အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်နည်းပညာဖြင့် အင်တာနက်စောင့်ကြည့်မှုကို ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခု အသုံးပြုနေ

အများပြည်သူ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချိုးဖောက်ကာ စောင့်ကြည့်ထောက်လှမ်းနေသော စစ်ကော်မရှင်၏ လုပ်ရပ်ကို တရုတ်ကုမ္ပဏီ Geedge Networks က စက်ပစ္စည်းများ ပံ့ပိုးနေသလို ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုက ပါဝင်ကူညီပေးနေသည်။

စစ်ကော်မရှင်က ပြည်တွင်းအင်တာနက်အသုံးပြုသူများကို စောင့်ကြည့်ထောက်လှမ်းရန် တရုတ်ကုမ္ပဏီ Geedge Networks ၏ အင်တာနက်စောင့်ကြည့်ထောက်လှမ်းစက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုတွင် တပ်ဆင်အသုံးပြုနေကြောင်း တက်ကြွလှုပ်ရှားသည့်အဖွဲ့ Justice For Myanmar (JFM) က ယနေ့ (စက်တင်ဘာလ ၉ ရက်နေ့) တွင် သတင်းထုတ်ပြန်သည်။

တရုတ်အင်တာနက်လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သည့် Geedge Networks မှာ တရုတ်အစိုးရက ၎င်း၏ နိုင်ငံသားများ အင်တာနက်သုံးစွဲနေမှုကို စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် အင်တာနက်ကွန်ရက်များကို ဆင်ဆာဖြတ်ခြင်း စသည့်တားမြစ်ကန့်သတ်လုပ်ငန်းများကို အကူအညီပေးသည့် ကုမ္ပဏီဖြစ်သည်။

တရုတ်၏ အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်ပုံစံကို  မြန်မာနိုင်ငံတွင် တပ်ဆင်အသုံးပြုရာတွင် စစ်ကော်မရှင်နှင့် ထိုကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်ပြီး ပြည်တွင်းရှိ ATOM (ယခင် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom ဆက်စပ်ပါဝင်နေကြောင်း JFM က ဆိုသည်။

ထိုကုမ္ပဏီ၏ စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအသုံးပြုမှုကြောင့် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူ ၃၃ ဒသမ ၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိစေနိုင်သည့်အပြင် အရပ်သားပြည်သူများအား ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ကျူးလွန်ရန် အာဏာသိမ်းစစ်တပ်အတွက် မရှိစဖူးသောလုပ်ကိုင်နိုင်စွမ်းများကို ပေးအပ်နေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့ သတင်း ရင်းမြစ်တွေကို လက်လှမ်းမီကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာပါ။ Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

စစ်ကော်မရှင်၏ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ လက်နက်သဖွယ် ဖိနှိပ်မှုများတွင် ပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီများအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူများ၊ အင်တာနက်ကြားခံပေးသူမျာနှင့် ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူများက တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း ၎င်းက ဆက်ပြောသည်။ 

Geedge ၏ စနစ်များသည် အင်တာနက်ကွန်ရက်သုံးစွဲမှုများကို လူတစ်ဦးချင်းအဆင့် ခြေရာခံနိုင်စေပြီး၊ သက်ဆိုင်ရာတာဝါတိုင်များ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်း သုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည် ဖြစ်သည်။

Geedge တရုတ်ကုမ္ပဏီ၏ အင်တာနက်ထောက်လှမ်းရေး စက်ပစ္စည်းများသည် ရန်ကုန်ရှိ Frontiir ၏ ဒေတာစင်တာတစ်ခုအတွင်း ရှိနေနိုင်ကြောင်း Myanmar Now သတင်းဌာနနှင့် ဗြိတိန်အခြေစိုက် Finance Uncovered သတင်းဌာနတို့က ယခုနှစ် မေလတွင် ဆောင်းပါးရေးသားခဲ့သည်။

ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖိနှိပ်ရန် စစ်အုပ်စုအတွက် တရုတ်ကုမ္ပဏီ Geedge Networks ၏ နည်းပညာနှင့် စက်ပစ္စည်းများ အသုံးပြု၍ ကူညီနေသော ဆက်သွယ်ရေးကုမ္ပဏီများ (ပုံ-JFM)

Frontiir ကုမ္ပဏီသည် Myanmar Net အမှတ်တံဆိပ်ဖြင့် သန်းပေါင်းများစွာသော မြန်မာပြည်သူများအား အင်တာနက်ဝန်ဆောင်မှု ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။ ဗြိတိန်၊ နော်ဝေနှင့် ဒိန်းမတ်အစိုးရများက ၎င်းတို့၏ နိုင်ငံတကာဖွံ့ဖြိုးရေး ရန်ပုံငွေမှ ဒေါ်လာ သန်း ၄၀ ကို Frontiir ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံ ထားပြီး၊ ကုမ္ပဏီ၏ ရှယ်ယာများကိုလည်း ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရသည်။ 

၂၀၂၄ ဇွန်လတွင် JFM သို့ ပေါက်ကြားလာသော အချက်လက်များတွင် စစ်ကောင်စီတွင် Geedge ၏ စက်ပစ္စည်း ရှိနေသည်၊ အွန်လိုင်းတွင် ပေးပို့နေကြသည့်အကြောင်းအရာများကို ကြားဖြတ်ဖမ်းယူ စောင့်ကြည့်ခြင်း၊ လျှို့ဝှက်သင်္ကေတသုံးပြီးဆက်သွယ်ထားမှုများကို ဖော်ထုတ်လေ့လာခြင်း၊   ၎င်းတို့ မနှစ်သက်သည့် ဝက်ဘ်ဆိုက်များအား ပိတ်ပင်ခြင်း၊  VPN မသုံးနိုင်ရန် တားဆီးခြင်းစသည့် လုပ်ငန်းများတွင် ထိုပစ္စည်းကို အသုံးပြုနေသည်ဟု သိရသည်။ 

ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် Geedge Networks ၏ နည်းပညာ၊ စက်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ပေးအပ်နေမှုကို ချက်ချင်းရပ်တန့်ရန် JFM က တောင်းဆိုထားသည်။

၂၀၂၅ နှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေသည့် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများသည် စစ်တပ်အာဏာသိမ်းမှု ငါး နှစ်နီးပါးကာလအတွင်း အင်တာနက်ဖိနှိပ်မှုများဆက်တိုက်ပြုလုပ်လာခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နှင့် ပိုမိုနီးကပ်လာပြီး တရုတ်၏ နည်းပညာများအသုံးပြု၍ ၎င်း၏ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးယန္တရားကို အားကောင်းလာရန် တည်ဆောက်လာကြောင်း မြန်မာအင်တာနက်ပရောဂျက်၏ ဒစ်ဂျစ်တယ်အခွင့်အရေးလေ့လာသူ ကိုသစ်ဉာဏ် က ပြောသည်။ 

“မင်းအောင်လှိုင်စစ်အုပ်စုဟာ အစစအရာရာအတွက် တရုတ်အစိုးရအပေါ် အစ်ကိုကြီးသဖွယ် အားကိုးအားထားပြုရသလို နည်းပညာပိုင်း၊ စီးပွားရေးပိုင်းဆိုင်ရာတွေမှာ အကူအညီရနေလို့ တရုတ်ထောက်ပံ့တဲ့ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးစနစ် အားကောင်းလာတာဟာ အသေအချာပါ” ဟု သူက ပြောသည်။ 

ယခုနှစ် မတ်လဝန်းကျင်မှစတင်၍ စစ်ကော်မရှင်သည် ၎င်းတို့အားဆန့်ကျင်သူတစ်ဦးချင်းစီတိုင်းကို စောင့်ကြည့် ခြေရာခံနိုင်သောနည်းပညာများ သိသိသာသာအသုံးပြုလာပြီး ဒစ်ဂျစ်တယ်ဖိနှိပ်မှုလည်း ပိုမိုပီပြင်၍ ပြင်းထန်လာကြောင်း မြန်မာအင်တာနက်ပရောဂျက်က ထုတ်ပြန်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button