မြန်မာစစ်တပ်နှင့် စီးပွားရေးတွဲလုပ်ဖူးသည့် အတိတ်ကာလ လျှို့ဝှက်ချက်နှင့် ပတ်သက်၍ နာမည်ကျော် ဒိန်းမတ်ဘီယာကုမ္ပဏီ Carlsberg က ဝန်ခံလိုက်ပြီး အရှက်ရဖွယ်ရာ တစ်ချိန်က လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချသည်ဟု ဆိုသည်။
၁၉၉၆ မှ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကုမ္ပဏီရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးပြီးနောက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် တွဲဖက်လုပ်ကိုင်ခဲ့ကြောင်း Carlsberg လုပ်ငန်းစုက ယမန်နေ့ (ဩဂုတ် ၃၁) တွင် လူသိရှင်ကြား ကြေညာသည်။
အာဏာသိမ်း မြန်မာစစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) အဖွဲ့က မေးခွန်းထုတ်ခဲ့ပြီးနောက် Carlsberg လုပ်ငန်းစုက ကုမ္ပဏီတွင်း စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် Brewinvest ကုမ္ပဏီထူထောင်ရန် မလေးရှားနိုင်ငံရှိ လုပ်ငန်းမိတ်ဖက်ကို ငွေထုတ်ချေးခဲ့ကြောင်း၊ ထို့နောက် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ စစ်တပ်ပိုင် MEC, မြန်မာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Golden Star (MGS) တို့နှင့် ပူးပေါင်း၍ Dagon Brewery ကုမ္ပဏီကို ထူထောင်လုပ်ကိုင်ခဲ့သည်ဟု Carlsberg ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၁၄ ခုနှစ်တွင် Brewinvest ရှိ ရှယ်ယာများကို ဝယ်ယူခဲ့သော်လည်း ထိုနှစ် အောက်တိုဘာလတွင် ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် နောက်ပိုင်းတွင် Carlsberg ကုမ္ပဏီက ရှယ်ယာများကို စစ်တပ်ပိုင် MEC ထံ ရောင်းချခဲ့သည်ဟု ဆိုသည်။
“ထိုအဖြစ်အပျက်က Carlsberg လုပ်ငန်းစုရဲ့ လက်ရှိလုပ်ငန်းပိုင်းဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီဖြစ်ပေမဲ့ တစ်ချိန်က ကုမ္ပဏီအကြီးအကဲတွေရဲ့ လုပ်ရပ်ကို အပြင်းအထန် အပြစ်ပြောလိုပါတယ်” ဟု နာမည်ကျော် ဒိန်းမတ်လုပ်ငန်းစုက ထုတ်ဖော်ပြောဆိုသည်။
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်ပြီးနောက် MGS လုပ်ငန်းစုနှင့်သာ ဖက်စပ်လုပ်ကိုင်နေပြီး အခြားသော ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပတ်သက်ဆက်နွှယ်မှု မရှိဟုလည်း Carlsberg ကုမ္ပဏီက ဆိုသည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်ရသည့် အနေအထားကို ပိုမိုသိရှိနိုင်ရန် လူ့အခွင့်အရေးနှင့် သက်ဆိုင်သော စုံစမ်းလေ့လာခြင်းများလည်း ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးနှင့် ပတ်သက်မှုအပေါ် ဖုံးကွယ်ထားသည့် အတိတ်ကာလအခြေအနေကို ပြန်လည်စုံစမ်းဖော်ထုတ်သည့် Carlsberg ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က မှတ်ချက်ပြုသည်။
သို့သော် ယခင် စစ်အာဏာရှင်များနှင့် စီးပွားရေးတွဲလုပ်ကိုင်ခဲ့ခြင်းမှာ ဖျောက်ဖျက်မရသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း၊ ထိုအကျိုးဆက်ကြောင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသည် ယနေ့ထက်တိုင် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
“အရှက်ရဖွယ်ရာ သမိုင်းကြောင်းကို လက်ခံထားရုံနဲ့ မရပါဘူး။ Carlsberg အနေနဲ့ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုသူတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး သူတို့လုပ်ငန်းရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေကို ကုစားပေးနိုင်ရေး ရန်ပုံငွေထူထောင်ဖို့ တိုက်တွန်းလိုပါတယ်”
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေဆဲဖြစ်သော ဒိန်းမတ်အဖျော်ယမကာကုမ္ပဏီသည် MGS လုပ်ငန်းစုနှင့် ပူးပေါင်း၍ Carlsberg, Tuborg, Yoma, Black Eagle စသည့် ဘီယာအမှတ်တံဆိပ်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။
ပြည်တွင်းရှိ အဖျော်ယမကာဈေးကွက်ကို နှစ်ပေါင်းများစွာ ကြီးစိုးနေသည့် MGS လုပ်ငန်းစုကို ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်ခဲ့သူ လုပ်ငန်းရှင်သူဌေးကြီး ဦးသိန်းထွန်းက ပိုင်ဆိုင်သည်။ ပြီးခဲ့သည့်နှစ်တွင် ဦးသိန်းထွန်း ကွယ်လွန်ခဲ့ပြီးနောက် ၎င်း၏ သားသမီးများက လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ပိုင်ကုမ္ပဏီများနှင့်အပြိုင် ဘီယာထုတ်လုပ်ရောင်းချနေသည့် Carlsberg ကုမ္ပဏီတွင် ဒိန်းမတ်လုပ်ငန်းစုက မည်မျှရင်းနှီးမြှုပ်နှံထားသည်ကို အတိအကျ မသိရသော်လည်း ဦးသိန်းထွန်းပိုင်ကုမ္ပဏီက ၂၅ ရာခိုင်နှုန်းသာ ပါဝင်သည်ဟု MGS ဝန်ထမ်းတစ်ဦးထံမှ သိရသည်။
MGS ကုမ္ပဏီပိုင်ရှင် ဦးသိန်းထွန်းမိသားစုသည် Carlsberg သာမက နာမည်ကျော် ဒတ်ချ်ဘီယာကုမ္ပဏီ Heineken, ထိုင်းနိုင်ငံမှ ThaiBev တို့နှင့်လည်း ဖက်စပ်လုပ်ကိုင်နေပြီး အရက်နှင့် ဘီယာမျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိသည်။
အာဏာသိမ်းပြီးနောက်ပိုင်း MGS အပါအဝင် အထက်ပါ နိုင်ငံတကာကုမ္ပဏီကြီး သုံးခုသည် စစ်ကောင်စီထံ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အခွန်ပေးဆောင်နေသည်ဟု JFM အဖွဲ့က ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။
အရက်ဘီယာမျိုးစုံ ထုတ်လုပ်ရောင်းချနေသည့် Carlsberg, Haineken နှင့် Grand Royal လုပ်ငန်းစုကို ထိန်းချုပ်ထားသည့် ThaiBev တို့သည် ၂၀၂၁ ခုနှစ်တွင် အထူးကုန်စည်ခွန် ကျပ်ဘီလျံ ၅၀ ခန့်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် ကျပ် ၁၂ ဒသမ ၆ ဘီလျံခန့် ပေးဆောင်ခဲ့ကြောင်း၊ ထိုအချိန်က ဗဟိုဘဏ်ငွေလဲလှယ်နှုန်းဖြင့်ပါ ဒေါ်လာ ၃၄ သန်းကျော်ရှိကြောင်း၊ ထိုကုမ္ပဏီသုံးခု၏ အခွန်အရပ်ရပ်ပေးဆောင်မှု ဒေါ်လာသန်း ၁၅၀ ကျော်အထိ ရှိနိုင်ကြောင်း JFM အဖွဲ့က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)