ဆောင်းပါး

ကန့်သတ်မှုများကြောင့် မျှော်လင့်ချက်တို့ ဝေဝါးလာသည့် ပြည်ပထွက်အလုပ်လုပ်ခွင့်

မြန်မာနိုင်ငံဖွား အရွယ်ကောင်း အမျိုးသားများအတွက် စစ်ကောင်စီ၏ တင်းကျပ်လာသည့် စစ်မှုထမ်းဥပဒေနှင့် ကန့်သတ်မှုများအကြား ပြည်ပသို့ ထွက်၍ အလုပ်လုပ်ကိုင်ခွင့်သည် ပိုဝေဝါးလာရသည်။

ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့ဇာတိ ကိုကောင်းကောင်းသည် ဆိုင်ကယ်တစ်စီးဖြင့် သရေစာ လှည့်ပတ်ရောင်းသည့် ဈေးသည်တစ်ဦးဖြစ်သည်။ အာလူးကြော်၊ ပြောင်းဖူးပေါက်ပေါက် စသည့် မုန့်မျိုးစုံကို ရောင်းသူဖြစ်သည်။

စားသုံးသူများအတွက် တစ်နေ့တခြားမြင့်တက်လာသည့် ကုန်ဈေးနှုန်းနှင့် သူရောင်းသည်က မရှိမဖြစ်သည့် အခြေခံစားသောက်ကုန် မဟုတ်ခြင်းတို့ကြောင့် ကိုကောင်းကောင်းအတွက် ဖောက်သည်များ တဖြည်းဖြည်း ရှားပါးလာသည်။

ကိုကောင်းကောင်း (အမည်လွှဲ) က ရသမျှအမြတ်ကို ပြန်လည်ရင်းနှီးသည်၊ သို့သော် ရသမျှအမြတ်သည် တရိပ်ရိပ်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် အရင်းပြုတ်ရတော့မည့် အခြေအနေဆိုက်လာသည်။ ဓာတ်ဆီ တစ်လီတာသည် စစ်တပ်အာဏာမသိမ်းခင် ကျပ် ၁,၀၀၀ သာ ရှိခဲ့သော်လည်း ယခု ကျပ် ၃,၀၀၀ ဖြစ်လာရာ မုန့်ရောင်း၊ မုန့်ပို့ရာတွင် ဆိုင်ကယ်အတွက် သုံးသည့် ဆိုင်ကယ်ဆီဖိုးရရန်ပင် အတော်ရုန်းကန်လာရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းပြီး ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်လာသဖြင့် ဝင်ငွေနှင့် ထွက်ငွေမမျှတော့သည့် ကိုကောင်းကောင်းတို့ကဲ့သို့သော အခြေခံလူတန်းစားများအတွက် ပိုမိုခက်ခဲလာရသည်။

စက်ရုံနှင့် ပုဂ္ဂလိကဝန်ထမ်းလုပ်လျှင် သာမန်လူတန်းစားများအနေဖြင့် လုပ်ခလစာ ကျပ် ၂၅၀,၀၀၀ မှ အမြင့်ဆုံး ၅၀၀,၀၀၀ အထိ ရနိုင်သည်။ သို့သော် ဆန်ကြမ်းတစ်ပြည် ကျပ် ၅,၀၀၀ ဝန်းကျင်၊ ကန်စွန်းရွက်တစ်စည်း ကျပ် ၅၀၀ ကျော်နှင့် အခြားအထွေထွေကုန်ဈေးနှုန်းမြင့်တက်လာချိန်တွင် ရှာသမျှငွေသည် စားဝတ်နေရေးအတွက် လုံလောက်သည့် အထောက်အပံ့ မဟုတ်တော့ပေ။

“အဲ့ဒါကြောင့်လည်း လူတိုင်းလူတိုင်းက နိုင်ငံခြားထွက်ဖို့ပဲ အားသန်တာပေါ့ဗျာ။ ကိုယ့်မြန်မာနိုင်ငံက ရှာဖွေစားသောက်လို့မှ အဆင်မပြေတာ” ဟု ကိုကောင်းကောင်းက ဆိုသည်။

ကျပ်တည်းလာသည့် အခြေအနေများကြောင့် နှစ်ရှည်လများ တရင်းတနှီးရှိခဲ့သည့် ဆိုင်ကယ်ကို ကိုကောင်းကောင်း ပြီးခဲ့သည့်နှစ်တွင် ရောင်းပစ်လိုက်သည်။ ရလာသည့် ငွေဖြင့် နိုင်ငံကူးလက်မှတ်လုပ်၊ ပြည်ပထွက်ကာ အလုပ်လုပ်ခွင့်ရရန် ကြိုးပမ်းသည်။

ငွေကျပ် ၆၀၀,၀၀၀ ကျော်အကုန်ခံ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့သော်လည်း မွတ်စလင်လူငယ်တစ်ဦးဖြစ်သည့် ကိုကောင်းကောင်း၏ မှတ်ပုံတင်တွင် ဘင်္ဂါလီလူမျိုးဟု ဖော်ပြထားသဖြင့် နိုင်ငံကူးလက်မှတ်ရရန် နှစ်နှင့်ချီ ကြာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ယခုလ (မေ) ကုန်တွင် စာအုပ်ထုတ်ယူခွင့်ရမည်ဟု သိလိုက်ရသည်။

သို့သော် ကိုကောင်းကောင်းအတွက် သတင်းဆိုးတစ်ခုဝင်လာသည်၊ ယခုနှစ် မေ ၁ မှစတင်၍ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို အာဏာသိမ်းစစ်ကောင်စီက ယာယီပိတ်ပင်လိုက်သည့် သတင်းပင်ဖြစ်သည်။ ထွက်ခွာခွင့်ကိစ္စကို ပိုမိုအချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအနေအရ ယာယီဆိုင်းငံ့သည်ဟု စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက မီဒီယာများကို ပြောသည်။

ထိုသို့ပိတ်ပင်မှုကြောင့် ကိုကောင်းကောင်းအပါအဝင် ပြည်ပသို့ သွားရောက်ရန် စီစဉ်နေသည့် အလုပ်သမားထုကြား အကြီးအကျယ် ဂယက်ရိုက်ခဲ့သည်။

ထိုနောက် တစ်ပတ်ကျော်အကြာ အလုပ်ခေါ်စာများ ပုံမှန်ပြန်လည်လက်ခံနေပြီဖြစ်ကြောင်း၊ သွားရောက်ခွင့်ကိုမူ စိစစ်ပြီးမှသာ ခွင့်ပြုမည်ဖြစ်ကြောင်း ဦးညွန့်ဝင်းက ယမန်နေ့ မေ ၉ တွင် စစ်တပ်ထိန်းချုပ် MRTV သတင်းဌာနကို ဖြေဆိုခဲ့သည်။

“Demand ဆိုတာ တင်တိုင်းကျတဲ့ အနေအထားတော့ မရှိဘူးပေါ့။ Demand အရေအတွက်ကို ကန့်သတ်ရန်၊ တားဆီးရန်မရှိပါဘူးဗျ။ သို့သော်လည်းပဲ Demand အရ စေလွှတ်မယ့် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် သူတို့ ရဲ့ Profile တွေ၊ ကိုယ်ရေးအချက်အလက်တွေကို ကြည်ပြီးတော့မှ စိစစ်သွားမှာဖြစ်ပါတယ်” ဟု သူက ဆိုသည်။

စိစစ်မည့်အချက်အလက်အသေးစိတ်ကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

သို့ရာတွင် အသက် ၂၃ မှ ၃၁ ကြား အမျိုးသားများကို ပြည်ပသို့ သွားရောက်အလုပ်လုပ်ခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း အေဂျင်စီတချို့က ဆိုသည်။

မေ ၁ ရက်မတိုင်မီ အလုပ်ခေါ်စာတင်ပြသူ အမျိုးသားများအနက် အသက် ၂၃ မှ ၃၁ နှစ်အရွယ်ရှိသူတို့ကိုလည်း စာချုပ်ချုပ်ခွင့်မပြုတော့ဘဲ အလုပ်လုပ်ခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများကို အကြောင်းကြားထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ပတ်စ်ပို့ရုံးရှေ့တွင် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​- Myanmar Now)

မျှော်လင့်ချက်များနှင့် နိုင်ငံခြားအလုပ်လုပ်ခွင့်အိပ်မက်

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံကူးလက်မှတ်ရုံးများတွင် လူကြိတ်ကြိတ်တိုးနေရာ QR ဟုခေါ်သည့် အွန်လိုင်းဘိုကင်ရရန်အတွက်ပင် ကျပ် ၄၀,၀၀၀ ကုန်ကျသည်။ ရက်ချိန်းကျသည့်နေ့တွင် တစ်နေကုန်တစ်နေခန်း စာအုပ်လျှောက်ခွင့်ရရန် စောင့်ဆိုင်းကြရသည်။

ကိုကောင်းကောင်းကဲ့သို့ ဘာသာခြားများဖြစ်ပါက နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအရာရှိများက အချိန်ဆွဲ စစ်ဆေးတတ်သဖြင့် ပွဲစားများကို ပိုက်ဆံပေး၍ စေခိုင်းကြရသည်။

ပြည်ပထွက်အလုပ်လုပ်မည့်သူများအနေဖြင့် ပထမအဆင့် အခက်အခဲများကြားမှ ငွေကုန်ကြေးကျခံကာ နိုင်ငံကူးလက်မှတ် လျှောက်ထားရသည်။ ထို့နောက် လိုအပ်သည့် ဘာသာစကားသင်တန်းများကို ငွေကျပ် သိန်းချီ အကုန်အကျခံကာ တက်ရောက်ပြီး စာမေးပွဲများဖြေဆိုရသည်။ ထိုအဆင့်ဆင့် သင်တန်းများနှင့် ငွေများကုန်ပြီးနောက် အေဂျင်စီများနှင့် ချိတ်၍ အလုပ်လုပ်ရန် ထွက်ခွာကြရသည်။

ဂျပန်ဘာသာစကားသင်တန်း အခြေခံအဆင့် N5 နှင့် N4 အတွက် ကျပ် ၃၅၀,၀၀၀ ကျော် ကုန်ကျကြောင်း၊ နယ်မြို့များမှ မြို့ပေါ်လာကာ သင်တန်းတက်ပါက နေထိုင်စားသောက်စရိတ်များပေါင်းက တစ်နှစ်လျှင် ကျပ်သိန်း ၂၀ ကျော် ကုန်ကျနိုင်ကြောင်း သိရသည်။

သွားရောက်အလုပ်လုပ်လိုသည့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်ကျစရိတ်ကွာခြားပြီး ဂျပန်နိုင်ငံသို့ သွားလျှင် ပေးရသည့် အေဂျင်စီစရိတ်မှာ ကျပ်သိန်း ၈၀ မှ ၁၀၀ ခန့်အထိ ရှိနိုင်သည်ဟု အလုပ်သမားများထံမှ သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားမည်ဆိုပါက ကျပ်သိန်း ၃၀ မှ ၄၅ သိန်းအထိ အေဂျင်စီများကို ပေးရသည်။ အိမ်နီးချင်း ထိုင်းနှင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်မည့် အလုပ်သမားများအတွက် ထူးထွေသော သင်တန်းများ တက်ရန်မလိုအပ်ပေ။

စစ်အာဏာသိမ်းပြီးနောက် အထွေထွေစီးပွားရေးကျပ်တည်းလာမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းကြောင့် ပြည်ပနိုင်ငံများသို့ အုံလိုက်ကျင်းလိုက် ထွက်ခွာနေသည်။ ယခုနှစ် ဖေဖော်ဝါရီတွင် အသက်သွင်းခဲ့သည့် စစ်မှုမထမ်းမနေရဥပဒေကြောင့် ထွက်ခွာသူပိုများလာသည်။

မြန်မာအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် အလုပ်သမားများ စေလွှတ်နေသည်။ ၂၀၁၆ မှစ၍ ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများကို အမှတ်ပေးစနစ်ဖြင့် လက်ရှိကာလအထိ စေလွှတ်ခဲ့သည်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်အရ ၁၉၉၉ မှစ၍ အေဂျင်စီများခွင့်ပြုကာ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအိုနှင့် ဂျော်ဒန်နိုင်ငံသို့ အများဆုံး အလုပ်သမားစေလွှတ်ခဲ့ကြောင်း သိရသည်။ ၁၉၉၀ မှ ၂၀၂၁ မတ်လအထိ ထိုနိုင်ငံများသို့ စေလွှတ်သည့် အလုပ်သမား ၁ ဒသမ ၃ သန်းကျော် ရှိသည်ဟု ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။

မလေးရှားသည် မြန်မာလုပ်သားခေါ်ယူမှုကို ပြီးခဲ့သည့် မတ်လတွင် ပိတ်ပင်ထားရာ မြန်မာဘက်မှ ယခုပိတ်ပင်မှုသည် အခြားနိုင်ငံများသို့ အလုပ်သမားပို့ဆောင်ရာတွင် အဓိကသက်ရောက်မှုရှိလာမည်ဖြစ်သည်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီပေါင်း ၅၀၀ ကျော် ရှိနေသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ထိုအေဂျင်စီများက ပြည်ပသို့ အလုပ်သမား ၈,၀၀၀ မှ ၁၉,၀၀၀ ကြား လစဉ်စေလွှတ်ပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ မတ် ၂၁ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နှစ်ကုန်က တွေ့ရသော စင်ကာပူမှ ထွက်ခွာခွင့် ပိတ်ပင်ခံရသော မြန်မာနိုင်ငံကူးစာအုပ်တစ်ခု။ (ဓာတ်ပုံ-ပေးပို့)

ဖြစ်လာနိုင်သည့် ပြဿနာများ

စစ်ကောင်စီသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ခွင့်ပိတ်ပင်တော့မည်ဟူသော သတင်းများ မကြာခဏ ထွက်လေ့ရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းတွင် အလုပ်သမားဝန်ကြီးဌာနက ပြည်ပသို့ သွားရောက်အလုပ်လုပ်သူများကို ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီး နောက်ရက်တွင် ပြန်ဖွင့်ပေးခဲ့သည်။

ယခုတစ်ဖန် ပြည်ပသို့ အမျိုးသားအလုပ်သမားများ စေလွှတ်ခွင့် ယာယီရပ်ဆိုင်းမည်၊ ထို့နောက် အသက် ၂၃ မှ ၃၁ နှစ် အရွယ်ရှိသူများကို ထွက်ခွင့်မပေးဟု သတင်းများ ထွက်ပေါ်လာပြန်သည်။

လက်ရှိတွင်မူ အေဂျင်စီများက မေလမတိုင်မီ စာချုပ်ချုပ်ဆိုထားသူများ၊ အသက်ကန့်သတ်ချက်နှင့် အကျုံးမဝင်သည့် အမျိုးသားများကို ပုံမှန်အတိုင်း လွှတ်နိုင်ရန် စီစဉ်နေသည်။ ဘာသာစကားသင်တန်းကျောင်းများလည်း ပုံမှန်အတိုင်းသင်ကြားမှုရှိနေသည်ဟု သိရသည်။

သို့သော် အပြောင်းအလဲမြန်သည့် ပြောဆိုချက်များ၊ သတင်းများကြောင့် အေဂျင်စီများနှင့် အလုပ်သမားများကို ထိခိုက်မှုကြီးမားနိုင်ပြီး ငွေကြေးထိခိုက်ဆုံးရှုံးမှုများဖြစ်လာနိုင်သည်ဟု အလုပ်သမားအေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာရရှိပြီးမှ အလုပ်သမားစုဆောင်းခွင့်ရှိပြီး သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်ပါက ငွေကြေးဆုံးရှုံးမှုမဖြစ်နိုင်ကြောင်း သိရသည်။ သို့ရာတွင် အလုပ်ခေါ်စာမရမီကတည်းက လူစုဆောင်းကာ ငွေကြေးကောက်ခံထားသည့် အေဂျင်စီများရှိသဖြင့် ငွေကြေးအရှုပ်အရှင်းပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း သူက ဆိုသည်။

“တချို့တွေက ရွာကနေပြီးတော့ အေဂျင်စီဆီကို တိုက်ရိုက်မရောက်ဘဲနဲ့ ရွာပွဲစား၊ မြို့ပွဲစားတွေဆီမှာ အပ်ထားတာ ရှိမယ်။ အဲ့ဒီလူတွေက အလုပ်သမားလိုတယ်ဆိုတဲ့ အေဂျင်စီတွေကို လိုက်အပ်ရင် အပ်နေမယ်။ အဲ့ဒီကြားထဲမှာ တချို့ကလေးတွေ ဒုက္ခရောက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အလုပ်ခေါ်စာမရမီ အေဂျင်စီများက ငွေကြေးကြိုတင်ကောက်ခံထားသည့် အလုပ်သမားမည်မျှရှိသည်၊ ယခုပိတ်ပင်မှုတွင် အကျုံးမဝင်ဘဲ သွားခွင့်ရှိသူ အလုပ်သမားမည်မျှရှိသည်ကို အတိအကျမသိကြောင်း ထိုအေဂျင်စီလုပ်ငန်းရှင်က ပြောသည်။

ရန်ကုန်မြို့တွင်း လုံခြုံရေးယူထားသည့် ရဲနှင့် စစ်သားများကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now)

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပသို့ စေလွှတ်ပေးမည်ဟုဆိုကာ ငွေကြေးနှင့် နိုင်ငံကူးလက်မှတ် ရယူထားပြီး အမှန်တကယ်ပို့ဆောင်ပေးခြင်းမရှိဘဲ ငွေကျပ်သိန်းသောင်းချီလိမ်လည်သည့်ပြဿနာများ ရှိနေသည်။

ပြည်ပထွက်ရန် ကုန်ကျမည့်စရိတ်အတွက် အိမ်ပေါင်၊ ခြံပေါင်၊ ငွေတိုးယူထားသည့် မြို့နယ်အသီးသီးမှ နွမ်းပါးသူများကို အေဂျင်စီများနှင့် ကြားခံပွဲစားများက လိမ်လည်ခြင်းဖြစ်သည်။ ယခုပိတ်ပင်မှုကြောင့် ထိုပြဿနာများ ကြီးထွားလာနိုင်သည်ဟု သိရသည်။ တရားမဝင်ထွက်ခွာမှု ပိုများလာနိုင်သည်။

အခြားတစ်ဖက်တွင် ကန့်သတ်ပိတ်ပင်မှုကြောင့် အလုပ်သမားများမပို့ဆောင်နိုင်သဖြင့် အေဂျင်စီများလည်း ဝင်ငွေထိခိုက်နိုင်ကြောင်း သိရသည်။

အခြေအနေအသေးစိတ်ကို ပွင့်ပွင့်လင်းလင်းမသိရှိနိုင်ခြင်းကြောင့် ကိုရီးယား၊ ဂျပန် အစရှိသည့် ဘာသာစကားသင်တန်းတက်ရောက်နေသူများမှာ ဘာဆက်လုပ်ရမည်ကို ဝေခွဲမရဖြစ်နိုင်ကြောင်း ဂျပန်သို့ သွားရောက်အလုပ်လုပ်ရန် စီစဉ်နေသည့် လူငယ်တစ်ဦးက ပြောသည်။

“နစ်နာမှုကတော့ ပထမတော့ ငွေကြေးနစ်နာမယ်။ ဒုတိယတော့ အချိန်နစ်နာမယ်။ ကိုယ်လျှောက်ချင်တဲ့ လမ်းကို ပုံမှန်ထက် နောက်ကျသွားမယ်ဆိုရင်တော့ သူတို့အတွက် စိတ်ထိခိုက်နိုင်တာပေါ့ဗျာ” ဟု သူက ပြောသည်။

ယာယီပိတ်ပင်သည်ဟု ပြောဆိုထားသော်လည်း မည်မျှကြာမည်ကို မသိနိုင်သလို စောင့်ကြည့်ရုံသာ တတ်နိုင်သည်ဟု သူကဆိုသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်းနှင့် မိသာစုဝင်များထံ ငွေကြေးပြန်လည်လွှဲပို့ပေးခြင်းသည် မြန်မာနိုင်ငံအတွက် အရေးပါသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းတစ်ရပ်ဖြစ်သည်။ မြန်မာအလုပ်သမားထု၏ ၁၀ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေပြီး အိမ်းနီးချင်း ထိုင်းနှင့် မလေးရှားနိုင်ငံတွင် ၂ ဒသမ ၂ သန်းကျော်ရှိနေသည်ဟု ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။

၂၀၂၃ တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ လွှဲပို့ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ရှိပြီး မြန်မာ့ဂျီဒီပီတန်ဖိုး၏ ၂ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်ဟု ထိုမှတ်တမ်း၌ ဖော်ပြသည်။ ထိုလွှဲပို့ငွေများထဲတွင် ဟွန်ဒီနှင့် ငွေသားသယ်ယူပေးပို့ခြင်း မပါဝင်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်ပရောက်မြန်မာအလုပ်သမားများကို နည်းလမ်းမျိုးစုံဖြင့် တင်းကျပ်လာသည်။ လစာဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို မဖြစ်မနေပြန်လွှဲရန်နှင့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကောက်ခံခဲ့သည်။ နိုင်ငံခြားဝင်ငွေရနေသော်လည်း ယခုအခါ ၎င်းတို့ကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်လိုက်ပြန်သည်။

စစ်ကောင်စီ၏ ပိတ်ပင်မှုသည် လိုင်စင်ယူထားသည့် ကုမ္ပဏီကြီးများ၏ အလုပ်သမားပို့ပေးမည်ဆိုကာ ငွေကြေးလိမ်လည်မှုများနှင့် တစ်စိတ်တစ်ပိုင်းပတ်သက်နိုင်ကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။ နိုင်ငံခြားငွေရနေ၍ MoU နှင့် G to G (အစိုးရချင်း) စေလွှတ်သည့် အလုပ်သမားများကို မတားမြစ်၊ စစ်သားသစ်စုဆောင်းမှုကို နည်လမ်းမျိုးစုံသုံးမည်ဖြစ်ကြောင်း သူက ဆိုသည်။

“တချို့ကုမ္ပဏီတွေက အချီကြီးလိမ်ကြတယ်။ ဟန်ပြ ထောင်အချီကြီးလည်းရရော ပျောက်သွားတာမျိုး၊ ပြည်ပရောက်အောင်တော့ ပို့ပြီး ဟိုရောက်တော့ ဘာတာဝန်မှ မယူတော့တာမျိုး အဲ့ဒါတွေ ပိုများလာတယ်။ အရပ်ထဲ လိမ်တဲ့သူတွေလည်း ပိုများလာတယ်” ဟု သူက ဆိုသည်။

မသေချာမရေရာသည့် ကန့်သတ်ပိတ်ဆို့မှုများအောက်တွင် ကိုကောင်းကောင်းကဲ့သို့ ပြည်ပထွက်လိုသည့် အလုပ်သမားများအတွက် ရည်မှန်းချက်များ ဝေဝါးနေသည်။ နိုင်ငံအဆင့်ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်စာအုပ်တစ်အုပ်အတွက် ရှိသည့်ဆိုင်ကယ်ရောင်းချကာ ပုံအောရင်းနှီးမြှုပ်နှံခဲ့သည့် ကိုကောင်းကောင်းအတွက် ယခုပိတ်ပင်မှုကြောင့် အခက်အခဲပိုတိုးနိုင်သလို အချိန်ကြန့်ကြာမှုဖြစ်လာနိုင်သည်။

“အလုပ်ဆိုတာ ရှိတဲ့အချိန်လေးပဲ ရမှာလေ။ ကိုယ့်ဘက်က ကြာသွားတဲ့အခါကျတော့ ဟိုဘက်ကပျက်၊ ဒီဘက်က အခြေအနေလည်း ပျက်ပြီ” ဟု ကိုကောင်းကောင်းက ပြောလိုက်သည်။

Show More

Related Articles

Back to top button