စစ်ကောင်စီနှင့် အကျိုးတူ ပုလဲထုတ်နေသည့် ဂျပန်ကုမ္ပဏီ တာဆာကီ(Tasaki) တွင် ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာများကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖြင့် ရောင်းချရန် ကိုရီးယားအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ MBK Partners က စီစဉ်နေကြောင်း ရိုက်တာသတင်းဌာန၏ အောက်တိုဘာ ၂ ရက်နေ့ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ထိုအရောင်းအဝယ်အတွက် Daiwa Securities ကုမ္ပဏီကို ငှားရမ်းထားကြောင်း၊ Daiwa, MBK Partners နှင့် တာဆာကီတို့ကမူ ရောင်းချမှုနှင့် ပတ်သက်ပြီး မှတ်ချက်မပေးကြောင်း ထိုသတင်းက ဆိုသည်။
MBK Partners သည် အာရှမြောက်ပိုင်းနိုင်ငံများတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ဂျပန်၊ ကိုရီးယား နှင့် တရုတ်နိုင်ငံရှိ ကုမ္ပဏီပေါင်း (၈၀) ကျော်တွင် ရင်းနှီးမြှုပ်နှံထားသည်။
တာဆာကီသည် ဂျပန်နိုင်ငံ ကိုဘီမြို့ အခြေစိုက် နိုင်ငံတကာအဆင့်မှီ ပုလဲရောင်းချသည့် စီးပွားရေးလုပ်ဆောင်နေပြီး ဂျပန်၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများတွင် ပုလဲ အရောင်းဆိုင်ပေါင်း (၁၀၀) ကျော် ဖွင့်လှစ်ထားသည်။
တာဆာကီက စစ်ကောင်စီလက်အောက်ခံ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း (MPE) နှင့်အကျိုးတူပူးပေါင်းကာ ပုလဲများထုတ်လုပ်လျက်ရှိရာတွင် မြန်မာတာဆာကီအမည်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဒေါ်လာ ၈.၄ သန်းကျော် တန်ကြေးရှိသည့် ထိုလုပ်ငန်းများသည် မြန်မာနိုင်ငံတောင်ပိုင်း မြိတ်ကျွန်းစုရှိ ဒိုမယ်ကျွန်းနှင့် လငန်းကျွန်းတို့တွင် တည်ရှိသည်။

သွေးစွန်းပုလဲစွပ်စွဲချက်များ
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း (MPE) မှ ရရှိသည့် ဝင်ငွေများက အရပ်သားများကို ဖိနှိပ်သတ်ဖြတ်နေသည့် စစ်ကောင်စီအသက်ဆက်ရန် အထောက်အကူပြုနေသည်ဟုဆိုကာ အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က ၂၀၂၁ ဧပြီ ၂၁ ရက်နေ့တွင် ထိုလုပ်ငန်းကို ပိတ်ဆို့အရေးယူခဲ့သည်။အမေရိကန်အစိုးရသည် အာဏာရှင်ဟောင်းဦးသန်းရွှေ၏ နဝတ/နအဖ စစ်အစိုးရ လက်ထက်တွင်လည်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း (MPE) ကိုအလားတူ ပိတ်ဆို့ခဲ့ဖူးပြီး အရပ်သားအစိုးရကာလ ၂၀၁၆ မေလတွင်မှ ပိတ်ဆို့မှုရုတ်သိမ်းထားခြင်းဖြစ်သည်။ ၂၀၂၁ စစ်တပ်အာဏာပြန်သိမ်းချိန်တွင် ဒုတိယအကြိမ်မြောက် ပိတ်ဆို့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီပုလဲလုပ်ငန်း MPE နှင့် ပတ်သက်သည့် ပြည်တွင်းပြည်ပကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းမည်ဟု ပြီးခဲ့သည့်နှစ် မေလအတွင်းက ကြေညာထားသည်။
အမေရိကန်နှင့်NUG တို့၏ အမည်ပျက်စာရင်းသွင်းခံထားရသည့် စစ်ကောင်စီပုလဲလုပ်ငန်း MPE နှင့် စီးပွားဖက် ဂျပန်ကုမ္ပဏီတာဆာကီသည် လူ့အခွင့်အရေးအဖွဲ့တို့၏ ပြစ်တင်ဝေဖန်မှုများကို ခံနေရသော်လည်း လုပ်ငန်းများ ဆက်လက်လည်ပတ်နေသည်။
တာဆာကီသည် စစ်ကောင်စီကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် ဝင်ငွေပံ့ပိုးနေသည်ဟု လူ့အခွင့်အရေးအဖွဲ့ Human Rights Now နှင့် Justice For Myanmar တို့က ၂၀၂၁ ဧပြီလအတွင်းက ကြေညာခဲ့သည်။
“တာဆာကီဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်နေတာဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပါတယ်၊ တာဆာကီအနေနဲ့ သွေးစွန်းနေတဲ့ ပုလဲလုပ်ငန်းကနေ တာဝန်ယူစွာ ထွက်ခွာပေးဖို့ တောင်းဆိုပါတယ်” ဟု Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ၂၀၂၃ နိုဝင်ဘာ ၃ တွင် Myanmar Now ကို ပြောသည်။
မြန်မာတာဆာကီ၏ ပုလဲထုတ်လုပ်မှုသည် အာဏာမသိမ်းခင်ကတည်းက ကန့်ကွက်မှုများနှင့် ရင်ဆိုင်ထားရသည်။
၂၀၂၀ ခုနှစ်တွင် ပုလဲမွေးမြူရေးလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကြောင့် ဒေသခံ ဆလုံ (ခ) မော်ကင်းများက ကန့်ကွက်ခဲ့ပြီး တနင်္သာရီတိုင်းအစိုးရသို့ ကန့်ကွက်စာများ ပေးပို့ခဲ့ကြောင်း MEGGA Initiative ၏ ၂၀၂၃ ခုနှစ် မေလထုတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
MEGGA Initiative သည် ဒေသတွင်း လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအတွက် လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
စစ်ကောင်စီဝင်ငွေတိုးစေသည့် ပုလဲလုပ်ငန်း
စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်တွင် ပုလဲထုတ်လုပ်မှု တိုးမြှင့်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မှုလျာထားချက် ပြည့်မီကျော်လွန်ခဲ့သည်ဟုဆိုသည်။
နေပြည်တော်ကျော်မျက်ပွဲ ၂၀၂၂ တွင် ပုလဲအတွဲပေါင်း ၃၆၀ ကျော် နှင့် ၂၀၂၃ တွင် ပုလဲအတွဲပေါင်း ၃၀၀ ရောင်းချနိုင်ခဲ့ပြီး စစ်ကောင်စီ နိုင်ငံခြားဝင်ငွေတိုးခဲ့သည်။
ပုလဲတစ်တွဲက ကန်ဒေါ်လာ ၁၅၀၀ မှ ၅၈၀၀ အထိ တန်ကြေးရှိကြောင်း စစ်ကောင်စီပုလဲလုပ်ငန်း၏ တန်ကြေးသတ်မှတ်ချက် စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

စစ်ကောင်စီလက်အောက် ပုလဲလုပ်ငန်းတွင် ပုလဲထုတ်လုပ်ရေးစခန်း ၁၂ ခု ရှိရာ ၎င်းတို့မှာ ပြည်ပကုမ္ပဏီ ၄ ခု၊ ပြည်တွင်းကုမ္ပဏီ ၇ ခု၊ နိုင်ငံပိုင်ပုလဲစခန်းတစ်ခုတို့ ဖြစ်သည်။ ထိုလုပ်ငန်းအားလုံးသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသ ပင်လယ်ပြင်တွင် အခြေစိုက်သည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)



