
(ဖမ်းဆီးနှိပ်စက်ခံရသူတို့၏ စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)
စစ်တပ်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အရပ်သား ၂၄ ဦးကို မေ ၂၁ ရက်နေ့က စတင်ပြီး သီတင်းတစ်ပတ်ကြာ ဖမ်းဆီးနှိပ်စက်ရာ ထိုအထဲမှ လေးဦး သေဆုံးသွားသည်ဟု ပြန်လည်လွတ်မြောက်လာသူများထံမှ သိရသည်။
မြို့အနောက်ခြမ်း တောင်ရွာသစ်ကျေးရွာမှ ဒေသခံများ ရွာမြောက်နှစ်မိုင်အကွာရှိ ယာခင်းများတွင် တောင်ယာလုပ်နေချိန်တွင် ၎င်းတို့နှင့်လေးမိုင်ခန့်ဝေးသည့် အင်မထီးဆိုသည့်ကျေးရွာမှ ပျူစောထီးတို့ ရောက်လာကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
တစ်ပတ်ခန့်အကြာတွင် ပြန်လွတ်လာကြကြောင်း၊ စစ်ဆေးရင်းသေဆုံးသွားသူတို့၏ ရုပ်အလောင်းများ ပြန်မရခဲ့ကြောင်း တောင်ရွာသစ်ရွာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက ပြောသည်။
“လွတ်လာတဲ့သူတွေလည်း နဲ့နဲ့ ကျန်တာ၊ ရိုက်တာက တအားရိုက်ထားတာ။ လက်တွေ တံတောင်ဆစ်တွေ၊ ဓားတွေနဲ့ ထိုးတာတို့ ပေါက်တတ်ကရ လုပ်ထားတာ၊ မိန်းမ၊ ယောကျ်ားမရွေးဘူး ဗျာ၊ တစ်ယောက်ချင်း ခေါ်ခေါ်ပြီးရိုက်တာ”ဟု သူက ဆိုသည်။
သေဆုံးသည်အထိ နှိပ်စက်ခံရသူတို့မှာ အသက် ၄၅နှစ်ခန့်အရွယ် ကိုကျော်ခိုင်၊ ၂၄ နှစ်အရွယ် ကိုတင့်ဇော်ဦး ၊ အသက် ၃၀ အရွယ် ကိုထွန်းလှိုင်၊ ၂၂ နှစ်အရွယ် ကိုထွန်းနိုင်လင်းတို့ ဖြစ်သည်။
ဖမ်းဆီးထားသူတို့ကို ထိပ်တုံးနှစ်ခုတွင် ရှစ်ယောက်ချုပ်ကာ အများစုကို အချုပ်ခန်းနှစ်ခုတွင် ထည့်ထားကြောင်း ပြန်လည် လွတ်မြောက်လာသူများထံမှ သိရသည်။
ထို့နောက်တစ်ယောက်ချင်းစီခေါ်ကာ ရိုက်နှက် စစ်ဆေးရာ ဒုတိယနေ့(မေ ၂၂)တွင် အချုပ်ခန်းထဲမှသုံးဦး၊ ထိပ်တုံးခတ်ထားခံရသူများထဲမှ တစ်ဦး သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုကျော်ခိုင်ဆိုသည့် ဒေသခံမှာ စစ်ကြောရေးခန်းမှ ပြန်ရောက်ပြီး မကြာခင် ထိပ်တုံးခတ်ခံထားရစဉ် သေဆုံးသွားကြောင်း အတူချုပ်ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာ သူတစ်ဦးက ပြောသည်။
“ကိုကျော်ခိုင်ကတော့ ကျွန်တော်လက်ပေါ် ထိပ်တုံးနဲ့သေသွားတာ…. လက်က ညာဘက်နဲ့ လက်ဆစ်က ကျိုးနေပြီ၊ တံတောင်ဆစ်လည်း ကျိုးနေပြီ၊ ရင်ဘတ်တွေကညိုညိုမဲမဲကြီးတွေ၊ ပါးစပ်တွေက သွေးတွေ ထွက်နေပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ မျက်မြင်သက်သေက ပြောပြသည်။
“သူ့မိန်းမနဲ့ သူ့ယောက်ဖကို ကလေးတွေဂရုစိုက်လိုက်ပါဦး၊ ပြောလိုက်ပါဦး၊ ငါ့လူရယ် ဆိုပြီး ပြောတယ်၊ အေး ငါတို့လည်း အစစ်မခံရသေးဘူး၊ အရိုက်ခံရသေးဘူး၊ ငါမသေရင် ပြောပေးမယ်ဆိုပြီး ပြောလိုက်တယ်”
ကိုကျော်ခိုင်၏ရုပ်အလောင်းကို ပျူစောထီးတို့က ထိပ်တုံးမှဖြုတ်ကာ တရွတ်တိုက်ဆွဲသွားသည်ကို မြင်လိုက်ရသည်ဟု အထက်ပါ ဒေသခံက ဆိုသည်။
“ခွေးဆွဲသလိုဆွဲသွားတာ ၊ပြီးမှ လှည်းပေါ်ပစ်တင်လိုက်တာ” ဟု၎င်းကဆိုသည်။
ထိုနေ့တစ်ရက်တည်းပင် အခြားအချုပ်ခန်းတစ်ခုအတွင်းမှ ဒေသခံ သုံးဦးလည်း အလားတူ သတ်ဖြတ်ခံရကြောင်းကို ပြန်လည်လွတ်မြောက်လာသည့်နေ့တွင်မှ သိရသည်ဟုဆိုသည်။
ပျူစောထီးများက တစ်ယောက်လျှင် နာရီဝက်ခန့်ကြာ စစ်ဆေးမေးမြန်းစဉ် တုတ်များ၊ ဝါယာကြိုးများနှင့် ရိုက်နှိပ်စက်သလို ဓားဖြင့် ထိုးဆွကြကြောင်း ပြန်လည်လွတ် မြောက်လာ သူများထံမှ သိရသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွင် ပါဝင်မှုမရှိမရှိ၊ မိုင်းထောင်သည့် ကိစ္စများကို သိထားခြင်းရှိမရှိ မေးမြန်းကြောင်း သိရသည်။
အသက်ဆုံးဆယ်ခန့်အရွယ်ဒေသခံတစ်ဦးမှာ လက်ကို ဓားဖြင့်ထိုးဖောက်ခံရသည်ဟု ဆိုသည်။
“ကျွန်တော့်ကို ဘာမှသိပ်မမေးဘူး၊ ကျွန်တော်ကို လက်နက်ကြီးကိုင်ဆိုပြီး ခေါင်းတွေအကုန် ပိတ်ရိုက်တာ၊ လက်နက်ကြီးကိုင်တဲ့လက် ဆိုပြီး ဓားမြောက်နဲ့ ထိုးဖောက်တာ၊ ဟိုဘက် ဒီဘက်ပေါက်သွားတာ” ဟု သူက ပြောပြသည်။
ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သည့် ကိစ္စ သတင်းဌာနများကို ပြန်လည် ပြောပြပါက သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ၎င်းတို့ကို ယမန်နေ့ (မေ ၂၇) တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဖမ်းဆီးခံရစဉ် အတူပါလာသည့် နွား၁၈ ကောင်ကိုလည်း ပျူစောထီးများက ပြန်မပေးတော့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီနားကို မနေရဲတော့ဘူး၊ သူ့တို့ပြန်လာမှာကို တွေးပူနေတာ၊ ညကဆို အိပ်တောင်မရဘူး၊ တုန်ပြီး ကြောက်နေတာ”ဟု အထက်ပါဒေသခံက ဆိုသည်။
ပုလဲမြို့အနောက်ဘက် ၁၀မိုင်ခန့်အကွာရှိ အင်မထီးကျေးရွာတွင် အိမ်ခြေ ၄၀၀ ခန့် ရှိပြီး စစ်သားများနှင့် ပျူစောထီး အင်အား ၈၀ ဝန်းကျင်ဖြင့် တပ်စွဲထားကြောင်း ဒေသခံ ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ပျူစောထီး အဖွဲ့မှာ လက်နက်ကိုင်အင်အား လိုအပ်သဖြင့် စစ်ကောင်စီက လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည့် အဖွဲ့ ဖြစ်သည်။
ဒေသခံများကို ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
အာဏာသိမ်း စစ်ကောင်စီကမူ ပုလဲမြို့နယ် တောင်ရွာသစ်ကျေးရွာမှ အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးသည်ဟူသော သတင်းမှာ မှားယွင်းနေကြောင်း မေ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
“အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းများ လုပ်ဆောင်မှု မရှိကြောင်း” ထုတ်ပြန်ချက်တွင် ရေးထားသည်။