ဂျပန်ကုမ္ပဏီ တာဆာကီ (TASAKI) ကို စစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြစ်သော မြန်မာ့ပုလဲလုပ်ငန်း (MPE) နှင့် လုပ်ငန်းပူးပေါင်းနေမှုများ ရပ်တန့်ရန် တောင်းဆိုကြောင်း တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar က ယမန်နေ့ (ဇွန် ၁၈) တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ပုလဲလုပ်ငန်း (MPE) ကို အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က အရေးယူ ဒဏ်ခတ်ပိတ်ဆို့ထားသည့်တိုင် တာဆာကီက ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပုလဲထုတ်လုပ်မှု၏ ၂၀-၂၅ ရာခိုင်နှုန်းသော ထုတ်လုပ်မှုဝေစုခွဲဝေရေး သဘောတူညီချက် အပါအဝင် ပုလဲလုပ်ငန်းမှ ရရှိသော ဝင်ငွေအမြောက်အမြားကို စစ်ကောင်စီသည် MPE မှတစ်ဆင့် အကျိုးခံစားခွင့်ရှိနေသည်ဟု Justice For Myanmar က ဆိုသည်။
ထို့ပြင် စစ်ကောင်စီသည် အကောက်အခွန်ကဲ့သို့သော အခြားဝင်ငွေများနှင့် ထပ်ဆင့်ထုတ်လုပ်မှုကို ပံ့ပိုးပေးနိုင်သည့် နည်းပညာလွှဲပြောင်းမှုတို့မှလည်း အကျိုးခံစားခွင့်ရရှိနေကြောင်း ဆိုသည်။
တာဆာကီသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို စစ်ကောင်စီ ဆက်လက်ကျူးလွန်ရန် လိုအပ်သည့် လက်နက်များ၊ လေယာဉ်လောင်စာဆီများ ဝယ်ယူရေးအတွက် အသုံးပြုနိုင်သည့် ဝင်ငွေရင်းမြစ် ထောက်ပံ့ပေးနေခြင်းလည်း ဖြစ်သည်ဟု Justice For Myanmar က ထုတ်ပြန်သည်။
တာဆာကီသည် ဂျပန်နိုင်ငံ ကိုဘီမြို့တွင် အခြေစိုက်ပြီး အာရှနှင့် ဥရောပနိုင်ငံများတွင် ပုလဲအရောင်းဆိုင်ပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားသည်။
MPE နှင့် အကျိုးတူပူးပေါင်းကာ ပုလဲထုတ်လုပ်ရာတွင် မြန်မာတာဆာကီအမည်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဒေါ်လာ ၈.၄ သန်းကျော် တန်ကြေးရှိသည့် ထိုလုပ်ငန်းများသည် မြန်မာနိုင်ငံတောင်ပိုင်း မြိတ်ကျွန်းစုရှိ ဒိုမယ်ကျွန်းနှင့် လငန်းကျွန်းတို့တွင် တည်ရှိသည်။
စစ်ကောင်စီက ပြီးခဲ့သည့် မေလ ၃ ရက်နေ့ မှ ၁၂ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲ ၃၇၉ တွဲ၊ ကျောက်မျက်အတွဲ ၈၈ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၃၂၅၁ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုပြပွဲအတွင်း ခင်းကျင်းရောင်းချခဲ့သော ပုလဲအတွဲပေါင်း ၄၀၀ (အလုံးရေ တစ်သိန်း)၏ အခြေခံစျေးသည် အမေရိကန်ဒေါ်လာ ၃.၃ သန်းကျော်ဖိုးဖြစ်ကြောင်း MPE က ဆိုထားသည်။
စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မဲစာရင်းမှားယွင်းမှု အကြောင်းပြ အာဏာသိမ်းကာ ပြည်သူအများအပြားကို နေ့စဉ်ရက်ဆက် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေသောကြောင့် နိုင်ငံတကာအစိုးရတချို့က စစ်ဗိုလ်ချုပ်များကို ပိတ်ဆို့ကန့်သတ်ထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကမူ လာမည့်နှစ်တွင် ရွေးကောက်ပွဲလုပ်မည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောထားသည်။