ပြည်ပသို့ သွားရောက် အလုပ်လုပ်မည့်သူများက ၎င်းတို့ကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ် (Passport for Job – PJ) ကို သာမန်နိုင်ငံကူးလက်မှတ် (Passport for Visit – PV) သို့ ပြောင်းလဲရန် လျှောက်ထားရာတွင် ကျပ်ဆယ်သိန်းဝန်းကျင် လာဘ်ထိုးနေရသည်ဟု စုံစမ်းသိရသည်။
မေလ ၁ ရက်နေ့တွင်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများကို ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ် ပိတ်ပင်လိုက်သည်။
ထိုအခြေအနေကြောင့် PV ကိုင်ဆောင်ထားမှသာ လေဆိပ်တွင် အဆင်ပြေမည် ဖြစ်သည်။
PJ မှ PV သို့ ပြောင်းလဲခွင့် ကန့်သတ်ထားသော်လည်း ငွေအကုန်ခံနိုင်လျှင် အဆင်ပြေစေရမည်ဟု ရန်ကုန်မှ နိုင်ငံကူးလက်မှတ်လုပ်ပေးသည့် ပွဲစားတစ်ဦးက ပြောသည်။
“ငွေပေးရင်ရတယ်။ အကုန်လုပ်လို့ရတယ်၊ ကုန်တာကတော့ စာအုပ်အသစ်လုပ်သလိုပဲ၊ ဆယ်သိန်းကျော်လောက် ကုန်တယ်” ဟု အဆိုပါ ပွဲစားက ပြောသည်။
ယခင်က ထိုသို့ ပြောင်းလဲလိုလျှင် ငွေကြေးကုန်ကျမှုမရှိသလို အခက်ခဲမရှိပေ။ ယခုမူ စစ်ကောင်စီ၏ ပိတ်ပင်တားမြစ်မှုများကြောင့် မှောင်ခိုဈေးကွက် ဖြစ်ပေါ်လာသည်။
PJ မှ PV သို့ ပြောင်းလဲရာတွင် ဝန်ဆောင်ခအဖြစ် အမျိုးသမီးတစ်ဦးလျှင် ကျပ်ဆယ်သိန်းအထိ၊ အမျိုးသားတစ်ဦးလျှင် ကျပ်ဆယ်သိန်းမှ ၁၅ သိန်းကြား ကုန်ကျလေ့ရှိသည်ဟု နိုင်ငံကူးလက်မှတ်လုပ်ပေးနေသည့် ပွဲစားများက ဆိုသည်။
“ပွဲစားတိုင်းတောင် လုပ်မရပါဘူး၊ ရုံးက လူကြီးနဲ့ပိုင်တဲ့သူတွေလောက်ပဲ ရတာ၊ ဒီခေတ်က ပိုက်ဆံပေးရင် မရဘူးဆိုတာ မရှိပါဘူး” ဟု နေပြည်တော်နေ ပွဲစားတစ်ဦးက ပြောသည်။
ယုံကြည်ရသူများနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးသူများကိုသာ လုပ်ပေးသည်ဟုလည်း သူက ပြောသည်။
ဂျပန်နိုင်ငံသို့ အလုပ်သွားလုပ်ရန် စီစဉ်ထားသည့်၊ နေပြည်တော်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက သာမန်နိုင်ငံကူးလက်မှတ် ပြောင်းလဲ ကိုင်ဆောင်ထားကြောင်း ပြောသည်။
PJ မှ PV သို့ ပြောင်းရာတွင် အဆင့်ဆင့်သော ထောက်ခံချက်များ လိုအပ်သည်ဟုလည်း နေပြည်တော် နိုင်ငံကူးလက်မှတ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“တပ်ထဲ အရာရှိတွေနဲ့ ဝန်ကြီး ထောက်ခံချက်တွေနဲ့ လာတဲ့သူတွေတော့ရှိတယ်၊ အကျိုးအကြောင်းပြောပြီး ထောက်ခံချက်ပါတော့လည်း လုပ်ပေးရတာပေါ့” ဟု သူက ပြောသည်။
တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ကို သွားရောက် အလုပ်လုပ်ကိုင်ရေးအတွက် ရန်ကုန်တွင် ကြိုတင်ပြင်ဆင်ကြစဉ် ၎င်းတို့ တက်ရောက်သည့် သင်တန်းများက PJ ကိုသာ လျှောက်ထား ရယူစေသည်။
ယခင်က နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးများတွင် ရောက်နေသူ အများစုကလည်း PJ အတွက် တန်းစီနေသည်ကို တွေ့ခဲ့ရပြီး PV လျှောက်သူမှာ လူနည်းစု ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း စီးပွားရေးကျဆင်းခြင်း၊ စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ခြင်းတို့ကြောင့် ရှောင်တိမ်းနိုင်ရန်၊ အလုပ်လုပ်ငွေရှာရန် ပြည်ပသို့ သွားရောက်လိုသူ ပိုမို များပြားလာရာ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်း မြို့တော်များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် လူစည်ကားနေလေ့ရှိသည်။
စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကာ စစ်သားသစ် အတင်းအကျပ် စုဆောင်းနေသောကြောင့် ပြည်ပသို့ ထွက်ခွာသူများလည်း များပြားလာခြင်း ဖြစ်သည်။