သတင်း

စင်ကာပူရောက် မြန်မာတချို့ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရ

တော်လှန်ရေးတွင် ပြည်ပမှ ပါဝင်နေသူများ ပစ်မှတ်ထား နှိပ်ကွပ်ခံလာရချိန်တွင် စင်ကာပူရောက် မြန်မာတချို့မှာ ပြည်ပခရီးထွက်ရန် ဟန့်တားခံနေရသည်။

စင်ကာပူနိုင်ငံရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာနိုင်ငံသားတချို့ ယခုလပိုင်းအတွင်း နိုင်ငံကူးလက်မှတ် (Passport) ဖျက်သိမ်းခံခဲ့ရသည်ဟု ကာယကံရှင်များက Myanmar Now ကို ပြောသည်။

ဩဂုတ်လနှင့် ယခု (အောက်တိုဘာ) လအတွင်း နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရသူ မြန်မာနိုင်ငံသား အနည်းဆုံး ၃ ဦး ရှိခဲ့သည်။ ထိုသူများသည် စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့် (PR) အပြာရောင်ကတ် ရရှိထားသူများဖြစ်ကြသည်။

PR အဆင့် ရရှိထားသူများသည် စင်ကာပူနိုင်ငံအတွင်း တစ်သက်တာ နေထိုင်နိုင်သော်လည်း စင်ကာပူနိုင်ငံပြင်ပထွက်ခွာလိုပါက မူရင်းနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ဖြင့်သာ ထွက်ခွာခွင့်ရှိသည်။

ယခု နိုင်ငံကူးလက်မှတ်ဖျက်သိမ်းခံရသည့် မြန်မာနိုင်ငံသားများသည် စင်ကာပူနိုင်ငံပြည်ပထွက်ခွာရန် လေဆိပ်ရောက်ရှိသည့်အခါ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရကြောင်း လေဆိပ် လူဝင်မှုကြီးကြပ်ရေးအရာရှိက ပြောဆိုသည်ဟု ကာယကံရှင်များက ပြောသည်။

စင်ကာပူ PR ကတ် ရရှိထားပြီး စင်ကာပူနိုင်ငံတွင် နေထိုင်သည့် သက်တမ်း ၁၆ နှစ်ခန့်ရှိသူ ဒေါ်မေကျော်စိုးညွန့်က သူ၏ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံထားရသည်ကို ဩဂုတ် ၂၁ ရက်နေ့က ထိုင်းနိုင်ငံသို့ ထွက်ခွာရန် နာရီပိုင်းအလို စင်ကာပူလေဆိပ်တွင် သိခဲ့ရသည်ဟု ပြောသည်။

“လေဆိပ်ရောက်တော့ ပတ်စ်ပို့နဲ့ ဘယ်လိုမှ ထွက်မရဘူး။ Invalid (အသက်မဝင်) ဖြစ်နေတယ်ဆိုပြီး လဝက အရာရှိကြီးကိုယ်တိုင် ပြောတာပါ။ သူတို့ကတော့ နင်ဟာ လက်ရှိအစိုးရ (စစ်ကောင်စီ) နဲ့ အဆင်မပြေတဲ့သူ ဖြစ်နိုင်တယ်၊ ဒါက နင့်ကို သီးသန့်လုပ်ထားတာ။ ငါတို့တွေရဲ့ သက်တမ်းတစ်လျှောက်မှာတော့ ဒီလိုဖြစ်စဉ်က ပထမဆုံး တွေ့ဖူးတာပဲဆိုပြီး ပြောပြတယ်” ဟု ဒေါ်မေကျော်စိုးညွန့်က ဆိုသည်။

“အဲ့တော့ PR တစ်ယောက်ဆိုရင်တော့ စင်ကာပူထဲမှာ တတ်နိုင်သလောက် နေနေလိုက်ပါတဲ့။ အဲ့ဒါပိုပြီး လုံခြုံနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘယ်နိုင်ငံမှ မသွားပါနဲ့၊ ငါတို့လွှတ်ပေးလိုက်ရင်လည်း နောက်တစ်နိုင်ငံမှာ ဝင်လို့မရဘူး၊ ပြဿနာတက်မှာ ဆိုပြီးတော့ ပြောတာ”

အသက် ၅၁ နှစ်အရွယ် ဒေါ်မေကျော်စိုးညွန့်သည် စင်ကာပူနိုင်ငံတွင် ရေချမ်းစင် အမည်ဖြင့် မြန်မာစားသောက်ကုန်ဆိုင် ဖွင့်လှစ်ရောင်းချနေပြီး တော်လှန်ရေးအတွက် ရန်ပုံငွေထောက်ပံ့နေသည်။

လေဆိပ်မှ လှည့်ပြန်လာရသည့် ဒေါ်မေကျော်စိုးညွန့်က သူရင်ဆိုင်နေရသည့် အခက်အခဲမှာ ကြီးမားသော်လည်း စစ်ကောင်စီကို နိုင်ငံအတွင်း ရင်ဆိုင်နေရသူတို့၏ အခက်အခဲက ပိုမို ကြီးမားသည်ဟု ပြောသည်။

“ဒီပတ်စ်ပို့က နိုင်ငံခြားမှာ နေတဲ့ လူတစ်ယောက်အတွက် အထောက်အထား၊ သက်သေခံလက်မှတ်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အခြေအနေမဲ့သွားတဲ့ ခံစားချက်မျိုးတော့ ရှိတယ်။ အခု နောက်လူတွေလည်း အနည်းနဲ့ အများတော့ ခံစားရမှာပါ။ ဒါပေမဲ့ ဒီခံစားရတာက တကယ့်တကယ် အထဲမှာ တကယ်တိုက်ပွဲဝင်၊ တကယ်ကျပ်တည်း၊ တကယ်ခံစားနေရတဲ့သူတွေထက်စာရင် မပြောပလောက်ပါဘူး” ဟု ဒေါ်မေကျော်စိုးညွန့်က ပြောသည်။

စင်ကာပူတွင် ဆိုင်ဖွင့်ပြီး တော်လှန်ရေးအတွက် ရန်ပုံငွေရှာပေးနေသူ ဒေါ်မေကျော်စိုးညွန့်။

အခြားသော စင်ကာပူ PR မြန်နိုင်ငံသားများလည်း ပတ်စ်ပို့ ဖျက်သိမ်းခံရ

ဒေါ်မေကျော်စိုးညွန့်နည်းတူ ပြီးခဲ့သည့် တစ်ပတ်အတွင်းကလည်း မြန်မာပတ်စ်ပို့ကိုင် အမျိုးသားနှစ်ဦးမှာ စင်ကာပူလေဆိပ်တွင် အလားတူအခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုနှစ်ဦးက မိသားစုလုံခြုံရေးကြောင့် ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြပေ။ 

အမျိုးသားတစ်ဦးမှာ စင်ကာပူမှ အခြားနိုင်ငံတစ်ခုသို့ ထွက်ခွာစဉ် လေဆိပ်တွင် ဒေါ်မေကျော်စိုးညွန့်ကဲ့သို့ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ နောက်ထပ် သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ အလုပ်ကိစ္စဖြင့် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှအပြန် စင်ကာပူလေဆိပ်အဝင်တွင် ပိတ်ပင်ခံရခြင်း ဖြစ်သည်။

အထက်ပါ အမျိုးသားနှစ်ဦးသည် ဒေါ်မေကျော်စိုးညွန့်ကဲ့သို့ တော်လှန်ရေးရန်ပုံငွေ ရှာဖွေ၊ ထောက်ပံ့နေသူဟု အများသိကြေညာထားသူများ မဟုတ်သည့်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အစဉ်တစိုက် ပါဝင်သူများ ဖြစ်ကြသည်ဟု သိရသည်။

“အခုဖြစ်တဲ့ သုံးယောက်စလုံး ပတ်စ်ပို့သက်တမ်းတွေက ရှိတယ်။ မြန်မာစစ်ကောင်စီဘက်က ဒီပတ်စ်ပို့နံပါတ်တွေကို Invalid ဖြစ်အောင် တစ်ခုခု လုပ်ထားပုံရတယ်” ဟု တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးနေသည့် စင်ကာပူရှိ အဖွဲ့တစ်ခုမှ တာဝန်ခံတစ်ဦးက ပြောသည်။

ပြည်တွင်းရှိ ၎င်း၏ မိသားစုလုံခြုံရေးကြောင့် အဖွဲ့အစည်းအမည်နှင့် ၎င်းအမည်ကို ထိုသူက ထုတ်မပြောရန် မေတ္တာရပ်ခံထားသည်။

အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က နှုတ်ဆိတ်နေဆဲ ဖြစ်ပြီး စင်ကာပူရှိ စစ်ကောင်စီသံရုံးကို Myanmar Now က တယ်လီဖုန်းဖြင့် ဆက်သွယ်၍ မရခဲ့သလို အီးမေးပေးပို့၍ မေးမြန်းသော်လည်း အကြောင်းပြန်ကြားခဲ့ခြင်း မရှိပေ။

သို့သော် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင်မူ တော်လှန်ရေးတပ်ဖွဲ့များကို ငွေကြေးထောက်ပံ့နေသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ ၎င်းတို့၏ မိသားစုများကို ဖမ်းဆီးရန် လှုံ့ဆော်လျက်ရှိသည်။ 

အထူးသဖြင့် နွေဦးတော်လှန်ရေးအတွက် ထောက်ပံ့မှုအားအကောင်းဆုံး စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများကို အဓိကပစ်မှတ်ထားပြီး လှုံ့ဆော်နေသည်ကိုလည်း တွေ့ရသည်။

ထိုသို့ လှုံ့ဆော်သူများသည် အမည်ရင်းနှင့် ဓာတ်ပုံ ဖော်ပြကြခြင်း မရှိပေ။ ထိုလှုံ့ဆော်မှုများကို အာဏာသိမ်းတပ်၏ ဌာနတစ်ခုက ထိန်းချုပ်ထားသည်ဟု လေ့လာသူများက ယူဆကြသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များစွာထဲမှ တစ်ခု။

ပြည်တွင်း၊ ပြည်ပ မြန်မာနိုင်ငံသားများကို တင်းကျပ်လာသည့် စစ်ကောင်စီ

လက်ရှိတွင် နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခံရသူ စင်ကာပူရောက် မြန်မာနိုင်ငံသား ရာဂဏန်းခန့်ရှိနိုင်သည်ဟု သတင်းထွက်ပေါ်နေသည်။

သို့သော်လည်း ထိုကိန်းဂဏန်းနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဤအခြေအနေတွင် စင်ကာပူရောက် မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် တော်လှန်ရေးအတွက် ထောက်ပို့လုပ်နေသူများအတွက် အခက်အခဲဖြစ်လာနေသည်။

စစ်ကောင်စီသံရုံးက မြန်မာပတ်စ်ပို့ကိုင်ဆောင်သူတို့ကို ဒုက္ခပေးနိုင်သည်ဟု ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးက ပြောသည်။

“ပြဿနာက ဘာလဲဆိုတော့ ပတ်စ်ပို့ကို အချိန်မရွေး ဖျက်သိမ်းခွင့် လိုင်စင်ကြီးက သူတို့မှာ ရှိနေတော့ စိုးရိမ်တာပေါ့၊ ဒီမှာရှိတဲ့ လူတိုင်းမှာ ပတ်စ်ပို့နဲ့ ပတ်သက်ပြီး စိုးရိမ်တယ်” ဟု စင်ကာပူတွင် အလုပ်လုပ်ကိုင်သည့်သက်တမ်း ၇ နှစ်နီးပါးရှိပြီဖြစ်သော ထိုအမျိုးသားက ပြောသည်။

ပတ်စ်ပို့ဖျက်သိမ်းခံရသည့် နိုင်ငံသားများအရေးနှင့် ပတ်သက်ပြီး အကန့်အသတ်များကြားက ကူညီဆောင်ရွက်လျက်ရှိသည်၊ ကာယကံရှင်များနှင့်လည်း ယခုရက်ပိုင်းအတွင်း တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

“အကြမ်းဖက် စစ်ကောင်စီကတော့ ပြည်ပရောက် နိုင်ငံသားတွေကို အကူအညီမပေးတဲ့အပြင် ဘယ်လိုအမြတ်ထုတ်ရမလဲ၊ ဘယ်လို ခြိမ်းခြောက် အကျပ်ကိုင်ရမလဲ ဆိုတာပဲ စဉ်းစား ဆောင်ရွက်နေတာပါ။ ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်နိုင်ငံချင်းအလိုက်၊ လူတစ်ဦးချင်းအလိုက် ကွဲပြားခြားနားတဲ့ အခြေအနေအပေါ် မူတည်ပြီး အကောင်းဆုံး အကူအညီပေးဖို့ ကြိုးစားနေပါတယ်” ဟု ဒုဝန်ကြီးက ပြောသည်။

စစ်ကောင်စီက ပြည်ပရောက် တော်လှန်ရေးသမားများ၊ NUG အစိုးရအဖွဲ့ဝန်ကြီးများကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းကြောင်းလည်း ကြေညာချက်ထုတ်ထားသည်။ ယခုတစ်ဖန် တော်လှန်ရေးနှင့် ဆက်စပ်သူတို့၏ နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးမပေးသည့် ကန့်သတ်ချက် ထပ်မံပြုလုပ်လာခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီသည် ပြည်ပရောက် သန်းနှင့်ချီသော အလုပ်သမားများ၊ နိုင်ငံသားများထံမှ ငွေညှစ်နိုင်သည့် အခွန်အကောက်ဥပဒေကို ပြင်ဆင်၊ ပြဋ္ဌာန်းထားသည်။ ထို့ပြင် ပြည်ပရောက် အလုပ်သမားများ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှတစ်ဆင့် မဖြစ်မနေ လွှဲရန်လည်း စစ်ကောင်စီက ညွှန်ကြားထားသည်။

ပြည်တွင်းတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို အားပေးခြင်း၊ ကူညီခြင်းမပြုရန်၊ တော်လှန်ရေးအတွက် ရန်ပုံငွေရရှိနေသည့် PDF ဂိမ်းများ မကစားရန် ယင်းထိန်းချုပ်ထားသည့် သတင်းစာများတွင် နေ့စဉ် ကြေညာလျက်ရှိသည်။

NUG နှင့် CRPH တို့ကို ကူညီပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ ပုဒ်မ ၅၀၅(က) အီလက်ထရောနစ်ပုဒ်မတို့ဖြင့် အရေးယူနိုင်ကြောင်း ခြိမ်းခြောက်ထားသည်။

စင်ကာပူနိုင်ငံနှင့် မြန်မာ့တော်လှန်ရေး

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၁ ကလည်း ရက္ခိုင့်တပ်တော် (AA) ကို ငွေကြေးကူညီထောက်ပံ့သည့် စွပ်စွဲချက်ဖြင့် ရခိုင် (စင်ကာပူ) အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ ကိုအောင်မြတ်ကျော်တို့ အပါအဝင် ရခိုင်တိုင်းရင်းသား ၇ ဦးကို စင်ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးခဲ့ပြီး မြန်မာပြည် ပြန်လာချိန်တွင် ဖမ်းဆီးခံခဲ့ရသည်။

ထိုရခိုင်တိုင်းရင်းသား ၇ ဦးအပြင် ထိုငွေကြေးထောက်ပံ့မှုတွင် ပါဝင်သည့် စင်ကာပူနိုင်ငံရောက် ရခိုင်တိုင်းရင်းသားတချို့ကိုလည်း ပြည်ဝင်ခွင့်သက်တမ်း ထပ်မတိုးပေးတော့ဘဲ ငြင်းပယ်ခဲ့သည်ဟု ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သူ အသက် ၄၀ အရွယ် ရခိုင်လူငယ်တစ်ဦးက ပြောသည်။

စင်ကာပူအစိုးရက သူအလုပ်လုပ်ကိုင်သည့်ရုံးကို ဆက်သွယ်ကာ သူ၏ အလုပ်လုပ်ခွင့်ကို ပြန်လည်ရုပ်သိမ်းကြောင်း စာပို့လာသည်ဟု ၎င်းက ပြောသည်။

“ကျွန်တော့်ရုံးကို စင်ကာပူအစိုးရဆီက ပြန်ပြောလာတာက စင်ကာပူမှာ ကျွန်တော်က နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုလုပ်ထားတယ်ပေါ့။ အဲဒါကြောင့်မို့လို့ သူရဲ့ Pass (အလုပ်လုပ်ခွင့်) သက်တမ်းကို Reject လုပ်တယ် (ဖျက်သိမ်းတယ်)၊ သူ့ကို မခန့်ဘဲနဲ့ တခြားတစ်ယောက်ကို အစားထိုးပါဆိုပြီး စာပြန်ပို့လာတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသားတချို့ ကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်များ ဖျက်သိမ်းခံရသည့် လက်ရှိအခြေအနေတွင် စစ်ကောင်စီနှင့် စင်ကာပူအစိုးရ မည်သည့်အဆင့်အထိ ပူးပေါင်းဆောင်ရွက်သည်ကို မသိရသေးပေ။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို နိုင်ငံတကာက စောင့်ကြည့်ကန့်ကွက်လျက်ရှိရာ စင်ကာပူ၏ မြန်မာနှင့် ဆက်နွှယ်မှုလည်း စောင့်ကြည့်ခံနေရသည်။

စင်ကာပူသည် မြန်မာနိုင်ငံသို့ လက်နက်သယ်ယူရာတွင် ကြားခံနိုင်ငံဖြစ်ပြီး လက်နက်ရောင်းဝယ်မှုအတွက် ငွေပေးချေရာတွင်လည်း စင်ကာပူဘဏ်များက ပံ့ပိုးပေးနေသည်ဟု လေ့လာသူများက ဆိုသည်။ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကမူ စစ်ကောင်စီကို လက်နက်မရောင်းဟု ယခုနှစ်ဆန်းပိုင်းက လွှတ်တော်အစည်းအဝေးတွင် ပြောဆိုထားသည်။

စင်ကာပူနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ စင်ကာပူနိုင်ငံတွင် မြန်မာအလုပ်သမား ၂ သိန်းကျော် ရှိသည်။

ဆန္ဒပြမှုများကို တင်းကျပ်စွာ ကန့်သတ်ထားသည့် စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသားများသည် မြန်မာစစ်ကောင်စီကို လမ်းပေါ်ထွက် ဆန္ဒပြ ကန့်ကွက်နိုင်သည့် အခြေအနေမရှိပေ။

သို့သော်လည်း စင်ကာပူရောက် မြန်မာအများအပြားသည် တော်လှန်ရေးအတွက်၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူများအတွက် ရန်ပုံငွေရှာဖွေ ထောက်ပံ့ရာတွင် အားကောင်းစွာ လှုပ်ရှားနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button