
အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်နှင့် လက်တွဲဖြုတ်ရန် စီစဉ်နေသော ဂျပန်ဘီယာကုမ္ပဏီ Kirin က ရှယ်ယာအားလုံးကို ရောင်းချကာ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ယနေ့ (ဇွန် ၃၀) ထုတ်ပြန်သည်။
မြန်မာဘီယာ ထုတ်လုပ်နေသည့် Myanmar Brewery Limited(MBL) ကုမ္ပဏီကို ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်သော Kirin နှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ် (MEHL) တို့ အကျိုးတူလုပ်ငန်းပိုင်းဆိုင်ရာနှင့် ပတ်သက်၍ တရားရုံးရောက်သည်အထိ အငြင်းပွားမှုလည်းရှိသည်။
ဂျပန်ယန်းငွေ ၂၂ ဒသမ ၄ ဘီလျံ (ကျပ် ၃၂၄ ဘီလျံ) တန်ဖိုးရှိ မြန်မာဘီယာကုမ္ပဏီမှ အစုရှယ်ယာပေါင်း ၇၂,၇၉၇ ကို လွှဲပြောင်းရောင်းချမည်ဖြစ်သည်ဟု Kirin ၏ ထုတ်ပြန်ချက်က ဆိုသည်။
ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရေးအတွက် ရောင်းချခြင်း၊ ဖျက်သိမ်းခြင်းနှင့် လွှဲပြောင်းခြင်း စသည့်နည်းလမ်း သုံးခုကို စဉ်စားခဲ့သော်လည်း ယခုအခါ ရှယ်ယာအားလုံးကို ဦးပိုင်ထံ လွှဲပြောင်းရန် ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ သဘောတူညီမှု ရပြီဖြစ်ကြောင်း ဆိုသည်။
“ဝန်ထမ်းတွေ၊ စီးပွားရေးမိတ်ဖက်တွေနဲ့ မြန်မာလူမှုအသိုင်းအဝိုင်းအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်တာကြောင့် ကုမ္ပဏီဖျက်သိမ်းဖို့ကို ရှောင်ရှားသင့်တယ်လို့ Kirin Holdings အနေနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို မသုံးစွဲရန် ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်ဆန့်ကျင်မှုများ ရှိခဲ့ရာ မြန်မာဘီယာကုမ္ပဏီ၏ ဝင်ငွေလည်း သိသိသာသာ ထိခိုက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် အမြတ်ငွေ ၁၇၇ ဒသမ ၃ ဘီလျံကျပ်အထိ ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တွင် ၉၆ ဒသမ ၅ ဘီလျံသာ ရကြောင်း Kirin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဂျပန်ဘီယာကုမ္ပဏီအနေဖြင့် ရှယ်ယာလွှဲပြောင်းမှုအတွက် စစ်ကောင်စီလက်အောက်ခံ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းခွင့်ပြုချက်ကို စောင့်ဆိုင်းရမည်ဖြစ်သည်။
Kirin ကုမ္ပဏီ၏ ထွက်ခွာရန် ဆုံးဖြတ်ချက်သည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ကြံရာပါအနေဖြင့် ဆက်လက်အဓွန့်ရှည်စေမည်ဖြစ်ကြောင်း Justice For Myanmar အဖွဲ့က ယနေ့ ထုတ်ပြန်သည်။
လူအခွင့်အရေးချိုးဖောက်မှုများရှိနေသည့် မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်နေခြင်းကို အဆုံးသတ်ရန် ဂျပန်ဘီယာကုမ္ပဏီမှာ ယခင်ကတည်းက လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူများ၏ ဖိအားပေးခြင်း ခံခဲ့ရသည်။
နိုင်ငံတကာဖိအားများကြောင့် Kirin ကုမ္ပဏီက စစ်တပ်ကို ပေးရန်ရှိသည်များကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အာဏာမသိမ်းမီ ၂၀၂၀ နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့်နည်းတူ အာဏာသိမ်းပြီး လေးရက်အကြာတွင် ဖက်စပ်လုပ်ကိုင်ခြင်းကို ရပ်တန့်မည်ဟု ကြေညာခဲ့သည်။
ထို့နောက် နှစ်ဖက်ကုမ္ပဏီများအကြား အငြင်းပွားမှုဖြစ်လာပြီး မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းရန် ဦးပိုင်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ပြီးခဲ့သည့် နိုဝင်ဘာလတွင် လျှောက်ထားခဲ့သည်။
စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီ၏ လုပ်ရပ်မှာ ဖက်စပ်လုပ်ငန်းဆိုင်ရာ သဘောတူညီမှုကို ချိုးဖောက်နေကြောင်း Kirin က ထုတ်ပြန်ချက်ဖြင့် တုံ့ပြန်သည်။
ဦးပိုင်ကုမ္ပဏီသည် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့်ပြင် မြန်မာနိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ချိုးဖောက်နေကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း Kirin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)