထားခဲ့သည်ကို တွေ့ရသည်။ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များကို အပြောင်းအလဲပြုလုပ်ပြီး လျှောက်ထားခဲ့ခြင်းဖြစ်ကာ ဖျက်သိမ်းမည့် ကုမ္ပဏီ၌ ဦးသိန်းဝင်းဇော်၊ ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်းနှင့် သားဖြစ်သူ ဦးဝင်းပိုင်ကျော်တို့ မပါဝင်တော့ပေ။
၂၀၁၁ ခုနှစ်က မှတ်ပုံတင်ခဲ့သော ရွှေဗျိုင်းဖြူ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ဖျက်သိမ်းသည့် အကြောင်းရင်းကိုမူ မသိရပေ။
ကုမ္ပဏီခွဲတစ်ခုကို ဖျက်သိမ်းလိုက်ခြင်းသာဖြစ်ပြီး အခြားစီးပွားရေးလုပ်ငန်းများနှင့် လုံးဝ မသက်ဆိုင်ကြောင်း၊ ကုမ္ပဏီပိုင် စက်သုံးဆီဆိုင်များ ဆက်လက်လည်ပတ်နေကြောင်း ရွှေဗျိုင်းဖြူလုပ်ငန်းစုက ယနေ့ (ဩဂုတ် ၁၆) ထုတ်ပြန်သည်။
ကုမ္ပဏီဖျက်သိမ်းသည့်အကြောင်း ထင်ကြေးဖြင့် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အာဏာသိမ်း စစ်ဗိုလ်ချုပ်များအတွက် အကျိုးအမြတ် ရှာဖွေပေးနေသော မြန်မာလုပ်ငန်းရှင်များအပေါ် နိုင်ငံတကာအနေဖြင့် ပိတ်ဆို့အရေးယူမှု တိုးမြှင့်ရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက တောင်းဆိုနေချိန်တွင် ရွှေဗျိုင်းဖြူလုပ်ငန်းစုပိုင် ကုမ္ပဏီခွဲဖျက်သိမ်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လက်ရှိအချိန်ထိ ဦးသိန်းဝင်းဇော်နှင့် ရွှေဗျိုင်းဖြူလုပ်ငန်းစုသည် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု မခံရသေးပေ။
ဦးသိန်းဝင်းဇော်နှင့် ဇနီးဒေါ်တင်မင်းလတ်သည် ပိတ်ဆို့မှုခံထားရသည့် ဦးတေဇကဲ့သို့ ခရိုနီစီးပွားရေးသမားများ၏ လုပ်ငန်းအချို့တွင် ပါဝင်ပတ်သက်မှုရှိသည်ဟု စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စီးပွားရေးလုပ်ငန်းများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ရေးသား ဖော်ပြဖူးသည်။
မြန်မာစစ်တပ်၏ စီးပွားရေးတစ်ခုဖြစ်သော Mytel တွင် ရင်းနှီးမြှုပ်နှံထားသည့် မဟာရိုးမ အများပိုင်ကုမ္ပဏီ၌ ရွှေဗျိုင်းဖြူက ရှယ်ယာအချို့ ပိုင်ဆိုင်ခဲ့ကြောင်း Justice For Myanmar က ဆိုသည်။
ဗီယက်နမ်စစ်တပ် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် Mytel ဆက်သွယ်ရေးကုမ္ပဏီကို မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပူးတွဲပိုင်ဆိုင်သည်။ MEC ကို ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန်တို့က ဒဏ်ခတ်ပိတ်ဆို့ထားသည်။
ရွှေဗျိုင်းဖြူလုပ်ငန်းစုပိုင် လုပ်ငန်းများအနက် ရေနံနှင့် သဘာဝဓာတ်ငွေ့အမည်ခံ ကုမ္ပဏီခွဲကို ဖျက်သိမ်းလိုက်သည်ဆိုသော်လည်း လုပ်ငန်းသဘာဝတူညီသည့် မနောသီတာကုမ္ပဏီနှင့် ရွှေဗျိုင်းဖြူကုမ္ပဏီတို့ တည်ရှိနေဆဲဖြစ်သည်။
ဦးသိန်းဝင်းဇော်သည် သူ၏ ပထမဆုံးကုမ္ပဏီဖြစ်သည့် မနောသီတာကုမ္ပဏီကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံရှိ အဓိကကျသော စီးပွားရေးကဏ္ဍများကို လွှမ်းမိုးခြယ်လှယ်နေသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် ပူးပေါင်းကာ ဆီသွင်းသည့်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)