သတင်း

ပြည်ပအလုပ်ခေါ်စာ စစ်ကောင်စီ ပြန်လက်ခံ၊ ၂၃ နှင့် ၃၁ ကြား အမျိုးသားများ မပါဝင်

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းထားမှုကို ခြွင်းချက်ဖြင့် ဖြေလျှော့ပေးနေရာ အရွယ်ကောင်းလူငယ်များ ဆက်လက်ကန့်သတ်ခံနေရသည်။

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့် ယာယီရပ်ဆိုင်းထားရာမှ အလုပ်ခေါ်စာများ ပုံမှန် ပြန်လက်ခံ၍ ကိုယ်ရေးအချက်အလက် စိစစ်ကာခွင့်ပြုပေးသွားမည်ဟု စစ်ကောင်စီဘက်က ဆိုလာသည်၊ သို့သော်လည်း အသက် ၂၃ မှ ၃၁ နှစ်ကြား အမျိုးသားများကို ကန့်သတ်ပိတ်ထားဆဲဖြစ်သည်ဟု အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက ပြောသည်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက မေ ၉ ရက်နေ့တွင် အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ကန့်သတ်ထားချက်ကို စိစစ်ပြီး ပြန်ခွင့်ပြုပေးကြောင်း MRTV သတင်းဌာနမှတစ်ဆင့် ထုတ်ပြောလာခြင်းဖြစ်သည်။

သို့သော် Myanmar Now က ဖတ်ခွင့်ရသော အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများထံ အကြောင်းကြားသည့် အီးမေးတစ်စောင်တွင် “အလုပ်သမား (ကျား) များအား အသက် ၂၃ နှစ်အောက်၊ ၃၁ နှစ်အထက်သာ စုဆောင်းချုပ်ဆိုရန် အကြောင်းကြားသည်” ဟု ဖော်ပြထားသည်။

ဝန်ကြီးဌာနဘက်က စိစစ်ရာတွင် အသက် ၂၃ မှ ၃၁ နှစ်ကြား အမျိုးသားများကို အလုပ်လုပ်ခွင့် ကန့်သတ်ပိတ်ထားဆဲဖြစ်ကြောင်း၊ ထိုအသက်အရွယ်နှင့် အကျုံးမဝင်သည့် အမျိုးသားများအတွက်သာ အလုပ်ခေါ်စာတင်ပြခွင့်ရှိတော့ကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက တုံ့ပြန်သည်။

အလုပ်သမားဝန်ကြီးဌာနက စိစစ်ရာတွင် အသက် ၂၃ မှ ၃၁ အရွယ်အမျိုးသားများကို ခွင့်မပြုကြောင်း၊ မေ ၁ ရက် ယာယီမဆိုင်းငံ့မီက တင်ပြထားပြီးဖြစ်သည့် အလုပ်ခေါ်စာများတွင် အသက် ၂၃ မှ ၃၁ နှစ်အရွယ် အမျိုးသားများကိုပင် စာချုပ်ချုပ်ဆိုခွင့်၊ ထွက်ခွာခွင့်ပြုတော့မည်မဟုတ်ကြောင်း အမည်မဖော်လိုသည့် အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“၂၃ နဲ့ ၃၁ နှစ်ပေါ့။ အဲဒီအတိုင်းအတာအတွင်းကို ပေးမသွားတော့ဘူး။ အသစ်တွေရော၊ အဟောင်းတွေ အခုကျပြီးသားတွေရောပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်ပသို့ အလုပ်သမားစေလွှတ်နိုင်ရန် အလုပ်အကိုင်အေဂျင်စီတို့ အလုပ်ခေါ်စာတင်ပြမှု များပြားလာရာ ဝန်ထမ်းအင်အား၊ ကွန်ပျုတာနှင့် ကွန်ရက်အနေအထားများအရ ဝန်နှင့်အားမမျှ၍ အချိန်ယူ စိစစ်နိုင်ရန် ယာယီဆိုင်းငံ့ခဲ့ကြောင်း၊ တစ်ရက်နှစ်ရက်အကြာတွင် လမ်းညွှန်ချက်အရ ပြန်ဖွင့်ပေးခဲ့ကြောင်း ဦးညွန့်ဝင်းက ဆိုသည်။

“Demand (အလုပ်ခေါ်စာ) ဆိုတာ တင်တိုင်းကျတဲ့ အနေအထားတော့မရှိဘူးပေါ့။ Demand အရေအတွက်ကို ကန့်သတ်ရန်၊ တားဆီးရန် မရှိပါဘူးဗျ။ သို့သော်လည်းပဲ Demand အရ စေလွှတ်မယ့် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်က သူတို့ရဲ့ Profile တွေ၊ ကိုယ်ရေးအချက်အလက်တွေကို ကြည့်ပြီးတော့မှ စိစစ်သွားမှာဖြစ်ပါတယ်” ဟု သူက ပြောသည်။

ကိုယ်ရေးအချက်အလက်များစိစစ်ရာတွင် တိကျရှင်းလင်းသည့် အသေးစိတ်အချက်အလက်များကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အေဂျင်စီများသည် ပြည်ပသို့ အလုပ်သမားများစေလွှတ်ရာတွင် သက်ဆိုင်ရာနိုင်ငံမှ အေဂျင်စီများနှင့် ချိတ်ဆက်ပြီး ပထမအဆင့် အလုပ်ခေါ်စာများကို စုဆောင်းရပြီးနောက် အလုပ်သမားဝန်ကြီးဌာနထံ တင်ပြရသည်။ ထို့နောက် အလုပ်ခေါ်စာကို ဝန်ကြီးဌာနဘက်က စိစစ်ခွင့်ပြုချက်ပေးလာပါက လုပ်ငန်းသဘောတူစာချုပ်ချုပ် ဆိုကာ ပြည်ပသို့ သွားရောက်ခွင့်ရှိမည်ဖြစ်သည်။

ယခုနှစ် မေလဆန်းမှစတင်ကာ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ပြည်ပစက်ရုံအလုပ်ရုံများသည် အသက် ၃၅ နှစ်အထက် အလုပ်သမားများကို မခေါ်ယူလိုတော့ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှ ပြည်ပထွက်သည့် အလုပ်သမားများမှာလည်း ၃၅ နှစ်အောက်အရွယ်များဖြစ်၍ ယခုကန့်သတ်မှုကြောင့် ထွက်ခွာခွင့်ရသူရှားလာနိုင်ကြောင်း အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခုကန့်သတ်ချက်တွင် တောင်ကိုရီးယားနိုင်ငံသို့ G to G (အစိုးရချင်း) အစီအစဉ်ဖြင့် စေလွှတ်နေသည့် အလုပ်သမားများအကျုံးဝင်မှုရှိမရှိ မသိရသေးပေ။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် မြန်မာလူငယ်အများအပြား ပြည်ပသို့ အုံလိုက်ကျင်းလိုက်ထွက်ခွာနေကြသည်။ ယခုနှစ် ဖေဖော်ဝါရီတွင် အသက်သွင်းလိုက်သည့် စစ်မှုမထမ်းမနေရဥပဒေကြောင့် အလုပ်လုပ်ကိုင်ရန်အပါအဝင် အကြောင်းမျိုးစုံဖြင့် ပြည်ပထွက်ခွာသူ ပိုမိုများပြားလာနေသည်။

၂၀၂၁ တွင် အကြမ်းဖက် အာဏာသိမ်းသည့် စစ်တပ်ကို နိုင်ငံအနှံ့ ခုခံ တော်လှန်နေကြသဖြင့် စစ်သည်အင်အား အကြီးအကျယ် လိုအပ်လာနေသည့် စစ်ကောင်စီက အသက် ၃၅ နှစ်အောက် အမျိုးသားများ၊ ၂၇ နှစ်အောက် အမျိုးသမီးများ စစ်ထဲဝင်ရမည်ဟု အမိန့်ထုတ်ထားသည်။

Show More

Related Articles

Back to top button