အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များကို ဂျပန်အစိုးရ နိုင်ငံခြားရေးဌာနက လက်ခံတွေ့ဆုံမှုသည် ယခုရက်ပိုင်းအတွင်း စိတ်ဝင်စားဖွယ်သတင်း ဖြစ်လာသည်။
မေလ ၁၄ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လွှတ်တော်ဆိုင်ရာ ဒုဝန်ကြီးတစ်ဦးဖြစ်သူ Mr. KOMURA Masahiro က တိုင်းရင်းသားအဖွဲ့များ၊ အခြားအဖွဲ့များ ပါဝင်သည့် မြန်မာကိုယ်လှယ်အဖွဲ့ကို တွေ့ဆုံသည်ဟု အဆိုပါ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
တိုင်းရင်းသားအဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲကို NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP နှင့် ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌဖြစ်သူ ခူးဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး ဆလိုင်ထလာဟေးတို့ တက်ရောက်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း NUG နှင့် မဟာမိတ် ၃ ဖွဲ့ခေါင်းဆောင်များ တစ်စုတစ်စည်းတည်း ဂျပန်နိုင်ငံတွင် သွားရောက်ဆွေးနွေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ထူးခြားသည့်အခြေအနေဟု ဆိုနိုင်သည်။
ဆွေးနွေးမှုများ
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆွေးနွေးပွဲက မိနစ် ၂၀ ခန့် ကြာမြင့်ကြောင်း ဖော်ပြထားသည်။
ထူးခြားချက်မှာ NUG အမည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြမထားခြင်းပင်။ ပူးတွဲပါဝင်သည့် တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံတွင်လည်း KNU ဥက္ကဋ္ဌ၊ KNPP ဥက္ကဋ္ဌတို့ကိုသာ တွေ့ရသည်။
လက်ရှိအခြေအနေအပေါ် အမြင်ဖလှယ်ဆွေးနွေးလိုသဖြင့် တွေ့ဆုံခြင်း ဖြစ်သည်၊ ဂျပန်နိုင်ငံအစိုးရက မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေနိုင်ရေးအတွက် သက်ဆိုင်သူအသီးသီးနှင့် ဆက်လက် တွေ့ဆုံဆွေးနွေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။
ကိုယ်စားလှယ်အဖွဲ့ကလည်း ဂျပန်အစိုးရနှင့် ပြည်သူလူထုက မြန်မာနိုင်ငံကို ပေးသော အကူအညီများအတွက် ကျေနပ်အားရကြောင်း၊ မြန်မာပြည်အခြေအနေနှင့် ပတ်သက်ပြီး ပါဝင်ဖြေရှင်းရေးအတွက် ဂျပန်နိုင်ငံ၏ ပါဝင်မှုကို မျှော်လင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
နှစ်ဖက်စလုံးက မြန်မာ့အရေး ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ဆက်လက်၍ အနီးကပ် ဆက်သွယ်ဆက်ဆံသွားမည်ဟု အတည်ပြုခဲ့ကြကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေးအဖွဲ့များ၏ ပြောဆိုချက်
NUG ဝန်ကြီးနှင့် KNU ဥက္ကဋ္ဌတို့ကလည်း တော်လှန်ရေးအင်အားစု တောင်းဆိုသည်မှာ မြန်မာနိုင်ငံပြည်တွင်းပဋိပက္ခအတွင်း အခက်အခဲတွေ့နေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးရေးတို့ ဖြစ်သည်ဟု ၎င်းတို့၏ ခရီးစဉ်အတွင်း ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ဒေါက်တာဇော်ဝေစိုးက မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ၃ သန်းရှိနေသည်၊ လက်ရှိတွင် တော်လှန်ရေးအင်အားစုက တိုင်းပြည်၏ နယ်မြေ ၆၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း ပြောသည်။
KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယခုခရီးစဉ်ကြောင့် တော်လှန်ရေးအင်အားစု၏ ပေါင်းစည်းမှုကို တွေ့နိုင်သည်ဟု ဆိုသည်။
“တိုင်းရင်းသားလူနည်းစုတွေနဲ့ NUG တို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ ပြသဖို့ သင်္ကေတခရီးစဉ်တစ်ခုအဖြစ် ကျွန်ုပ်တို့ အတူတကွ ရောက်ရှိလာကြတာပါ” ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကတည်းကပင် မြန်မာ့အရေးတွင် ပါဝင်ခဲ့ဖူးပြီး မြန်မာ့အရေးတွင် ဂျပန်နိုင်ငံပါဝင်မှုသည် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝေးဝေးမနေသင့်ကြောင်း ၎င်းက ဆိုသည်။
NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား အဓိကဘုံသဘောတူညီချက် ၃ ချက် ရထားပြီးပြီဟုလည်း ၎င်းက ရှင်းပြသည်။
ပထမအချက်မှာ စစ်တပ်သည် မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေမှုမှ ထွက်ခွာပေးရန်ဖြစ်ပြီး အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒုတိယအချက်မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းရန်ဖြစ်ပြီး တတိယအချက်မှာ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဖော်ဆောင်ရန်ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
လက်ရှိတော်လှန်ရေးသည် ကြီးမားပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း၊ အကူအညီလိုအပ်နေသည့် ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်အကူအညီများ တိုက်ရိုက်ပေးရန် ဂျပန်အစိုးရကို တောင်းဆိုကြောင်း ၎င်းက အင်တာဗျူးတွင် ဆိုသည်။
ဒေါက်တာဇော်ဝေစိုးကလည်း ဒီမိုကရေစီလိုလားသူများ ထိန်းချုပ်ထားသည့် နယ်မြေများတွင် NUG သည် ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့၌ တိုင်းရင်းသားအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောသည်။
“ပိုအရေးကြီးတယ်လို့ ကျွန်တော်ထင်တာက ပညာရေးနဲ့ ကျန်းမာရေး နယ်ပယ်တွေမှာ ပံ့ပိုးကူညီမှုပါ။ အဲဒါတွေအားလုံးဟာ အာဏာသိမ်းပြီးနောက် ကပ်ဘေးဒဏ်ခံစားခဲ့ရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။
ဒေါက်တာဇော်ဝေစိုးက စစ်တပ်၏ အာဏာသိမ်းမှုသည် မြန်မာပြည်သူပြည်သားများအပေါ် အခက်တွေ့စေပြီး လူငယ်များ၏ အနာဂတ်လည်း ပျောက်ကွယ်သွားရကြောင်း ပြောသည်။
အကူအညီ ရနိုင်မှု
ခရီးစဉ်အတွင်း လူသားချင်းစာနာမှုအကူအညီများတောင်းဆိုခဲ့သော်လည်း လက်တွေ့ရမည်မရမည်ဆိုသည်မှာ ဂျပန်နိုင်ငံဘက်က ထုတ်ပြောမှုမရှိသဖြင့် ယတိပြတ်ပြောရန် ခက်ခဲသည့်ကိစ္စဖြစ်သည်။
ခရီးစဉ်တွင် ပါဝင်သည့် တော်လှန်ရေးအဖွဲ့များလှုပ်ရှားရာဒေသများသည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏကြုံနေရပြီး အကူအညီလိုအပ်နေသည့် ဒေသများဖြစ်သည်။
ဥပမာအားဖြင့် – လူဦးရေ ၃ သိန်းကျော်ရှိသည့် ကရင်နီဒေသသည် ၂၀၂၄ ခုနှစ်တွင် စစ်ဘေးရှောင် ၃ သိန်းကျော်ရှိလာသဖြင့် တစ်ပြည်နယ်လုံးနီးပါး စစ်ရှောင်နေရသည့် အခြေအနေဖြစ်နေကြောင်း ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။
ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း စစ်ဘေးရှောင် အများအပြားရှိနေသည်။
ထို့ကြောင့် ဂျပန်နိုင်ငံဘက်က လက်တွေ့ကူညီမည်ဆိုပါက မြန်မာနိုင်ငံမှ စစ်ရှောင်များအတွက် အကျိုးရှိလာမည်ဖြစ်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသည့် မြန်မာသုတေသီတချို့က ဆိုသည်။
အမည်မဖော်လိုသည့် နိုင်ငံရေးနှင့် စစ်ရေးလေ့လာသော မြန်မာသုတေသီအမျိုးသားတစ်ဦးကမူ အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရက်ချိုလေးနှင့် NUG ၏ မဟာမိတ်များဖြစ်ကြသော KNU, KNPP, CNF, KIO တို့ ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ဂျပန်နိုင်ငံကလည်း အလားတူ တွေ့ဆုံဆွေးနွေးလာခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းက တွေ့ဆုံမှုသည် ထူးခြားသော်လည်း မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရဦးမည်ဟု ပြောသည်။
“ဘယ်လိုကူညီမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ တကယ်တော့ အမေရိကန်လည်း အကူအညီပေးမယ်ဆိုပြီး ရောက်မလာဘူး။ အခုကရော တကယ်ကူညီမှာလား။ ဘယ်လိုကူညီမှာလဲဆိုတာ စောင့်ကြည့်ရဦးမှာပဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။
NUG ၏ ကျန်မာရေးနှင့် ပညာရေးဝန်ကြီး ဂျပန်နိုင်ငံသို့ ရောက်နေစဉ်မှာပင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည်လည်း တောင်ကိုရီးယားနိုင်ငံသို့ မေလ ၁၅ ရက်ကတည်းက ရောက်နေသည်။
ဝန်ကြီး ဒေါ်ဇင်မာအောင်သည် ကိုရီးယား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် အကျိုးတူကိစ္စရပ်များ ဆောင်ရွက်ရန် တောင်ကိုရီးယားနိုင်ငံသို့ ရောက်နေခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။