သတင်း

မြန်မာနှင့် ဆိုင်သည့် ငွေလွှဲမှုများ စင်ကာပူ UOB ဘဏ် ကန့်သတ်မည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များ၊ လုပ်ငန်းရှင်များ အားကိုးရသည့် စင်ကာပူအခြေစိုက် United Overseas Bank – UOB ဘဏ်က မြန်မာနှင့် ဆိုင်သည့် ငွေကြေးလွှဲပြောင်းမှုများကို စက်တင်ဘာလဆန်းမှစတင်ကာ ကန့်သတ်ပိတ်ပင်သွားမည်ဟု သိရသည်။

စင်ကာပူ၏ အဓိကဘဏ်ကြီးတစ်ခုဖြစ်သည့် UOB ဘဏ်က မြန်မာနိုင်ငံနှင့် ဆက်သွယ်မှု အဆုံးသတ်မည့်ခြေလှမ်းသည် ကမ္ဘာ့ဘဏ္ဍာရေးတွင် ပါဝင်လိုသည့် အာဏာသိမ်းစစ်ကောင်စီအတွက် ကန့်သတ်ချက်ဖြစ်လာနိုင်ကြောင်း Nikkei Asia သတင်းဌာနက ယနေ့ (ဩဂုတ် ၉ ရက်) တွင် ရေးသည်။

UOB အသုံးပြုသူများထဲမှ မြန်မာနှင့် ဆိုင်သည့် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ဘဏ်များ၏ မာစတာ၊ ဗီဇာကတ်သုံး ငွေလွှဲပြောင်းမှုကိုလည်း ကန့်သတ်သွားမည်ဟု ဆိုသည်။

ထို့ပြင် ဟောင်ကောင် UOB ဌာနခွဲတွင် မြန်မာဘဏ်များဖွင့်ထားသည့် နိုင်ငံခြားဘဏ်စာရင်းကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း Nikkei Asia သတင်းဌာနက ဆိုသည်။

စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံသည် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အမည်ပျက်စာရင်း အသွင်းခံထားရသည်၊ အမေရိကန်နှင့် အနောက်နိုင်ငံများကလည်း စစ်ကောင်စီကို ပစ်မှတ်ထားအရေးယူမှုများ ချမှတ်ထားသည်။ ထို့ကြောင့် မြန်မာ့နှင့် ဆိုင်သည့် ငွေကြေးလွှဲပြောင်းမှုများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်လာသည်။

UOB ၏ ပိတ်ပင်မှု ဖြစ်ပေါ်လာမည်ကို မြန်မာနိုင်ငံရှိ UOB ဘဏ်အသုံးပြုသူတချို့က ကြိုတင်သိရှိထားကြပြီး ပြည်တွင်းပုဂ္ဂလိကနှင့် နိုင်ငံခြားဘဏ်များထံ ဇူလိုင်လ ပထမပတ်ထဲတွင် တရားဝင်အသိပေးလာသည်ဟု ထိုအကြောင်းကို ထဲထဲဝင်ဝင်သိသည့် ဘဏ်နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

မြန်မာနိုင်ငံသား လူပုဂ္ဂိုလ်တစ်ဦးချင်းအပါအဝင် စီးပွားရေးလုပ်ငန်းများ ငွေကြေးလွှဲပြောင်းရာတွင် UOB ဘဏ်ကွန်ရက်အချင်းချင်း လွှဲပြောင်းမှုကိုသာ လက်ခံမည်၊ UOB ဘဏ် မဟုတ်သည့် အခြားဘဏ်များသို့ ငွေပေးချေလွှဲပြောင်းမှုကို ပိတ်ပင်သွားမည်ဟု သိရကြောင်း ထိုသူက ပြောသည်။

ထို့ပြင် ပြည်တွင်းပုဂ္ဂလိကဘဏ်များသည် UOB ဘဏ်တွင် အမေရိကန်ဒေါ်လာငွေစာရင်းဖွင့်လှစ်ကာ ပြည်တွင်း၌ တစ်ဘဏ်နှင့် တစ်ဘဏ် ဒေါ်လာအရောင်းအဝယ် လုပ်ခဲ့ကြသည်။

UOB ဘဏ်ကွန်ရက် အသုံးပြုပြီး ထိုသို့ လုပ်ကိုင်မှု ကန့်သတ်ခံရမည်ဖြစ်ရာ စက်တင်ဘာလဆန်းမှစ၍ ထိုကွန်ရက်မှ ဒေါ်လာလွှဲပြောင်းခွင့် ပိတ်ပင်သွားမည်ဟု ၎င်းက ဆိုသည်။

“ဒီအတိုင်းကြီး တန်းပိတ်လိုက်တာတော့ မဟုတ်ဘူး။ အချိန်ကာလ တစ်ခုပေးတယ်။ ပြီးခဲ့တဲ့အပတ်က Inform လုပ်တယ် (အသိပေးတယ်)။ ဘယ်ကနေ Effective (သက်ရောက်မှု) ဖြစ်မလဲဆိုတော့ စက်တင်ဘာ ၁ ကစပြီး ဒီစနစ်ကို ကျင့်သုံးပါမယ် ဆိုပြီးတော့ပေါ့” ဟု သူက ရှင်းပြသည်။

စစ်ကောင်စီအတွက် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ပေးပို့ရာတွင် စင်ကာပူအခြေစိုက် ကုမ္ပဏီများ ပါဝင်သည်ဟူသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ၏ အစီရင်ခံစာ မေလ ၁၇ တွင် ထွက်လာခဲ့သည်။ ယင်းနောက် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့က စင်ကာပူဘဏ်များကို ကြီးကြပ်မှုတိုးမြင့်လာသည်ဟု ယူဆရကြောင်းလည်း သူက ဆိုသည်။

မြန်မာနှင့် ပတ်သက်သည့် ဝန်ဆောင်မှုအချို့ ရပ်ဆိုင်းမည့်အခြေအနေကို UOB ဘဏ်သို့ Myanmar Now က အီးမေးဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားလာခြင်း မရှိသေးပါ။

အာဏာသိမ်းပြီးနောက် စင်ကာပူသည် မြန်မာဘဏ်စာရင်းများနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပြီး ယခုကန့်သတ်မှုကြောင့် ငွေလွှဲရာတွင် ခက်ခဲနိုင်သလို ကုန်ကျစရိတ်ပိုကြီးနိုင်ကြောင်း ထိုင်း၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကုန်ပစ္စည်းတင်သွင်းသူတစ်ဦးက ပြောသည်။

“မြန်မာလူမျိုးတွေ အကုန်လုံးရဲ့ အကောင့်တွေရဲ့ အဝင်အထွက်ကို စစ်ဆေးပြီး စီးပွားရေးဝင်ငွေ အကုန်ပိတ်ပင်မယ်ဆိုရင်တော့ ပြည်သူတွေ တော်တော်ပြဿနာတက်မှာပါ” ဟု အမည်မဖော်လိုသူ ထိုလုပ်ငန်းရှင်က ဆိုသည်။

ကန့်သတ်မှု အစပြုသည်နှင့် သံသယဖြစ်ဖွယ် ငွေလွှဲမှုများ ထိန်းချုပ်ခံရပါက ဆုံးရှုံးကြမည် ဖြစ်ကြောင်း၊ တရားမဝင် ဟွန်ဒီစနစ်ဖြင့် ငွေလွှဲသည့်စနစ်ကို ပိုမိုသုံးစွဲလာဖွယ်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“တကယ်လို့ UOB ဘဏ်နဲ့ မြန်မာဘဏ်နဲ့ ချိတ်ထားတာ ဖျက်လိုက်ရင် UOB ကို သုံးလို့မရဘူးပေါ့၊ သုံးရင် ငွေကြေးဆုံးရှုံးနိုင်ခြေ များလာနိုင်တာပေါ့၊ သူတို့ မသင်္ကာရင် ထိန်းသိမ်းထားလိုက်တာ၊ ပြန်မပေးတော့တာ အဲ့လိုပေါ့။ တခြားထိခိုက်မှုတွေ ရှိပေမဲ့ ကျွန်တော်တို့ကတော့ ရှိသမျှ အကြံဉာဏ် အကုန်သုံးပြီး လုပ်နေရတာပါ” ဟု သူက ဆက်ပြောသည်။

UOB ဘဏ်သည် ရန်ကုန်အခြေစိုက် နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သော Myanmar Airways International (MAI) နှင့် သက်ဆိုင်သည့် ဘဏ်အာမခံနှင့် ဘဏ်စာရင်းများကို မကြာသေးမီက ပိတ်သိမ်းခဲ့သည်။

ဘဏ်စာရင်း မပိတ်ရန် MAI က တောင်းဆိုခဲ့သော်လည်း အကောင့်ပိတ်သိမ်းရေးကို ဆက်လက်အတည်ပြုကြောင်း ဇွန် ၂၆ တွင် UOB ဘဏ်က MAI ထံ ပို့သည့် အီးမေးတစ်စောင်ကို ကိုးကားထားသော၊ ပြင်ပသို့ ပေါက်ကြားလာသော MAI ၏ စာတစ်စောင်တွင် တွေ့ရသည်။

MAI လေကြောင်းလိုင်းကို စစ်အုပ်စုနှင့် နီးစပ်သည့် 24 Hour လုပ်ငန်းစုပိုင်ရှင် ဦးအောင်အောင်ဇော်က ပိုင်ဆိုင်ပြီး ၎င်းမှာ စက်သုံးဆီနှင့် လေယာဉ်ဆီ တင်သွင်းရေးလုပ်ငန်းမှသည် ဆီအုန်းစိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအထိ လုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသူ ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ဦးအောင်အောင်ဇော်သည် 24 Petroleum Limited ကို ထူထောင်ပြီး ဓာတ်ဆီ၊ ဒီဇယ်နှင့် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးမှု စတင်လုပ်ကိုင်ခဲ့သည်ဟု ကုမ္ပဏီ၏ ဝက်ဆိုက်စာမျက်နှာတွင် ရေးသားထားသည်။

ပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီအတွက် လက်နက်တင်ပို့မှုများနှင့် ဆက်စပ်သည့် ငွေကြေးလွှဲပြောင်းမှုများကို ထိန်းချုပ်ရန် တင်းကျပ်လာခြင်းဖြစ်၍ UOB နည်းတူ အခြားစင်ကာပူဘဏ်တစ်ခုဖြစ်သည့် DBS ကလည်း အလားတူ ကန့်သတ်လာနိုင်ကြောင်း ဘဏ်နှင့် နီးစပ်သူများက မှန်းဆထားကြသည်။

ယခင်စစ်အစိုးရများလက်ထက်တွင် မြန်မာနိုင်ငံကို အမေရိကန်က အရေးယူပိတ်ဆို့ခဲ့ချိန်တွင် UOB ဘဏ်သည် မြန်မာအတွက် ဒေါ်လာလွှဲပြောင်းမှုအချို့ကို ထိုစဉ်က ခွင့်ပြုခဲ့သည်။ ယခု ထပ်မံ အာဏာသိမ်းထားချိန်တွင် ပိုမိုတင်းကျပ်စွာ ပိတ်ပင်ခံလာရခြင်းဖြစ်သည်။

ထိုပိတ်ဆို့မှုကို ကျော်လွှားရန် ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာအစား ရုရှားရူဘယ်နှင့် အခြားငွေကြေးများ ပြောင်းလဲသုံးစွဲရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြင်ဆင်နေသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌လည်း အခက်အခဲဖြစ်နေသည်ဟု စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုထားသည်။

၎င်းတို့ တာဝန်ယူချိန်တွင် နိုင်ငံတကာက ပိတ်ဆို့လာသည်၊ ရှိပြီးသား နိုင်ငံခြားသုံးငွေများ သုံးစွဲမရရန်၊ အပြင်ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်ရန် မျိုးစုံပိတ်ဆို့နေသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

နိုင်ငံခြားငွေကြေးနှင့် ပတ်သက်၍ အခရာအကျဆုံးဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့ကြောင်း အမေရိကန်အစိုးရက ဇွန် ၁၂ တွင် ကြေညာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button