စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေကုပ်ယူထားသည့်နေရာများကို ယမန်နေ့ (ဇူလိုင် ၇) တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီး မြို့ကို နာရီပိုင်းကြာ ထိန်းချုပ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ပြောသည်။
စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားသည့် မြို့တောင်ဘက်ရှိ ရဲစခန်း၊ မြောက်ဘက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့ကို ထိုသို့ ထိန်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သော စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်မှ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံ ကိုပေက Myanmar Now ကို ပြောသည်။
“မြို့ကို နေ့တစ်ဝက်တော့ ထိန်းနိုင်ပါတယ်။ မနက် ၅ နာရီကနေ ၁၂ နာရီခွဲလောက်ထိ မြို့ကို ထိန်းထားနိုင်တယ်” ဟု သူက ဆိုသည်။
ယမန်နေ့က စစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) Column 3၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးနှင့် ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ရဲစခန်းကို အနီးဝန်းကျင်မှ ဝိုင်းပတ်ချဉ်းကပ်ပြီး နာရီပိုင်းအကြာ နံနက် ၁၀ နာရီဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလက်နက်ကိုင် အင်အား ၄၀ ကျော် တပ်စွဲထားသော ထိုရဲစခန်းကို အရှေ့ဘက်၊ အနောက်ဘက်နှင့် အရှေ့တောင်ဘက်မှ သုံးဖက်ညှပ်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် ဘန်ကာတချို့ ပျက်စီးခဲ့သည်ဟု တော်လှန်ရေးအင်အားစုက ဆိုသည်။
တစ်ချိန်တည်းမှာပင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
လက်နက်၊ ခဲယမ်းလိုအပ်ချက်ရှိ၍ နေ့လယ်ပိုင်းတွင် မြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဒေါင်းနက်နယ်စည်းမခြားတပ်ဖွဲ့ တာဝန်ခံ ကိုပေက ပြောသည်။
“မြို့သိမ်းနိုင်ဖို့ဆိုရင်တော့ စခန်းတွေကို ထုဖို့အတွက် လက်နက်ကြီးတွေ အများကြီးလိုအပ်ပါတယ်” ဟု သူက ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူလာရောက်ခြင်းမရှိကြောင်း တော်လှန်ရေးအင်အားစုက ပြောသည်။
ထိုတိုက်ပွဲအတွင်း ဒေသခံ ပြည်သူ့စစ် ခေါ် ပျူစောထီးဟု ယူဆရသူတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသူများအနက် ၂ ဦး၏ မိုဘိုင်းဖုန်းအတွင်း ပုလဲမြို့နယ်အတွင်း အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့် ပတ်သက်သော အချက်အလက်များတွေ့ရှိရသဖြင့် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
ထိုသူများကို စစ်ဆေးကာ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဦးဇော်ထက်က ပြောသည်။
ပုလဲမြို့တွင်း တိုက်ခိုက်မှုကို ယမန်နေ့က ကျရောက်သည့် ၆၂ နှစ်မြောက် ဆဲဗင်းဂျူလိုင်အထိမ်းအမှတ်အဖြစ် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
အာဏာရှင် ဗိုလ်ချုပ်နေဝင်းလက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်တွင် ဆန္ဒပြကျောင်းသားများကို ပစ်ခတ်ဖြိုခွဲမှုများကြောင့် သွေးမြေကျခဲ့ရသလို ကျောင်းသားသမဂ္ဂအဆောက်အအုံသည်လည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။
စစ်အာဏာရှင်တော်လှန်ရေးပုံစံမှာ ပြောင်းလဲလာဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် PLA အနောက်မြောက်စစ်ဒေသ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်နိုင်က ပြောသည်။
“တစ်ချိန်တုန်းကတော့ ဖက်ဆစ်တပ်ဟာ လက်နက်မရှိခဲ့တဲ့ ကျောင်းသားတွေ၊ လူထုတွေကို နှိပ်စက်ခဲ့တယ်။ ဒီနေ့ဒီအချိန်မှာတော့ လူထုတွေကလည်း၊ လူထုဘက်မှာ ရပ်တည်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ရန်သူကို ပြန်ပြီး ချေမှုန်းရမယ့်ဆိုတဲ့ အခြေအနေမျိုး ရောက်လာတယ်” ဟု သူက ပြောသည်။
“အဲ့ဒါကြောင့်လည်း သူတို့လုပ်ခဲ့တဲ့နေ့မှာပဲ ရန်သူကို မင်းတို့ကို ငါတို့ ပြန်လုပ်နိုင်တယ်ဆိုတဲ့ အသိတရားတစ်ခုကို ကျွန်တော်တို့က တိုက်ပွဲနဲ့ပဲ အကြောင်းပြန်ခဲ့တာပါပဲ”
PLA သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင်လည်း တိုင်းရင်းသားညီနောင်မဟာမိတ်အဖွဲ့များနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးများတွင်လည်း ပါဝင် တိုက်ခိုက်နေသည်။
ပုံတောင်ပုံညာဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပုလဲမြို့နယ်တွင် စစ်ကောင်စီက မြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံး၊ မြို့နှင့် ၁၅ မိုင်ခန့်အကွာရှိ ကန့်ဒေါင့်၊ အင်မထီး၊ ဇီးဖြူကုန်းရွာတို့တွင်သာ တပ်စွဲထားနိုင်သည့် အခြေအနေဖြစ်သည်။
ပုလဲမြို့နယ်အတွင်း ပျူစောထီးများ အားကောင်းသည့် အင်မထီးရွာကို ပိတ်ဆို့ထားပြီး ရိက္ခာဖြတ်တောက်ထားကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုက ပြောသည်။
စစ်ကောင်စီတပ်သည် ယင်းမာပင်ခရိုင်အတွင်းရှိ လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းနယ်မြေအနီး တပ်စွဲထားနိုင်သည်မှအပ နယ်မြေအတွင်း စစ်ကြောင်းမထိုးနိုင်သည်မှာ နှစ်လနီးပါးရှိနေပြီဟု ဒေသခံတော်လှန်ရေးအင်အားစုက ဆိုသည်။