အောက်ခြေစစ်သားပင်မချန် ချွေးနှဲစာထဲမှ ရှယ်ယာထည့်ဝင်ရသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) က ၂၀၂၂ ခုနှစ်အတွက် ထုတ်ပေးရမည့် အမြတ်ငွေကို သတ်မှတ်ကာလ ၃ လ ကျော်သည်အထိ ထုတ်မပေးသေးဟု စုံစမ်းသိရှိရသည်။
ဘဏ္ဍာရေးနှစ် တစ်နှစ်ကုန်ပြီးတိုင်း ပြန်ခွဲပေးရသည့် ဦးပိုင်အမြတ်ငွေကို အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်တပ်က အချိန်မှန် ထုတ်မပေးနိုင်ခြင်းသည် ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ၂၀၂၁ အတွက် ထုတ်ပေးရမည့် ဦးပိုင်အမြတ်ငွေကိုလည်း ပုံမှန်ပေးနေကျ ကာလထက် ၈ လခန့် နောက်ကျပြီးမှသာ ထုတ်ပေးနိုင်ခဲ့ကြောင်း Myanmar Now က သတင်းဖော်ပြပြီး ဖြစ်သည်။
၂၀၂၂ ခုနှစ်အတွက် ဦးပိုင်အမြတ်ငွေများကို ယခုနှစ် မတ်လကုန်ကတည်းက ထုတ်ပေးရမည်ဖြစ်သော်လည်း ဇူလိုင်လအထိ မရသေးကြောင်း ဦးပိုင်တွင် ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်အရာရှိဟောင်းတစ်ဦးနှင့် အာဏာသိမ်းပြီးနောက် တပ်ကို စွန့်ခွာလာသူ (CDM) အရာရှိအချို့က အတည်ပြုသည်။
“တအားနောက်ကျတာပေါ့။ ပေးဖို့ အခက်အခဲဖြစ်နေတာကို ထင်ထင်ရှားရှား တွေ့နေရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဦးပိုင်အရာရှိဟောင်းက ပြောသည်။
လွန်ခဲ့သည့် နှစ် ၂၀ ကျော်မှစ၍ ဦးပိုင်တွင် စစ်သားတိုင်း ရာထူးအဆင့်အလိုက် သတ်မှတ်ငွေကြေးကို ရှယ်ယာအဖြစ် ထည့်ဝင်ရခြင်းဖြစ်သည်။
၁၉၉၀ တွင် ထူထောင်ပြီး မြဝတီဘဏ်အပါအဝင် ကဏ္ဍစုံ လုပ်ငန်းကြီး ၅၀ ဝန်းကျင်ရှိသည့် ဦးပိုင်၏ လုပ်ငန်းများအတွက် အောက်ခြေစစ်သားမှ အရာရှိအဆင့်အထိ သတ်မှတ်နှုန်းထားအတိုင်း နှစ်စဉ် ကျပ် ၁၅ သိန်းမှ သိန်း ၁၀၀ ထည့်ဝင်ရကာ ထိုငွေများကို လစာမှ ပုံမှန် ဖြတ်တောက်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြည်သူ မဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသော၊ ရရာလက်နက်ဖြင့် ခုခံသူများ ရှိနိုင်သည့် နေရာများကို စရိတ်ကြီးမားသော လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသည့် စစ်တပ်ကို နိုင်ငံတကာက စီးပွားရေး၊ ငွေရေးကြေးရေး ပိတ်ဆို့မှုများ လုပ်ထားရာ စစ်ကောင်စီမှာ အကျပ်အတည်းမျိုးစုံတွေ့နေသည်။
စစ်သက် ၁၇ နှစ်ရှိသည့် CDM ဗိုလ်ကြီး ဇင်ယော်က “ပိုက်ဆံမရှိတာလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့။ တပ်ထဲမှာတော့ ကျန်တဲ့လောကထက် အရာရှိဇနီးပေါ့၊ ဗိုလ်ကတော်တွေ ကြားထဲမှာတော့ ပိုပြီး ပွက်လောရိုက်နေတယ်။ (ဦးပိုင်အမြတ်ငွေ) မရသေးလို့တဲ့၊ ပွက်လောရိုက်နေတယ်” ဟု သူက တပ်တွင်းမှ ကြားသိရသည့် အခြေအနေများကို ပြန်ပြောသည်။
စစ်တက္ကသိုလ် အပတ်စဉ် ၅၂ ဆင်း CDM ဗိုလ်ကြီး ထက်မြတ်ကလည်း ဦးပိုင်အမြတ်ငွေ မရ၍ တပ်အတွင်း မကျေလည်မှုများ တိုးပွားနေသည်မှာ မှန်ကန်သည်ဟု ပြောသည်။
“ထည့်ချင်လား၊ မထည့်ချင်ဘူးလား မမေးဘူးပေါ့နော်။ သင်တန်းသွားတဲ့ကောင်တွေကအစ လစဉ် ဖြတ်တောက်ခံနေရတာ” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့ ခုခံမှုများကြောင့် စစ်ပန်းနေသော၊ အရာရှိများကဲ့သို့ လာဘ်ငွေ ဖန်တီးနိုင်ခြင်း မရှိသည့်အပြင် ခိုင်းသမျှ လုပ်နေကြရသော အောက်ခြေစစ်သည်နှင့် မိသားစုဝင်များမှာ ကျပ် ၁၀ သိန်းအောက်ပမာဏ တစ်လုံးတည်း ပြန်ရလေ့ရှိသည့် ဦးပိုင်အမြတ်ငွေကို နှစ်စဉ် မျှော်လေ့ရှိကြောင်း အထက်ပါ သတင်းရင်းမြစ်တို့ထံမှ သိရသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် အငြိမ်းစား အရာခံဗိုလ်တစ်ဦးက “ဒီနှစ်တော့ မသိသေးဘူး။ သတင်းက မျိုးစုံတော့ ကြားနေရတာပဲ။ သေချာတော့ မသိသေးဘူး” ဟု ပြောသည်။
ယမန်နှစ်က ဦးပိုင်အမြတ်ငွေ ခွဲမပေးနိုင်ဘဲ ၈ လဝန်းကျင် နောက်ကျခဲ့ချိန်ကမူ ဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြောဖူးသည်။ ယခုနှစ် အလားတူပြဿနာ ကြုံရချိန်တွင်မူ ၎င်းက နှုတ်ဆိတ်နေဆဲဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဦးပိုင်ထုတ် အရက်၊ ဘီယာ၊ စီးကရက် စသည့် ကုန်ပစ္စည်းများကို ပြည်သူများက မသုံးစွဲဘဲ သပိတ်မှောက်ကြသဖြင့် တပ်ပိုင်စီးပွားရေးလုပ်ငန်းများ အထိနာနေသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် လုပ်ရပ်ကို ပြည်သူတို့က တုံ့ပြန်ကြရာတွင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်သည့် နည်းလည်း ပါဝင်ရာ မြန်မာဘီယာနှင့် ဆက်သွယ်ရေးကုမ္ပဏီ Mytel တို့၏ အမြတ်ငွေ ထိုးကျခဲ့သည့် ဖြစ်စဉ်များမှာ ထင်ရှားသည်။
မြန်မာဘရူဝါရီကုမ္ပဏီထူထောင်၍ မြန်မာဘီယာကို ဦးပိုင်နှင့် ဖက်စပ်ထုတ်ခဲ့သည့် ဂျပန်ကီရင်ကုမ္ပဏီ၏ ၂၀၂၁ မေလက ထုတ်ပြန်သည့် အစီရင်ခံစာအရ သုံးလအတွင်း ရောင်းအား ၄၆ ရာခိုင်နှုန်း ထိုးကျသွားကြောင်း သိရသည်။
ကီရင်သည် စစ်တပ်နှင့် စီးပွားရေးပူးပေါင်းမှုကို လက်တွဲဖြုတ်၍ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။
ထို့အတူ ဗီယက်နမ်နှင့် စစ်တပ်ချင်း ပူးပေါင်းကာ မြန်မာတွင် ထူထောင်ထားသည့် Mytel မှာလည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး သုံးလအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် ထိခိုက်ခဲ့သည်ဟု Justice for Myanmar အဖွဲ့က ထုတ်ပြန်ထားဖူးသည်။
ဆန္ဒပြသူတို့ကို အကြမ်းဖက် သတ်ဖြတ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ အရှိန်မြင့်နေရာတွင် စစ်တပ်ပိုင် Mytel တာဝါတိုင်နှင့် ဆက်သွယ်ရေးစက်များ ဖျက်ဆီးခံနေရသည့် ဖြစ်စဉ် အများအပြားရှိလာသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)