သတင်း

ဦးပိုင်နှင့် ကီရင်တို့၏ မြန်မာဘီယာကိစ္စ အပြန်အလှန် တရားစွဲမှုများ ရုပ်သိမ်း

မြန်မာဘီယာလုပ်ငန်းတွင် ဖက်စပ်လုပ်ကိုင်နေသည့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် လက်တွဲဖြုတ်ရန် စင်ကာပူအနုညာတခုံရုံးတွင် တရားစွဲထားသည့်အမှုကို ဂျပန်ဘီယာကုမ္ပဏီ ကီရင် (Kirin) က ယမန်နေ့ (စက်တင်ဘာ ၂၁) တွင် ရုတ်သိမ်းလိုက်သည်။

အလားတူပင် ဦးပိုင်ကုမ္ပဏီကလည်း မြန်မာဘီယာကုမ္ပဏီ(Myanmar Brewery) ဖျက်သိမ်းရန် ပြည်တွင်းတရားရုံး၌ လျှောက်ထားမှုကို ထိုနေ့ကပင် ပြန်လည်ရုပ်သိမ်းသွားခဲ့ကြောင်း ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ကီရင်က မြန်မာဘီယာကုမ္ပဏီမှ ၎င်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ယန်း ၂၂ ဒသမ ၄ ဘီလျံ (ဒေါ်လာ ၁၅၅ ဒသမ ၈ သန်း) ဖြင့် မိတ်ဖက်ကုမ္ပဏီကို ရောင်းမည်ဟု ဆုံးဖြတ်ပြီး ၃လဝန်းကျင် အကြာတွင် အမှုရုပ်သိမ်းလိုက်ကြခြင်းဖြစ်သည်။ ထိုကုမ္ပဏီကို ကီရင်နှင့် ဦးပိုင် နှစ်ခုသာ မိတ်ဖက်အဖြစ် ထူထောင်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် အကျိုးတူလုပ်ကိုင်နေသည့် ကီရင်က မြန်မာပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုကို စွန့်လွှတ်မည်ဟု ဆုံးဖြတ်သော်လည်း ဦးပိုင်နှင့် ပြေလည်မှု မရဘဲ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ကီရင်က စင်ကာပူတွင် တရားရုံးအဆုံးအဖြတ်ရရန် ကြိုးပမ်းသည်။

ဦးပိုင်ကလည်း မြန်မာဘီယာကုမ္ပဏီကို ဖျက်သိမ်းရန် ပြည်တွင်းတရားရုံး၌ ကြိုးပမ်းခဲ့ရာ နှစ်ဖက်အကြားတွင် ကာလရှည် အငြင်းပွားမှု ပေါ်ပေါက်နေခြင်းဖြစ်သည်။

သို့သော် ကီရင်၏ ရှယ်ယာရောင်းချမှုမှာ စစ်ကောင်စီထံမှ အတည်ပြုချက်လိုအပ်နေသေးသည်ဟု Nikkei Asia သတင်းက ရေးထားသည်။ ကီရင်ရှယ်ယာရောင်းချမည့်ကိစ္စ၊ အပြန်အလှန်တရားစွဲဆိုမှု ရုပ်သိမ်းပြီး နောက်ဆက်တွဲအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းစွာမသိရသေးပေ။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်အတွင်း ပြည်သူတို့က စစ်တပ်နှင့် ဆက်စပ်နေသည့် ထုတ်ကုန်များကို သပိတ်မှောက်နေရာ မြန်မာဘီယာရောင်းအား အကြီးအကျယ်ထိခိုက်ခဲ့ရသည်။

အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်နှင့် ရောင်းအား နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၄ သန်း ကျဆင်းသွားကြောင်း ကီရင်ကုမ္ပဏီ၏ ၂၀၂၁ ဘဏ္ဍာနှစ် တတိယသုံးလပတ်အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာဘီယာအပါအဝင် Andaman Gold နှင့် Black Shield စသည့် ဘီယာအမှတ်တံဆိပ် ၇ မျိုးကို ထုတ်လုပ်ရောင်းချနေသည့် မြန်မာဘရူဝါရီကုမ္ပဏီကို စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းနှင့် ဂျပန် ကီရင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းဖြင့် ၁၉၉၄ တွင် စတင်ထူထောင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button