သတင်း

စစ်တပ်နှင့် အငြင်းပွားနေသည့် ဂျပန်ကုမ္ပဏီ မြန်မာနိုင်ငံမှထွက်ခွာရန် ဆုံးဖြတ်

အာဏာသိမ်းသည့်လကတည်းက စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် လက်တွဲဖြုတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သော ဂျပန်ဘီယာကုမ္ပဏီ Kirin (ကီရင်) က တစ်နှစ်အကြာတွင် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁၄) ကြေညာလိုက်သည်။

စစ်တပ်ပိုင်ကုမ္ပဏီနှင့် အကျိုးတူလုပ်ကိုင်နေခြင်းကို အဆုံးသတ်မည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ကြောင်း ကီရင်ကုမ္ပဏီက စစ်အာဏာသိမ်းသည့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း ကြေညာခဲ့သည်။ 

ထို့နောက် ဂျပန်ဘီယာကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီတို့အကြား တရားရုံးရောက်သည်အထိ အငြင်းပွားမှုဖြစ်ပွားခဲ့ကာ နောက်ဆုံးတွင် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ကီရင်က လူသိရှင်ကြား ကြေညာလိုက်ခြင်းဖြစ်သည်။ 

ယနေ့ ပြုလုပ်သော ဒါရိုက်တာအဖွဲ့အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး လာမည့် ဇွန်လကုန် နောက်ဆုံးထား၍ စစ်တပ်ပိုင်ကုမ္ပဏီနှင့် အကျိုးတူလုပ်ကိုင်နေသည့် လုပ်ငန်းများ အဆုံးသတ်ရန် ဦးစားပေးဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံမှ ထွက်ခွာသည့် ပထမဆုံး ဂျပန်ကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသည်။​

“မြန်မာနိုင်ငံမှ ထွက်ခွာရာတွင် အလုပ်သမားများ၊ ၎င်းတို့၏ မိသားစုဝင်များ၏ လုံခြုံရေး၊ အသက်ရှင်ရပ်တည်ရေးမှာ အဓိကနေရာတွင်ရှိပြီး ကုမ္ပဏီ၏ လူ့အခွင့်အရေးမူဝါဒနှင့် လျော်ညီအောင် ထည့်သွင်းစဉ်းစားမည်” ဟု ကီရင်က ထုတ်ပြန်သည်။ 

စစ်အာဏာသိမ်းပြီးနောက် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံခဲ့ရသည့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ကီရင်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းရန် ပြီးခဲ့သည့် နိုဝင်ဘာလတွင် တရားရုံးသို့ လျှောက်ထားခဲ့သည်။

ဦးပိုင်ကုမ္ပဏီ၏ ထိုလျှောက်ထားမှုမှာ ဖက်စပ်လုပ်ငန်းဆိုင်ရာ သဘောတူညီမှုကို ချိုးဖောက်နေကြောင်း ကီရင်ကုမ္ပဏီက ရက်ပိုင်းအတွင်း ထုတ်ပြန်ချက်ဖြင့် တုံ့ပြန်ခဲ့သည်။

ဖက်စပ်ကုမ္ပဏီဖျက်သိမ်းရေးနှင့် ပတ်သက်၍ ကီရင်ကုမ္ပဏီဘက်မှ အဆိုပြုချက်များကို ဦးပိုင်ဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဟုလည်း ထိုတရားရုံးလျှောက်ထားမှုအပြီး ရက်ပိုင်းအတွင်း ထုတ်ပြန်သည့် ဂျပန်ဘီယာကုမ္ပဏီ၏ ထုတ်ပြန်တွင် ဖော်ပြသည်။ 

“ဦးပိုင်ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်နေကြောင်း၊ တရားမျှတမှုအတွက် သံသယရှိသဖြင့် ဦးပိုင်၏ လျှောက်ထားမှုကို ငြင်းပယ်ရန် မေတ္တာရပ်ခံသွားမည်ဖြစ်ကြောင်း” ကီရင်က ထုတ်ပြန်ခဲ့သည်။

မြန်မာဘီယာအပါအဝင် Andaman Gold နှင့် Black Shield စသည့် ဘီယာအမှတ်တံဆိပ် ၇ မျိုးကို ထုတ်လုပ်ရောင်းချနေသည့် မြန်မာဘရူဝါရီကုမ္ပဏီကို ဦးပိုင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းနှင့် ဂျပန်ကီရင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာဘရူဝါရီကုမ္ပဏီက ထုတ်လုပ်ရောင်းချသည့် မြန်မာဘီယာရောင်းအားမှာ ၄၆ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ကြောင်း ပြီးခဲ့သည့်နှစ် မေလအတွင်း ထုတ်ပြန်သော ကီရင်ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။​

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ စစ်တပ်ပိုင်ကုန်ပစ္စည်းများကို မသုံးစွဲရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့သည်။​

နိုင်ငံတကာဖိအားများကို ဆက်တိုက်ရင်ဆိုင်နေရသည့် ဂျပန်ဘီယာကုမ္ပဏီက စစ်တပ်ကို ပေးစရာရှိသည်များကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အာဏာမသိမ်းမီ ၂၀၂၀ နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့သည့်နည်းတူ ဖက်စပ်လုပ်ကိုင်ခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်း အာဏာသိမ်းပြီး လေးရက်အကြာတွင် ထပ်မံထုတ်ပြန်ခဲ့သည်။ 

ဂျပန်ဘီယာကုမ္ပဏီမှာ ကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေသည့် မြန်မာစစ်တပ်နှင့် စီးပွားရေးလုပ်ကိုင်နေခြင်းကို အဆုံးသတ်ရန် ယခင်ကတည်းက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏ အစဉ်တစိုက် ဖိအားပေးခံခဲ့ရသည်။ 

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသည့်အခြေအနေကြောင့် လုပ်ငန်းရပ်ဆိုင်းရန် သို့မဟုတ် မြန်မာနိုင်ငံမှ အပြီးထွက်ခွာရန် ဆုံးဖြတ်ထားသည့် နိုင်ငံတကာကုမ္ပဏီကြီး ၂၁ ခုရှိကြောင်း ပြီးခဲ့သည့်လ ၂၆ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။​

နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် ပြင်သစ်အခြေစိုက် Total နှင့် အမေရိကန်ရေနံကုမ္ပဏီ Chevron ကုမ္ပဏီတို့ကလည်း မြန်မာနိုင်မှ ထွက်ခွာရန် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ တွင် ထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button