သတင်း

ပြည်ပထွက် အလုပ်လုပ်ခြင်းကို ကန့်သတ်မှုကြောင့် တရားမဝင်ထွက်ခွာသူ ပိုများလာနိုင်

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ဟန့်တားထားချိန် မိုင် ၁၅၀၀ ခန့် ရှည်လျားသော မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်သန်းပြီး တရားမဝင် နေထိုင် အလုပ်လုပ်သူ များလာနိုင်သည်။

အမျိုးသားများကို ပြည်ပထွက်အလုပ်လုပ်ခွင့် ရပ်ဆိုင်းလိုက်ခြင်းကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ သွားရောက် အလုပ်လုပ်သူ များလာနိုင်ပြီး ဥပဒေအရ အကာအကွယ်ပေးနိုင်မှု ကင်းမဲ့လာမည်ဟု အလုပ်သမားများ၊ အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။

မိုင် ၁၅၀၀ ခန့် ရှည်လျားသော မြန်မာ-ထိုင်းနယ်စပ်ကို ဖြတ်သန်းပြီး တရားမဝင်နေထိုင်သူသည် အန္တရာယ်ပြုခံရခြင်း၊ ငွေကြေးလိမ်လည်ခံရနိုင်ခြေများခြင်း၊ နယ်စပ်တွင် အဖမ်းခံရနိုင်ခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရနိုင်ခြင်းတို့ ရှိလာနိုင်သည်ဟု ဆိုကြသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ တရားဝင်ရောက်ရှိနေကြသူများ၊ ထိုင်း−မြန်မာ ၂ နိုင်ငံ နားလည်မှုစာချုပ် MoU ဖြင့် လာရောက်အလုပ်လုပ်ကိုင်နေသူများ မြန်မာပြည်ပြန်ပါက နိုင်ငံကူးလက်မှတ်သက်တမ်း တိုးခွင့်မရမည်ကို စိုးရိမ်နေကြသည်။

အာဏာသိမ်းတပ်က စစ်သားအရေအတွက် များပြားလာစေရန် နှစ်ဆန်းပိုင်းတွင် စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်ခြင်း၏ နောက်ဆက်တွဲဂယက်က လူငယ်များကြားထဲတွင် များစွာ ရိုက်ခတ်နေသည်ဟု ဘန်ကောက်မြို့အနီး နွန်ထဘူရီမြို့နေ ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

“စစ်မှုထမ်းဥပဒေထွက်လာပြီးကတည်းက MoU သက်တမ်းပြည့်လို့ ပြန်ရမယ့် အလုပ်သမားတွေက စိုးရိမ်မှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ မပြန်ချင်ဘူး၊ အခုကတော့ ပိုလို့တောင် မပြန်ကြတော့ဘဲ အထောက်အထားမဲ့တွေအဖြစ် နေကြတော့မှာ” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၉ ကိုဗစ်ကာလမတိုင်မီ ရောက်ရှိနေသော MoU လုပ်သားများကို နေထိုင်ခွင့်သက်တမ်းကုန်ပါက ရန်ကုန်အထိ ပြန်သွားရန်မလိုအပ်ဘဲ MoU/ U-Turn စနစ်ဖြင့်  လုပ်ငန်းခွင်အမြန်ပြန်ဝင်နိုင်ရေး ဆောင်ရွက်ပေးမည်ဟု ၂၀၂၃ ခုနှစ် ဩဂုတ်လကုန်ပိုင်းတွင် ဘန်ကောက်မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ် ၂ နှစ်နှင့်အထက် ကျန်ရှိနေသူများကို မြဝတီ၊ ကော့သောင်းတို့တွင် One Stop Service စနစ်ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးမည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

သို့သော် လက်တွေ့တွင်မူ MoU သက်တမ်းပြန်တိုးချိန်တွင် အလုပ်ဆက်လက်ခန့်ရန် အလုပ်ရှင်များနှင့် အလုပ်သမားများကြား အပြီးသတ် သဘောတူညီထားမှု မရှိသေးကြောင်း အလုပ်သမားများက ပြောသည်။

သက်တမ်း ၄ နှစ်ပြည့် MoU လုပ်သားများသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရသည်။ အလုပ်ဆက်လုပ်လိုပါက MoU စာချုပ်အသစ်ထပ်မံချုပ်ဆိုရသလို မြန်မာအလုပ်သမားရုံး၌ OWIC ကတ် (Oversea Workers Identity Card) ပြန်လျှောက်ထားပြီးမှသာ ထိုင်းနိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်နိုင်သည်။

OWIC သည် ပြည်ပတွင် နေထိုင်သော မြန်မာနိုင်ငံသားအလုပ်သမားများ ကိုယ်ရေးအချက်အလက်ကတ်ဖြစ်ပြီး ပြည်ပနိုင်ငံတစ်ခုခုသို့ တရားဝင်သွားရောက် အလုပ်လုပ်ရာတွင် မြန်မာနိုင်ငံဘက်က အသိအမှတ်ပြုသည့် အထောက်အထားဖြစ်သည်။  

မေလ ၁ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံသားများ အဓိကအလုပ်ထွက်လုပ်ကြသည့် ထိုင်း၊ မလေးရှားနှင့် ဂျပန်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ တရားဝင်အလုပ်လုပ်ခွင့်ကို ယာယီရပ်ဆိုင်းထားမည်ဖြစ်သည်ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က Myanmar Now ကို ပြောဆိုထားသည်။

စစ်ကောင်စီဘက်ကမူ ထိုကန့်သတ်မှုနှင့်ပတ်သက်ပြီး တရားဝင်ညွှန်ကြားစာ ထုတ်ပြန်လာခြင်း မရှိသေးပေ။ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီဆိုင်းငံ့ထားခြင်းမှာ အချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအနေများကြောင့်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ဆိုသည်။

ထိုကန့်သတ်ချက်ကြောင့် တရားမဝင် မြန်မာအလုပ်သမား ထိုင်းနိုင်ငံတွင် များပြားလာနိုင်ပြီး ဥပဒေအရ တင်းကျပ်မှုများ ခံလာရနိုင်သည်ဟုလည်း ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် NLF- Myanmar ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က ဆိုသည်။

“ကူကယ်ရာမဲ့ ဖြစ်လာနိုင်တယ်။ မြန်မာလုပ်သားတွေအတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့် မရှိတော့ရင် ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကြောင့် ဖမ်းဆီးမှုတွေလည်း များစွာရှိလာနိုင်ပါတယ်” ဟု ဒေါ်မိုးစန္ဒာမြင့်က သုံးသပ်သည်။

ထို့ပြင် ထိုင်းနိုင်ငံအတွင်းရောက်ရှိသော မြန်မာရွှေ့ပြောင်းလုပ်သမားများထဲမှ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နေသော အမျိုးသားအလုပ်သမားများကို နိုင်ငံကူးလက်မှတ် (Passport) နှင့် MoU သက်တမ်း ထပ်မံတိုးပေးမည်၊ မပေးမည် ကိစ္စရပ်ကိုလည်း သေချာမသိရကြသေးဟု သူက ပြောသည်။

“အမျိုးသားတွေကိုပဲ သီးသန့်ကန့်သတ်ပြီးတော့ ပိတ်ပင်လိုက်တာဟာ ဒင်းတို့ မတရားထုတ်ထားတဲ့ စစ်မှုထမ်းဥပဒေကြောင့်ပဲ။ ဒီမတရားထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုမထမ်းချင်တဲ့ လူငယ်တွေ အိမ်နီးချင်းပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်း ထွက်ခွာလာကြတဲ့အပေါ်ကို တားမြစ်လိုက်တာပဲ” ဟု ဒေါ်မိုးစန္ဒာမြင့်က ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားအရေအတွက်သည် ၄ သန်းမှ ၅ သန်းဝန်းကျင်အထိရှိနေကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်သူများက ခန့်မှန်းထားသည်။

စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျပ်အတည်းအခက်အခဲများကို သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရများနှင့် လွှတ်တော်အမတ်များမှတစ်ဆင့် အကူအညီတောင်းဆိုရန် အလုပ်သမားများ ပြင်ဆင်ထားသင့်ကြောင်း ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

“အလုပ်သမားတွေ စုပေါင်းပြီး မြန်မာနိုင်ငံကို ပြန်လို့မရတဲ့ အနေအထားတွေကြောင့် သက်ဆိုင်ရာနိုင်ငံတွေမှာပဲ အထောက်အထားတွေ သက်တမ်းတိုးဖို့ တောင်းဆိုသင့်တယ်”

အမျိုးသားများ ပြင်ပထွက်ကန့်သတ်ချက်သည် PJ ဟု ခေါ်ကြသည့် အလုပ်လုပ်နိုင်သည့် အမျိုးအစား နိုင်ငံကူးလက်မှတ် (Passport for Job) ကိုင်ဆောင်သူများအပေါ် သက်ရောက်မည်ဟု အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက Myanmar Now ကို ပြောဆိုထားသည်။

Show More

Related Articles

Back to top button