သတင်း

PV ပတ်စပို့ဖြင့် နိုင်ငံခြားထွက်အလုပ်လုပ်မည့်သူများကို တားဆီးမည်ဟု စစ်ကောင်စီကြေညာ

PV ပတ်စပို့ဖြင့် နိုင်ငံခြားထွက်အလုပ်လုပ်မည့်သူများကို ပြည်တွင်းမှ ထွက်မရအောင် တားဆီးမည်ဟု စစ်ကောင်စီက ယနေ့ထုတ်သတင်းစာများမှတစ်ဆင့် ကြေညာလိုက်သည်။

PV ပတ်စပို့ဟု လူအများသိကြသည့် အလည်အပတ်နိုင်ငံကူးလက်မှတ်အမျိုးအစားဖြင့် ပြည်ပထွက်အလုပ်လုပ်မည့်သူများကို ပြည်ပထွက်ခွင့်မရအောင် လေဆိပ်နှင့် နယ်စပ်ဂိတ်ပေါက်များတွင် တားဆီးပိတ်ပင်နေကြောင်း စစ်ကောင်စီက ယနေ့ထုတ် သတင်စာများမှတစ်ဆင့် ကြေညာလိုက်သည်။

စစ်ကောင်စီ၏အလုပ်သမားဝန်ကြီးဌာန၏ အဆိုအရ PV အမျိုးအစား ပတ်စပို့များတွင် သက်ဆိုင်ရာနိုင်ငံများ၏သံရုံးများက ထုတ်ပေးသည့် အလုပ်လုပ်ခွင့်ဗီဇာပါရှိပါက ပြည်တွင်းမှ ထွက်ခွာခွင့်ကို တားဆီးနေသည်ဟု ဆိုသည်။

စစ်ကောင်စီလူဝန်မှုကြီးကြပ်ရေးအရာရှိများ ယခုနှစ် ဇန်နဝါရီလအတွင်းက ရန်ကုန်လေဆိပ်တွင် စစ်ဆေးနေစဉ် (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

ပြည်ပထွက်အလုပ်လုပ်လိုသူများအနေဖြင့် PJ ပတ်စပို့ဟု လူအများသိကြသည့် အလုပ်လုပ်ရန်အတွက် ထုတ်ပေးသည့် အလုပ်အကိုင်နိုင်ငံကူးလက်မှတ်နှင့်  ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ကတ်လျှောက်ထားရန်လည်း စစ်ကောင်စီက သတိပေးခဲ့သည်။

မြန်မာအစိုးရအဆက်ဆက်၏ သတ်မှတ်ချက်အရ နိုင်ငံသားများကို လူတန်းစားခွဲခြားပြီး နိုင်ငံကူးလက်မှတ်အမျိုးအစား ခုနှစ်မျိုးအထိ ခွဲခြားသတ်မှတ်ထားသည်။

မြန်မာနိုင်ငံကူးလက်မှတ်များတွင် သာမန်အရပ်သား (PV)၊ အလုပ်သမား (PJ) ၊ ကျောင်းသား (PE)၊ သင်္ဘောသား (PS) စီးပွားရေးသမား (PB)၊ ဘာသာရေးသမား (PR)၊ အလုပ်အကိုင်မရှိဘဲမှီခိုသူ (PT) စသဖြင့် ခွဲခြားထားသော်လည်း အခြားနိုင်ငံများတွင် ယင်းကဲ့သို့ခွဲခြားခြင်းမျိုးမတွေ့ရပါ။

ယခုလဆန်းပိုင်းက ရန်ကုန်လေဆိပ်တွင် ပြည်ပထွက်ခွင့်ခွင့်ရရန် စောင့်ဆိုင်းနေသူအချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)

PJ ပတ်စပို့ဖြင့် နိုင်ငံခြားထွက်အလုပ်လုပ်ကိုင်ပါက စစ်ကောင်စီ၏စာရင်းတွင် အလုပ်သမားအဖြစ် အမည်ပေါက်ကာ ထိုသူများသည် လစာအပေါ် စစ်ကောင်စီကို အခွန်ဆောင်ရမည့်အပြင်၊ လစာ၏ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီထိန်းချုပ် ဘဏ်စနစ်မှ စစ်ကောင်စီသတ်မှတ်စျေးဖြင့် ပြည်တွင်းသို့ မဖြစ်မနေလွှဲပို့ပေးရန် ဖိအားပေးနေသည်။ 

စစ်တပ်ထိန်းချုပ်ဘဏ်များမှ ငွေလွှဲပို့ပါက ပြင်ပပေါက်ဈေးထက်နည်းသည့် အောက်ဈေးဖြင့်သာ ရရှိမည်ဖြစ်သည်။ ပြင်ပငွေဈေးကွက်တွင် တစ်ဒေါ်လာ ၆,၀၀၀ ကျပ်ကျော်၊ ထိုင်းတစ်ဘတ် ၁၈၀ ကျပ်အထိ ဈေးပေါက်နေချိန် ကမ္ဘောဇဘဏ်သည် အလုပ်သမားလစာကို တစ်ဒေါ်လာလျှင် ၃၃၉၅ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၃ ကျပ်ဖြင့် ဝယ်ယူမည်ဟု ဘဏ်ဝက်ဆိုက်တွင် တွေ့ရသည်။

စစ်သားအင်အားလိုအပ်ချက်ကြောင့် စစ်မှုထမ်းဥပဒေအသက်သွင်းပြီး အရွယ်ရောက်ပြီးသူများကို စစ်ထဲဆွဲသွင်းနေသည့် စစ်ကောင်စီက အသက် ၂၃ မှ ၃၁ နှစ်ကြား အမျိုးသားများကို ပြည့်ပထွက်ခွာ အလုပ်လုပ်ခွင့်ကန့်သတ်ပိတ်ပင်ထားရာ ပြည်ပကိုမတိမ်းရှောင်နိုင်ရန် တားဆီးလိုခြင်းကြောင့် ယင်းကဲ့သို့ တင်းကျပ်လာခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် အလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

“ယောက်ကျားလေးတွေကို အသက်တွေကို ကန့်သတ်လိုက်တဲ့အခါမှာ ကလေးတွေက ဗီဇာတွေနဲ့ ထွက်ပြေးတာများတယ်။ တချို့တွေက အောက်လမ်းက ပြေးတာများတယ်။ ပြဿနာက လေဆိပ်ကနေ ဗီဇာနဲ့ထွက်ချင်တဲ့ကလေးတွေကို သူတို့ကကန့်သတ်ချင်တယ်။ အဲ့ဒါတွေကို တားဆီးမှုတွေလုပ်မယ် ဆိုပြီးတော့ ကြေညာထားတာရှိတယ်” ဟု ၎င်းက ပြောသည်။

ယခုထုတ်ပြန်ချက်ကြောင့် လေဆိပ်နှင့် နယ်စပ်ထွက်ပေါက်များတွင် အစစ်အဆေးပိုတင်းကျပ်နိုင်သလို လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းနှင့် ကြားခံပွဲစားများက ငွေကြေးတောင်းခံသည့်ကိစ္စများ ပိုဖြစ်နိုင်ကြောင်း ယခုလပိုင်းအတွင်း ပြည်ပသို့ ထွက်ခွာလာသည့် ဧရာဝတီတိုင်းမှ အမျိုးသားတစ်ဦးက ပြောသည်။

“ခုချိန်မှာဆို အထဲမှာ သောင်တင်နေပြီ။ ကျွန်တော်တို့ထွက်တုန်းက အဆင်ပြေသေးတယ်ခင်ဗျ။ ခုမနက် facebook မှာ တွေ့တဲ့ ရုပ်သံတွေမှာဆိုရင် အချိန်နီးတဲ့အထိ လက်မှတ်ထုတ်မပေးတာမျိုးတွေ တွေ့ရတယ် ဆိုတော့ ပိုပြီးတော့တင်းကျပ်လာနိုင်တဲ့ အနေအထားမှာရှိမယ်” ဟု သူက ပြောသည်။

ပြည်ပထွက်ခွာခွင့်အတွက် ငွေကြေးတောင်းခံမှုများရှိနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကိုယ်တိုင်ငွေကြေးပေးခဲ့ရဖူးသလို ပြည်ပထွက်မည့်ခရီးသွားတချို့ကို အဆင်ပြေရန်ဟုဆိုကာ လဝကက ငွေကျပ်နှစ်သောင်းတောင်းသည်ကို မျက်မြင်တွေ့ဖူကြောင်း သူက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်အာဏာသိမ်းပြီးနောက် စီပွားရေးပြိုကျခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း၊ ကျပ်ငွေတန်ဖိုး တလိမ့်ခေါက်ကွေးကျဆင်းကာ ကုန်ဈေးနှုန်းမြင့်တက်ခြင်း စသည့်အထွေထွေစီပွားရေးအကျပ်အတည်းကြောင့် ထွက်ပေါက်တစ်ခုအနေဖြင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန် စီစဉ်လာကြသည်။

နိုင်ငံကူးလက်မှတ်ရရန်ပင် ခက်ခက်ခဲရုန်းကန်နေရသည့် မြန်မာနိုင်ငံသားများ၏ ပြည်ပခရီးအတွက် စစ်ကောင်စီသည် ကန့်သတ်ပိတ်ပင်မှုများစွာရှိနေသည်။

ယခုလ (ဩဂုတ် ၁) တွင် စစ်မှုထမ်းခြင်းကို ရှောင်ရှားသည်ဟု သံသယရှိသဖြင့် ပြည်ပထွက်မည့် အလုပ်သမား ၄၀ ကျော် ရန်ကုန်လေဆိပ်မှ ထွက်ခွာခွင့်မပြုသည့် ဖြစ်စဉ်ရှိခဲ့သည်။

အလည်အပတ်နိုင်ငံကူးလက်မှတ်ကိုင်ထားသူတို့သည် ယာယီအလည်ဖြစ်၍ ထွက်ခွာခွင့်ချောင်နိုင်သည်ဟု ယူဆမှုများရှိသည်။

ထို့ကြောင့် အလုပ်အကိုင်နိုင်ငံကူးလက်မှတ်ကို အလည်ပတ်နိုင်ငံကူးလက်မှတ်အဖြစ် ငွေကျပ် ၁၀ သိန်းဝန်းကျင် အကုန်အကျခံ ပြောင်းလဲသူများရှိရာမှ ယခုနှစ် ဇွန်လ ၆ တွင် သက်တမ်း ၅ နှစ်မပြည့်ပါက ပြောင်းလဲခွင့်ပြုတော့မည်မဟုတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်၍ ကူညီပေးခြင်းမရှိသော်လည်း အလုပ်သမားများထံမှ ရပိုင်ခွင့်များကို ကုပ်သွေးစုပ်အမြတ်ထုတ်နေသည်ဟု အလုပ်သမားအရေးဆောင်ရွက်သူတို့က ဝေဖန်သည်။

Show More

Related Articles

Back to top button