သတင်း

မိုးမြင့်ထွန်းနောက်ဆက်တွဲ ဦးပိုင်မှ ဗိုလ်ချုပ်များ ထိန်းသိမ်းစစ်ဆေးခံနေရ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အယုံကြည်ဆုံး ထိပ်သီးဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် အပေါင်းပါများ ဖမ်းဆီးခံရပြီးနောက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီမှ ဗိုလ်ချုပ်များလည်း ထိန်းသိမ်းစစ်ဆေးခံနေရသည်။

ကုန်ဈေးနှုန်းကြီးမြင့်ကို အကြောင်းပြု၍ ဌာနဆိုင်ရာအရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်အများအပြားကို စစ်ဆေးပြီးနောက် ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ဒေါ်လာသန်းနှင့်ချီ အလွဲသုံးစားလုပ်သည်ဟု ပေါ်ပေါက်ကာ အရေးယူခံရခြင်းဖြစ်သည်။

နေပြည်တော်သို့ ခေါ်ယူစစ်ဆေးခံရစဉ် လုပ်ငန်းရှင်ကြီးများက မိုးမြင့်ထွန်းနှင့် ပတ်သက်၍ အကြောင်းစုံ ဖွင့်ချခဲ့ခြင်းဖြစ်ကာ ၎င်းနှင့်အတူ အရေးယူခံရသူများတွင် ကုန်သွယ်ရေးတာဝန်ခံ ဗိုလ်ချုပ်မှူးရန်နောင်စိုး၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်တို့ဖြစ်သည်။

စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိစ္စ နောက်ဆက်တွဲအနေဖြင့် ဦးပိုင်ကုမ္ပဏီမှ ဌာနကြီးမှူးအဆင့် တာဝန်ရှိသူများ ထိန်းသိမ်းစစ်ဆေးခံနေရခြင်းဖြစ်ကာ အနည်းဆုံး ဗိုလ်ချုပ်သုံးဦးထက်မနည်း အရေးယူခံထားရသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်များထံမှ သိရသည်။

ဦးပိုင်လက်အောက်ရှိ လုပ်ငန်းခွဲများဖြစ်သော စက်သုံးဆီ၊ စားသုံးဆီ၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတို့မှ ပုဂ္ဂိုလ်များ စစ်ဆေးခံနေရပြီး အငြိမ်းစားဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်ချုပ်အဆင့်ရှိသူများဖြစ်သည်ဟု စစ်တပ်ပိုင်ကုမ္ပဏီများတွင် နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သည့် တပ်အရာရှိဟောင်းတစ်ဦးက ယနေ့ (စက်တင်ဘာ ၂၂) ပြောသည်။

ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုအဆိုအရ မိုးမြင့်ထွန်းကိစ္စ အကျိုးဆက်အနေဖြင့် ဦးပိုင်လီမိတက်မှ အနည်းဆုံး ဗိုလ်ချုပ်သုံးဦးထက်မနည်း အဖမ်းခံထားရသည်။

ဦးပိုင်ကုမ္ပဏီမှ စစ်ဆေးခံနေရသူများမှာ မန်းနေဂျင်းဒါရိုက်တာအဆင့် အပါအဝင် ဒါရိုက်တာများဖြစ်ကာ စက်သုံးဆီနှင့် စားသုံးဆီဌာနမှ လူများဖြစ်ကြောင်း နီးစပ်သူတစ်ဦးထံမှလည်း သိရသည်။

“Detained (ထိန်းသိမ်းခံရ) ပေါ့။ နံပါတ် (၁) က (မင်းအောင်လှိုင်) ဘယ်သူ့မှ မယုံတော့ဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဦးပိုင်လီမိတက်မှ အထွေထွေမန်နေဂျာဖြစ်သူ ဦးလှမျိုးကို ယနေ့ ဆက်သွယ်မေးမြန်းရာတွင် စစ်တပ်ပိုင်ကုမ္ပဏီကြီးမှ ဗိုလ်ချုပ်များ ဖမ်းဆီးစစ်ဆေးခံနေရသည်မှာ မဟုတ်မှန်ဟု ငြင်းဆိုသည်။

ဦးပိုင်လီမိတက်၏ လက်ရှိဥက္ကဋ္ဌမှာ ဒုဗိုလ်ချုပ်ကြီးဆန်းဦးဖြစ်ကာ ၎င်းသည် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ရင်းနှီးမြှင့်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ ယခုနှစ် ဩဂုတ်လ မှတ်တမ်းအရ ဦးပိုင်ကုမ္ပဏီ ဒါရိုက်တာအဖွဲ့စာရင်းတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်ကြီးများ ပါဝင်နေသည်။

လက်ရှိ ဖမ်းဆီးအရေးယူခံထားရသည့် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အပါအဝင် စစ်ဥပဒေချုပ် မျိုးသန့်နိုင်၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်နှင့် စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်တို့မှာ ဦးပိုင်ကုမ္ပဏီမှ ဒါရိုက်တာများဖြစ်ကြသည်။​ ကျန်ဒါရိုက်တာအဖွဲ့ဝင်များမှာ ဦးခင်ဝင်း၊ ဦးကျော်မျိုးဝင်း၊ ဦးကျော်ဆွေဦး၊ ဦးမင်းဇော်၊ ဦးကောင်းမြတ်သူတို့ဖြစ်သည်။

စစ်တပ်ပိုင် မြဝတီဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များမှာ ဒုဗိုလ်ချုပ်ကြီးဆန်းဦးနှင့် ကျော်မြင့်၊​ သန်းဝင်း၊ အောင်ရဲဝင်း၊ ဘထွန်းနှင့် ဦးယုလွင်ဆိုသူတို့ဖြစ်သည်။

ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိစ္စနှင့် ပတ်သက်၍ စစ်တပ်ပိုင် မြဝတီဘဏ်မှ အထွေထွေမန်နေဂျာ ဦးယုလွင် စစ်ဆေးမေးမြန်းခံနေရပြီး ဘဏ်လုပ်ငန်းများပင် ရပ်တန့်နေသည်ဟု တပ်အရာရှိဟောင်းတစ်ဦးက လွန်ခဲ့သည့် ရက်ပိုင်းကတည်းက ပြောဆိုထားသည်။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီမှာ ဘဏ်လုပ်ငန်းအပါအဝင် လုပ်ငန်းမျိုးစုံ လုပ်ကိုင်နေပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ အစုရှယ်ယာရှင်များကို ပေးခဲ့သည့် အမြတ်ငွေပမာဏမှာ ကျပ်ဘီလျံ ၁၀၀ ကျော် ရှိသည်ဟု ၂၀၂၀ ပြည့်နှစ်အတွင်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။

ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်သည့် စစ်ကောင်စီ၏ အမိန့်စာများအရ မိုးမြင့်ထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးကော်မတီတို့တွင် ပို့ဆက်ဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အစားထိုး ခန့်အပ်ခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီလက်ထက် စီးပွားရေးကိစ္စအဝဝကို နောက်ကွယ်မှ ချုပ်ကိုင်ခြယ်လှယ်ခွင့်ရသူ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းမှာ မင်းအောင်လှိုင်နည်းတူ မိသားစုပိုင်ကုမ္ပဏီများ ထူထောင်ကာ စီးပွားရေးသောင်းကျန်းနေသူ ဖြစ်သည်။​

အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံမှ ချွတ်ခြုံကျကာ တိုင်းပြည်စီးပွားရေး ပျက်သုဉ်းနေသော်လည်း စစ်ဗိုလ်ချုပ်ကြီးများ၏ အကျင့်ပျက်ခြစားမှုအကြောင်း အပုပ်နံ့လှိုင်လှိုင်ထွက်လာသည်။ ရန်ကုန်မြို့၌ပင် လူအများ ဆန်ဆီ တန်းစီတိုးဝယ်နေရချိန် နေပြည်တော်မှ ဗိုလ်ချုပ်ကြီးများက ဒေါ်လာသန်းနှင့်ချီ ကိုယ်ကျိုးရှာသည့်ဖြစ်စဉ်ကြီး ဘူးပေါ်သလို ပေါ်ပေါက်လာခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button