ဆောင်းပါး

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ငွေလမ်းခင်း စွန့်စားကြခြင်း

မြန်မာပြည်သား ၆ ဦးကို နယ်စပ်မှ ခေါ်ဆောင်လာသည့် ထိုင်းအမျိုးသားက လမ်းခရီးစစ်ဆေးမှုအခြေအနေကို တယ်လီဖုန်းဆက် မေးမြန်း စုံစမ်းရင်း ကားကို ထိုင်းနိုင်ငံအတွင်းဘက်သို့ မောင်းနှင်လာသည်။

အထောက်အထားလက်မှတ်မရှိသော ထိုသူတို့က တစ်ဦးလျှင် ဘတ် ၁၈,၀၀၀ (ကျပ် ၁၀ သိန်းနီးပါး) အကုန်အကျခံပြီး ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ခိုးဝင်နေကြခြင်းပင်။

စစ်ဆေးရေးဂိတ်များကို ကွေ့ရှောင်ပြီး ခပ်ဖြည်းဖြည်းမောင်းလာသည့်ကားက တယ်လီဖုန်းလိုင်းမမိသော တောင်ယာစိုက်ခင်းအတွင်းသို့ မောင်းဝင်သွားချိန်တွင် မှောင်ရီပျိုးစပြုလာပြီဖြစ်သည်။ 

သူတို့ကို ကားပေါ်မှ ဆင်းခိုင်းကာ တောင်ယာတဲတစ်ခုအတွင်းသို့ ခေါ်သွားပြီး ညအိပ်ခိုင်းသောကြောင့် လူကုန်ကူးခံရတော့မည်လောဟု သူတို့ထဲမှ တချို့က သံသယဝင်လာသည်။

တောင်ယာတဲသို့ လာပြီး သူတို့ကို ညစာလာပို့သော အမျိုးသမီးကို မေးကြည့်ရာ ပြင်ပနှင့် အဆက်ပြတ်နေသော ဤနေရာတွင် ရက်အတန်ကြာ သောင်တင်ပြီးမှ ခရီးဆက်ရသူများ ရှိခဲ့ဖူးသည်ဟူသော အဖြေကြောင့် လုံခြုံရေးအတွက် အနည်းငယ် စိတ်အေးသွားကြသော်လည်း သောင်တင်မည့်အခြေအနေနှင့် ရင်ဆိုင်ရနိုင်သဖြင့် စိတ်မသက်မသာဖြစ်မိကြသည်။

စွန့်စားရသည့်ခရီးစဉ်နှင့် ပတ်သက်ပြီး အဆက်မပြတ် ချိတ်ဆက်ပြောဆိုရသူများ၊ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အဆက်အသွယ် ရုတ်တရက်ပြတ်သွားသည်ဟု သူတို့ထဲမှ ပဲခူးတိုင်းမှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးက ပြောသည်။

“အင်တာနက်မရ၊ ဖုန်းမရတဲ့ အဲဒီနေရာမှာ ညအိပ်ရမယ်လို့ သိတဲ့အချိန်မှာ တော်တော်လေး လန့်သွားပါတယ်” ဟု သူက ဆိုသည်။

“(ထိုင်းရဲတွေ) လာဖမ်းတာမျိုးနဲ့ ကြုံခဲ့ရင် ဘယ်လိုလွတ်လမ်းရှိနိုင်မလဲ။ စိတ်ကလည်းပူတော့ တော်တော်နဲ့ အိပ်မပျော်ပါဘူး”

သူတို့က စိတ်ပူ၊ သူတို့အတွက် စိတ်ပူကြသူ အများအပြားရှိခဲ့သော်လည်း နောက်တစ်နေ့ နံနက်စောစောတွင် နယ်မြေကျွမ်းကျင်၊ အချိတ်အဆက်ကောင်းမွန်ဟန်တူသည့် ကားသမား ပြန်ရောက်လာပြီး သူတို့ကို ပြန်လာခေါ်ပြီး ခရီးဆက်ကြသည်။

လမ်းတွင် စစ်ဆေးရေးဂိတ်တချို့ကို ရှောင်ရှားနိုင်ရန် ပုံမှန်မဟုတ်သည့်လမ်းမှ မောင်းခြင်း၊ ကားပြောင်းစီးရခြင်းတို့အပြီးတွင် သူတို့ သွားလိုသည့် နေရာသို့ ကားသမားက ပို့ပေးခဲ့သည်။

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ(MoU) အရ အလုပ်သမားစေလွှတ်မည့် တရားဝင်လမ်းကြောင်းမပွင့်မီ ထိုင်းနိုင်ငံအတွင်းပိုင်းခရိုင်များထဲသို့ ခိုးဝင်သူအများအပြားရှိနေရာ အဆိုပါ ၆ ဦးကဲ့သို့ လိုရာခရီးကို အရောက်လှမ်းနိုင်သူများရှိသကဲ့သို့ လမ်းခုလတ်တွင် ဖမ်းဆီးခံရသူလည်း အများအပြားရှိနေသည်။

အများစု တူညီကြသောအချက်မှာ မှောင်ခိုလမ်းကြောင်းအတွက် ငွေကြေးအမြောက်အမြား ကုန်ကျကြခြင်း ဖြစ်သည်။

ငွေလမ်းခင်းရခြင်း

စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်နှင့် စားဝတ်နေရေး ပိုမိုခက်ခဲလာသည့်ပြင် MoU စနစ် နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် ထိုင်းနိုင်ငံကို ရသည့်နည်းဖြင့် ခိုးဝင်သည့် မြန်မာအလုပ်သမားများ အဖမ်းခံနေရသည်ဟု ထိုင်းအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သူများက ဆိုသည်။

“အလုပ်အကိုင်လည်းမရှိဘူး။ သူတို့ရဲ့ဘဝလုံခြုံရေး၊ စားဝတ်နေရေး အကုန်လုံး ကျပ်တည်းတဲ့အခါ ဒီထွက်ပေါက်ကိုပဲ ကြိုးစားကြတာပေါ့” ဟု ထိုင်းတောင်ပိုင်း၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။

MoU စနစ်သည် အလုပ်သမားပို့သည့်နိုင်ငံနှင့် လက်ခံသည့်နိုင်ငံနှစ်ခုကြား နှစ်နိုင်ငံအသိအမှတ်ပြုအလုပ်အကိုင်အေဂျင်စီများမှတစ်ဆင့် အလုပ်သမား တရားဝင်စေလွှတ်သည့်အစီအစဉ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံတွင် အလုပ်သမားလိုအပ်ချက်မြင့်တက်လာရာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို သုံးနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား လေးသိန်းကျော် ခေါ်ယူခဲ့သည်။ မြန်မာအလုပ်သမားတို့ကို ၂၀၂၁ ဒီဇင်ဘာ ၁ မှစပြီး MoU စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ခဲ့သည်။ 

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုနှင့် အထည်ချုပ်လုပ်ငန်းများအတွက် မြန်မာအလုပ်သမား ၂၅၆,၀၂၉ ဦးအထိ အများဆုံးခေါ်ယူရန် စီစဉ်ထားသည်ဟု သိရသည်။

MoU စနစ်မှာ ၂၀၀၃ ကတည်းက စတင်ခဲ့ပြီး ကိုဗစ်ကြောင့် ၂ နှစ်ကြာ ရပ်ဆိုင်းခဲ့ရာမှ ၂၀၂၂ တွင် ထိုင်းနိုင်ငံက ပြန်လည်ခေါ်ခြင်းဖြစ်သည်။ 

သို့သော် ယခုလ (မတ် ၁၈ အထိ) အလုပ်သမားများမပို့နိုင်သေးပေ။ လာမည့် ဧပြီလဆန်းတွင် အလုပ်သမား ၂,၀၀၀ ကျော်စလွှတ်ရန် ပြင်ဆင်နေမှုမှာလည်း နယ်စပ်လုံခြုံရေးအခြေအနေနှင့် ထိုင်းနိုင်ငံ၏ လက်ခံမှုအပေါ် မူတည်နေသည်။ 

မြန်မာဘက်ခြမ်းတွင် အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်လုပ်ခြင်းမှစ၍ ကြန့်ကြာမှုရှိပြီး ကုန်ကျစရိတ်လည်းကြီးမြင့်ကာ အလုပ်သမားတစ်ဦးလျှင် အများဆုံး ဘတ် ၂၄,၀၀၀ (ကျပ် ၁၂ သိန်းကျော်) ကုန်ကျနိုင်ကြောင်း ဦးမင်းဦးက ဆိုသည်။ 

စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကမူ MoU အလုပ်သမားများထံမှ ဝန်ဆောင်ခ ကျပ် ၃ သိန်းသာ ကောက်ခံရမည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီများကို ညွှန်ကြားထားသည်။ သို့သော် ကျပ် ၁၀ သိန်းထက်မနည်း တောင်းခံမှုများရှိကြောင်း အလုပ်သမားအချို့ထံမှ သိရသည်။

ထို့ပြင် ထိုင်းဘက်ခြမ်းတွင် ကိုဗစ်ရောဂါပိုးစစ်ဆေးခ၊ ကာကွယ်ဆေးထိုးခနှင့် ကွာရန်တင်း ကုန်ကျစရိတ်များကို အလုပ်သမားများထံမှ မဖြတ်တောက်ရန်လည်း ညွှန်ကြားထားသည်။ 

ပြီးခဲ့သည့်နှစ်တွင် ထိုင်းအစိုးရသည် ပန်းရောင်ကတ် (ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်) နှစ်ကြိမ်ထုတ်ပေးခဲ့သည်။ ထိုကဲ့သို့ ထုတ်ပေးခြင်းကို ပွဲစားများက အခွင့်ကောင်းယူစွဲဆောင်သလို အလုပ်အမြန်လိုအပ်နေသည့် မြန်မာအလုပ်သမားများကလည်း အလုံးအရင်းခိုးဝင်နေကြသည်။

၂၀၀၉ ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ဖူးခက်ကျွန်း ပုလဲမွေးမြူရေးလုပ်ငန်းတွင် တွေ့ရသော မြန်မာအလုပ်သမားတစ်ဦး (ဓာတ်ပုံ – EPA)

ထိုင်းဘက်က ကမ်းလှမ်းထားသည့် MoU စနစ်နှင့် ပတ်သက်၍ စစ်ကောင်စီက ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှု မရှိသောကြောင့် အကျိုးဆက်အနေဖြင့် အလုပ်သမားများအဖမ်းခံရသည်ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

“နေ့တိုင်းလိုလို ထိုင်းနယ်စပ်တွေမှာရော၊ ထိုင်းနိုင်အတွင်းပိုင်းတွေမှာရော အဖမ်းခံနေရတာပဲ” ဟု ၎င်းက ပြောသည်။

ယခုလ မတ်လ ၁ မှ ၁၅ အထိ ပွဲစား ၂၀ ဦးအပါအဝင် ခိုးဝင်သည့် မြန်မာအလုပ်သမား ၁၂၀၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းနယ်ခြားစောင့်တပ်၏ စာရင်းများကို ကိုးကား၍ ဦးမိုးကြိုးက ဆိုသည်။

ခိုးဝင်သူများကို တင်းတင်းကျပ်ကျပ်စစ်ဆေးဖမ်းဆီးရန် ထိုင်းအစိုးရက မူဝါဒချမှတ်ထားသော်လည်း အိမ်ပေါင်၊ ခြံပေါင်၊‌ ငွေချေးငှားကာ ပွဲစားများကို ငွေပုံပေးကာ ဝင်ရောက်နေဆဲဖြစ်သည်။

“အလောင်းအစားကြီးလွန်းအားကြီးတယ်။ ကြိုးတန်းလမ်းလျှောက်စွန့်စားရတာကြီးက ဘယ်လိုမှ မဖြစ်သင့်ဘူးလို့ ယူဆပေမဲ့လည်း သူတို့ဘက်က ကြည့်ရင်လည်း အဲ့လိုမှ မသွားရင် ရောက်မှာ မဟုတ်ဘူးလို့ ပွဲစားက ပြောတဲ့အခါကျတော့ သွားရတော့တာပေါ့လေ” ဟု ဦးမိုးကြိုးက ဆိုသည်။

ကပ်ဘေးကာလတွင် ဌာနပေါင်းစုံ စုပေါင်းတာဝန်ယူသည့် ကိုဗစ်စစ်ဆေးရေးဂိတ်အများအပြား ပေါ်ပေါက်လာခြင်းကလည်း ပွဲစားခတက်သွားရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ပေါများသော မြို့ကြီးများသို့ ရောက်နိုင်ရန် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ အသုံးပြုကြောင်း ၂၀၂၁ နိုဝင်ဘာက ထုတ်ပြန်သည့် ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများဖွဲ့(MWG) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။  

မြန်မာငွေနှင့် တွက်လျှင် ကျပ် ၈ သိန်းမှ ၁၃ သိန်းအထိ ရှိသည်။

ထိုင်းကို သွားသူများမှာ တနင်္သာရီ၊ မွန်၊ ကရင်၊ ရှမ်း စသည့် ထိုင်းနှင့် ထိစပ်သည့် ဒေသများအပြင် ပဲခူးနှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ 

စွန့်စားရသောလမ်း

နယ်စပ်ဖြတ်ပြီး ထိုင်းကို မှောင်ခိုလမ်းမှသွားရန် လမ်းစရိတ်အတွက် ပိုင်ဆိုင်မှုအားလုံး ထုခွဲရောင်းချ၍ ပုံအောရင်းနှီးမြှုပ်နှံကြသလို အတိုးနှုန်းမြင့်သည့် ငွေတိုးယူသူများလည်းရှိသည်။

တောတောင်များကို ဖြတ်ကျော်ကာ ထိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်လမ်းကြောင်းများမှ ကုန်စိမ်းကား၊ အိမ်းသုံးပစ္စည်းကားများတွင် ပုန်းခို၍ လူဦးရေပြည့်ကျပ်စွာ လိုက်ပါလာကြသည်။

ပြီးခဲ့သည့် မတ် ၁၄ တွင် ဂေါ်ဖီထုပ်များတင်လာသည့် ၆ ဘီးကားအတွင်း ပုန်းခိုလိုက်ပါလာသည့် မြန်မာအမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၂၂ ဦးကို မြဝတီမြို့နှင့် ကပ်နေသည့် ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့တွင် ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းမိခဲ့သည်။ 

မြန်မာအလုပ်သမားများအနေဖြင့် ပွဲစားကို ဘတ် ၃၀,၀၀၀ ပေးခဲ့ရပြီး ရာသီဥတုပူပြင်းသည့်ကြားမှ ဟင်းသီးဟင်းရွက်များဖြင့် ပိတ်ဆို့လိုက်ပါလာရ၍ အသက်ရှူကျပ်ကာ မောပန်းနွမ်းနယ်နေကြောင်း ဒေသအခြေပြု Thai Post သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ထို့ပြင် မတ် ၁၆ တွင် ထိုင်းနိုင်ငံ ပကျွတ်ခီလီခရိုင်မှ ဘန်ကောက်သို့သွားရာ လမ်းမကြီးပေါ်တွင် တရားမဝင်မြန်မာအလုပ်သမားများလိုက်ပါလာသည့် ကားတိမ်းမှောက်၍ ၆ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာအလုပ်သမားစုစုပေါင်း ၁၉ ဦး လိုက်ပါလာပြီး သေဆုံးသူ ၆ ဦးမှာ မခိုင်ဇာလင်း၊ မရီရီဝင်း၊ မလဲ့လဲ့စိုး၊ မမြပုလဲ၊ ဦးဇေယျာမင်းနှင့် မအိအိမော်တို့ဖြစ်ကြောင်း မြန်မာအလုပ်သမားသံရုံး (ဘန်ကောက်) က သတင်းထုတ်ပြန်ထားသည်။

မြန်မာတို့သည် စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှု၊ ကိုဗစ်ကပ်ရောဂါထိခိုက်မှုအပြင် အလုပ်ရှာဖွေရန် ထိုင်းနိုင်ငံကို ဝင်ရောက်လာကြောင်း MWG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထိုင်းနိုင်ငံကို ဖြတ်ကာ မလေးရှားသို့ သွားရောက်လုပ်ကိုင်ရန် လာရောက်သူများလည်းရှိသည်။ ၂၀၂၀ ဇူလိုင်မှ ၂၀၂၁ အောက်တိုဘာအထိ ထိုင်းကို ခိုးဝင်သည့် မြန်မာအလုပ်သမား ၂၀,၆၀၆ ဦး ဖမ်းဆီးခံရကြောင်း MWG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် ဇူလိုင်တွင် နယ်စပ်ဖြတ်ကျော်သူမှာ တစ်အုပ်စုလျှင် ၂၀ ဦးထက်မပိုသော်လည်း အောက်တိုဘာနှင့် နိုဝင်ဘာတွင် ၁၀၀ ကျော်သည့်အုပ်စုများရှိလာကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရားမဝင်သွားသူများကို အလုပ်သမားအဖြစ် သတ်မှတ်၍မရသလို လူမှောင်ခို၊ လူကုန်ကူးအဖြစ် အဖမ်းခံရနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောသည်။

“(MoU) ကို မစောင့်နိုင်ဘဲ တရားမဝင်သွားရင်တော့ ခုနကပြောတဲ့ တရားဝင်အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ လုပ်ခလစာအခွင့်အရေး ဒါတွေတော့ ဘယ်လိုမှ မရနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

မတ်လကုန်တွင် MoU တရားဝင်လုပ်သားစေလွှတ်နိုင်ရန် အာရုံစိုက်ဆောင်ရွက်နေပြီး တစ်ပတ်လျှင် ၂,၀၀၀ ကျော် သွားနိုင်သော်လည်း လုံခြုံရေးအပေါ်တွင် မူတည်ကြောင်း ဦးညွန့်ဝင်းက ပြောသည်။

MoU အလုပ်သမားကို နယ်စပ်လမ်းကြောင်းက လွှတ်ရပြီး ထိုင်းဘက်က စီစဉ်ထားသည့် ကွာရန်တင်းစင်တာမှာ မဲဆောက်တွင် ၁,၉၀၀ ဦး၊ ရနောင်းတွင် ၇၀၀ သာ ထားနိုင်၍ တစ်ပတ်လျှင် ၂,၀၀၀ ကျော်သာ လွှတ်ခွင့်ရမည်ဟု ၎င်းက ဆက်ပြောသည်။

“ဒါတောင် လွှတ်ချင်တိုင်းလွှတ်ဖို့ဆိုတာ နယ်မြေတွေ၊ လမ်းကြောင်းတွေ အခြေအနေကလည်း ကျွန်တော်တို့ ချိန်ဆနေရတဲ့အနေအထားရှိတယ်ဗျ” ဟု သူက ဆက်ပြောသည်။

မြဝတီ-မဲဆောက်လမ်းကြောင်းသည် လမ်းကြောင်းတိုသော်လည်း လုံခြုံရေးစိတ်မချရသေးသလို ကော့သောင်း-ရနောင်းမှာ လုံခြုံရေးမဆိုးလှသော်လည်း ကုန်ကျစရိတ်ကြီးသည်ဟု ၎င်းက ဆိုသည်။

ရွှေ့ပြောင်းလုပ်သားများစေလွှတ်ရာတွင် ကပ်ရောဂါ၊ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးတို့နှင့် ဆက်နွှယ်ပြီး ထိုင်း၏ လက်ခံနိုင်မည့်အခြေအနေပေါ်တွင် မူတည်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၄ အောက်တိုဘာလက တွေ့ရသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့ ငါးလုပ်ငန်းမြင်ကွင်းတစ်ခု (ဓာတ်ပုံ – EPA)

နှစ်ဖက် လိုအပ်ချက်

ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အခြေအနေဆိုးများကြောင့် အလုပ်အကိုင်နည်းပါးလာသည့် မြန်မာပြည်သားများအတွက် ထိုင်းနိုင်ငံတွင်း ဝင်ရောက်အလုပ်လုပ်ခြင်းက ကြီးမားသည့် ထွက်ပေါက်ဖြစ်နေသည်။ 

ထိုင်းတွင်လည်း အလုပ်သမားလိုအပ်ချက် များစွာရှိနေသည်။

ထိုင်းဘက်က ခေါ်ယူသည့် အလုပ်သမားလိုအပ်ချက်စာရင်းကို လက်ခံထားပြီး စာချုပ်ချုပ်ဆို၍ အလုပ်သမားလွှတ်နိုင်ရန် စီစဉ်နေကြောင်း၊ သို့သော် လက်နက်ကိုင်စစ်ပွဲများကြောင့် အမှန်တကယ်သွားရောက်နိုင်ရန် ကြန့်ကြာနိုင်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအချို့ထံမှ သိရသည်။ 

သိန်းနှင့်ချီစေလွှတ်မည့် MoU မဆိုထားနှင့် မြန်မာနှင့် ကမ္ဘောဒီးယားမှ နယ်စပ်လုပ်သား သို့မဟုတ် ရာသီလုပ်သား ၃၀,၀၀၀ ခေါ်ယူထားသည်ကို​ပင် တစ်ယောက်တစ်လေမျှ မစေလွှတ်နိုင်သေးကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

“နယ်စပ်မှာတောင် အဆင်ပြေအောင်မလုပ်နိုင်တာ ဟို MoU ကိစ္စ၊ သိန်းနဲ့ချီ တင်သွင်းရမဲ့ကိစ္စကို အဝေးကြီးဝေးနေပါသေးတယ်” ဟု ၎င်းက ဆိုသည်။

ရာသီလုပ်သားများသည် ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်၊ တာ့ခ်၊ ကန်ချနဘူရီ၊ ရနောင်း ခရိုင်လေးခုတွင် နေ့စား၊ ခြံတောင်ယာနှင့် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ရသည်။ အလုပ်ပါမစ် သုံးလသက်တမ်းရှိပြီး MoU ကဲ့သို့ အလုပ်သမားအခွင့်အရေးမရပေ။

အခြားတစ်ဖက်တွင်မူ နယ်ခြားစောင့်တပ်ဖွဲများ၏ ကင်းလှည့်ခြင်း၊ ရပ်ရွာများကို စစ်ဆေးခြင်း၊ တရားမဝင်ခိုးဝင်သူများကို ထိထိရောက်ရောက်အရေးယူရန် ထိုင်းအစိုးရက ဖေဖော်ဝါရီလအတွင်း ညွှန်ကြားခဲ့သည်။

အဖမ်းအဆီးတင်းကျပ်သော်လည်း မြန်မာဘက်တွင် ပိုကျပ်တည်းလာသောကြောင့် ခိုးဝင်သူ များနေဦးမည်ဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည့် အမည်မဖော်လိုသည့် လူငယ်တစ်ဦးက ပြောသည်။

“သူတို့ ဘယ်လိုပဲဖမ်းဖမ်း ကျွန်တော့်အထင် များတော့များလာမှာပဲဗျ။ ဟိုဘက်မှာလည်း ဘယ်လိုမှ အဆင်မပြေတဲ့အခါကျတော့ ဘယ်လိုပဲဖြစ်ဖြစ် စွန့်စားပြီးသွားကြမှာပဲ” ဟု လွန်ခဲ့သည့် သုံးနှစ်က မဲဆောက်ကို ဒုတိယတစ်ကျော့ ပြန်လည်ဝင်ရောက်ခဲ့သည့် ၎င်းက ဆိုသည်။

စည်းစိမ်းဥစ္စာများပုံအော၍ ကောက်ရိုးတစ်မျှင်မျှော်လင့်ချက်နှင့် ထွက်ခွာလာသူများအနေဖြင့် ဖမ်းဆီးခံရပါက ထိခိုက်ဆုံးရှုံးမှုကြီးမားသလို ထိုင်းအချုပ်ထောင်များ၌ ဒုက္ခကြုံရဖွယ်ရှိနေသည်။

အဖမ်းမခံရ၍ လွတ်မြောက်နေလျှင်လည်း အဆင်ပြေသည်ဟု မဆိုနိုင်ကြောင်း၊ အထောက်အထားမဲ့ဖြစ်၍ အလုပ်ရှင်၏ ခေါင်းပုံဖြတ်မှုခံရနိုင်ခြေများကြောင်း ၎င်းက ဆိုသည်။

“နှိမ်ပြီးခိုင်းချင်လို့ အထောက်အထားမဲ့ကို ခေါ်တာ။ တရားဝင်သတ်မှတ်ထားတဲ့ လစာမပေးချင်ဘူးဗျာ။ နောက်တစ်ခုက အထောက်အထားမဲ့ကို ခေါ်ထားတဲ့အတွက် ဒီဘက်မှာ သူတို့ လိုင်းကြေးတွေပေးရတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ အောက်တိုဘာ ၂၁ အထိ စာရင်းများအရ ထိုင်းနိုင်ငံတွင် တရားဝင်အထောက်အထားလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားပေါင်း ၁ ဒသမ ၄ သန်းကျော်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအများအပြားကို ကူညီခဲ့ဖူးသည့် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေက ခရီးသွားနေစဉ် မိတ်ဆွေများကို အဆက်အသွယ်လုပ်ထားသင့်သည်၊ လိုအပ်ပါက အကူအညီရယူရန် မြန်မာအလုပ်သမားရေးရာအဖွဲ့များ၏ ဖုန်းနံပါတ်များ၊ လိပ်စာများ စုဆောင်းထားသင့်သည်ဟု ပြောသည်။

“တိုင်းပြည်မှာ ယနေ့ဖြစ်ပျက်နေတဲ့အခြေအနေအရ တရားမဝင်မလာကြဖို့ ပြောလည်း တားလည်း ရမယ်မထင်ပါဘူး၊ ဒါကြောင့် တရားမဝင်ဝင်ရောက်လာရင် တွေ့ကြုံလာရနိုင်တဲ့အခြေအနေအတွက် ရုပ်ပိုင်းစိတ်ပိုင်းပြင်ဆင်ထားသင့်ပါတယ်” ဟု ဦးမိုးဆွေက ပြောလိုက်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button