သတင်း

စင်ကာပူ UOB ဘဏ်က MAI လေကြောင်းလိုင်းကို ဘဏ်ဝန်ဆောင်မှုများ ရပ်ဆိုင်း

စင်ကာပူနိုင်ငံအခြေစိုက် အထင်ကရဘဏ်ကြီးတစ်ခုဖြစ်သော United Overseas Bank (UOB) ဘဏ်က မြန်မာနိုင်ငံမှ နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သော Myanmar Airways International (MAI) နှင့် သက်ဆိုင်သည့် ဘဏ်အာမခံနှင့် ဘဏ်စာရင်းများကို ပိတ်သိမ်းလိုက်သည်။

ဘဏ်စာရင်းများ ပိတ်သိမ်းခြင်း မပြုရန် MAI ဘက်က တောင်းဆိုခဲ့သော်လည်း ဘဏ်အနေဖြင့် အကောင့်ပိတ်သိမ်းရေးကို ဆက်လက်အတည်ပြုကြောင်း ဇွန် ၂၆ တွင် UOB ဘဏ်မှ MAI ထံ ပို့သည့် အီးမေးတစ်စောင်ကို ကိုးကားထားသည့် MAI ၏ ပေါက်ကြားလာသော စာတစ်စောင်တွင် တွေ့ရသည်။ 

ပိတ်သိမ်းခြင်းကြောင့် လုပ်ငန်းစဉ်အကူးအပြောင်း ချောမွေ့စေရေးအတွက် MAI ဘဏ်အကောင့်အတွင်းသို့ ငွေသားနှင့် ချက်လက်မှတ်များ ထည့်သွင်းခြင်းကို ဇူလိုင် ၁ မှစ၍လည်းကောင်း၊ ငွေပေးချေမှုနှင့် ငွေအဝင်ဝန်ဆောင်မှုများကို ဇူလိုင် ၃၁ မှစ၍လည်းကောင်း ခွင့်မပြုတော့ဘဲ ဩဂုတ်လ ၁၅ ရက်မှစ၍ MAI နှင့် သက်ဆိုင်သော ဘဏ်အာမခံ ၅ ခုစလုံးအပြင် ဘဏ်စာရင်းလက်ကျန်ငွေများနှင့် ဘဏ်စာရင်းများကို ပိတ်သိမ်းမည်ဟု UOB ၏ အီးမေးအကြောင်းကြားစာတွင် ဆိုထားသည်။ 

ယင်းမတိုင်မီ ပြုလုပ်မည့် ငွေကြေးလွှဲပြောင်းမှုများနှင့် ပတ်သက်၍ MAI ကုန်တင်လေယာဉ်များဖြင့် သယ်ယူမည့် ပစ္စည်းအမျိုးအစား အပါအဝင် လိုအပ်သည့် အထောက်အထားများ ပြသရန်လည်း UOB ဘဏ်က တောင်းဆိုထားသည်။ 

ထိုသို့ UOB ဘဏ်က ဘဏ်စာရင်းများ ပိတ်သိမ်းခြင်းကြောင့် MAI လေကြောင်းလိုင်းက စင်ကာပူရှိ DBS ဘဏ်၊ ထိုင်းနိုင်ငံမှ Kasikorn ဘဏ်နှင့် ယူအေအီးနိုင်ငံရှိ Emirates NBD ဘဏ်တို့တွင် ဘဏ်စာရင်း ဖွင့်လှစ်ရန် ကြိုးပမ်းနေသည်ဟုလည်း MAI က ဆိုထားသည်။

အဆိုပါ ဘဏ်စာရင်းများပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ Myanmar Now က UOB ဘဏ်နှင့် MAI လေကြောင်းလိုင်းထံ ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းမပြန်သေးပါ။

စင်ကာပူ UOB ဘဏ်က MAI နှင့် ဆိုင်သော ဘဏ်စာရင်းများ ပိတ်သိမ်းရသည့် အကြောင်းရင်းကို မသိရသော်လည်း အမေရိကန်ပြည်ထောင်စုက နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုအပေါ် ပိတ်ဆို့မှုပြုလုပ်လိုက်သည့် အချိန်ကာလနှင့် တိုက်ဆိုင်နေသည်။ 

ထိုပိတ်ဆို့မှုအပြီး ရက်ပိုင်းအကြာ ဇွန် ၂၃ တွင် နိုင်ငံတကာငွေကြေးစီးဆင်းမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ကလည်း အကြမ်းဖက်မှုနှင့် ငွေကြေးခဝါချမှုများကို ဘဏ်စနစ်အသုံးချပြီး ပြုလုပ်လာနိုင်သဖြင့် အဖွဲ့က အမည်ပျက်စာရင်းသွင်းထားသော အီရန်၊ မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံတို့နှင့် သက်ဆိုင်သည့် ငွေကြေးလွှဲပြောင်းမှုများ၊ စီးပွားရေးကိစ္စများကို နိုင်ငံတကာဘဏ်များအနေဖြင့် အထူးကြပ်မတ်စိစစ်ရန် ထုတ်ပြန်ခဲ့သည်။

MAI ၏ ဘဏ်စာရင်းများ ပိတ်သိမ်းလိုက်ခြင်းမှာ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် စင်ကာပူဘက်က မြန်မာစီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ Due Diligence (နောက်ကြောင်းရာဇဝင် စုံစမ်းထောက်လှမ်းခြင်း) ပြုလုပ်ရာ၌ MAI ဘက်တွင် ချို့ယွင်းချက်များရှိနေသောကြောင့် ဖြစ်နိုင်သည်ဟု စီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။

“အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး Due Diligence မအောင်တာလို့ ထင်တယ်” ဟု ထိုသူက ပြောသည်။

MAI လေကြောင်းလိုင်းကို စစ်အုပ်စုနှင့် နီးစပ်သည်သူ 24 Hour လုပ်ငန်းစုပိုင်ရှင် ဦးအောင်အောင်ဇော်က ပိုင်ဆိုင်ပြီး ၎င်းမှာ စက်သုံးဆီနှင့် လေယာဉ်ဆီ တင်သွင်းရေးလုပ်ငန်းမှသည် ဆီအုန်းစိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအထိ လုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသူ ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ဦးအောင်အောင်ဇော်သည် 24 Petroleum Limited ကို ထူထောင်ပြီး ဓာတ်ဆီ၊ ဒီဇယ်နှင့် လေယာဉ်ဆီများ တင်သွင်းဖြန့်ဖြူးမှု စတင်လုပ်ကိုင်ခဲ့သည်ဟု ကုမ္ပဏီ၏ ဝက်ဆိုက်စာမျက်နှာတွင် ရေးသားထားသည်။ 

အာဏာသိမ်းခေါင်းဆောင်၏ ပြည်ပခရီးစဉ်များတွင် ဦးအောင်အောင်ဇော်ပိုင် MAI လေကြောင်းလိုင်းကို အသုံးပြုဖူးသည်။ ပြည်တွင်း အခြားနိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သော ကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) ကိုလည်း ဦးအောင်အောင်ဇော်၏ 24 Hour ကုမ္ပဏီပင် ပိုင်ဆိုင်သည်။​  

ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင်ထံမှ MAI လေကြောင်းလိုင်းကို ဦးအောင်အောင်ဇော်က ၂၀၁၈ တွင် ဝယ်ယူခဲ့သည်။ MAI ကို ဦးအောင်အောင်ဇော်က မဝယ်ယူမီတွင် ကမ္ဘောဇအုပ်စုက ပိုင်ဆိုင်ခဲ့ကာ ၂၀၂၀ ဩဂုတ်အထိ ကမ္ဘောဇပိုင်ရှင် ဦးအောင်ကိုဝင်း၊ ၎င်း၏သမီး နန်းလိုင်ခမ်းတို့အပြင် ကမ္ဘောဇလုပ်ငန်းစုမှ လူကြီးပိုင်းအချို့ ရှယ်ယာများ ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ 24 Hour လုပ်ငန်းစုထံ ရှယ်ယာအားလုံးလွှဲပြောင်းမှုမှာ ၂၀၂၁ မတ်လတွင် အပြီးသတ်ခဲ့ကြောင်း ကမ္ဘောဇအုပ်စုက သတင်းထုတ်ပြန်ထားသည်။ 

ထို့ပြင် စင်ကာပူအစိုးရ၏ စာရင်းအင်းနှင့် ကုမ္ပဏီများ ကြီးကြပ်ရေးအာဏာပိုင် (ACRA) မှတ်တမ်းများအရလည်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအထိ MAI လေကြောင်းလိုင်း ဒါရိုက်တာစာရင်းတွင် ဦးအောင်အောင်ဇော်နှင့် နန်းလိုင်ခမ်း၏ အမည်မှာ ထိပ်ဆုံးမှ ပါဝင်နေသည်ကို တွေ့ရသည်။ 

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resource (Myanmar Metals) က မြန်မာနိုင်ငံမှ ထွက်ခွာစဉ် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ရောင်းချခဲ့ရာ၌ MAI လေကြောင်းလိုင်းကို ကြားခံအဖြစ် အသုံးပြုခဲ့ဖူးသည်။​ ၎င်း၏ ကုမ္ပဏီခွဲကို 24 Hour ကုမ္ပဏီထံ ဒေါ် လာ ၁၀ သန်းကျော်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။​ 

သို့သော် ထိုရောင်းချမှုမှာ Mallee Resource က ဘော်တွင်းသတ္တုတွင်းစီမံကိန်းတွင် ၎င်းပိုင်ဆိုင်မှုအချို့ကို ဝင်းမြင့်မိုရ်ကုမ္ပဏီထံ ရောင်းချမှုမှ ရရှိလာသည့် ငွေကြေးများကို ဩစတြေးလျနိုင်ငံတွင်းသို့ လွှဲပြောင်းနိုင်ရေး MAI က ကြားခံအဖြစ် ဆောင်ရွက်ခဲ့ပုံပေါ်သည်ဟု တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar (JFM) က ၂၀၂၂ ဩဂုတ်တွင် ထုတ်ပြန်ခဲ့သည်။ 

ထိုသို့ဆောင်ရွက်မှုအပြင် အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်များသည် ၎င်းတို့၏ ရှရှားနှင့် အခြားသောနိုင်ငံခြားခရီးစဉ်များအတွက် MAI ၏ လေယာဉ်တစ်စင်းကို ပုံမှန် အသုံးပြုလေ့ရှိကြောင်း ဆိုထားပြီး ဦးအောင်အောင်ဇော်ပိုင်ဆိုင်သည့် 24 Hour လုပ်ငန်းစုအပေါ် ပိတ်ဆို့မှုပြုလုပ်ရန် JFM က ထိုစဉ်က တိုက်တွန်းထားခဲ့သည်။

ဦးအောင်အောင်ဇော်ပိုင် MAI လေကြောင်းလိုင်းသည် စစ်ကောင်စီအတွက် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ရှောင်ရှားနိုင်ရေး အထောက်အကူပေးနေသည်ဟု JFM က ဆိုသည်။

ရုရှား-မြန်မာတိုက်ရိုက်လေကြောင်းခရီးစဉ်များကို ယခုလတွင် စတင်မည်ဖြစ်ကြောင်း စစ်ကောင်စီ ရင်းနှီးမြုပ်နှံရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားထားသည်။

“MAI နဲ့ ပိုင်ရှင်ခရိုနီတွေဟာ တရားမဝင် စစ်အစိုးရဲ့ အဓိက အပေါင်းပါတွေပဲ။ စစ်ကောင်စီရဲ့ ကျူးလွန်နေဆဲ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အထောက်အကူပေးနေတာပဲ” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Myanmar Now ကို ဇူလိုင် ၁၀ တွင် ပြောသည်။

စင်ကာပူဘဏ်များနည်းတူ အခြားကုမ္ပဏီများအနေဖြင့် MAI လေကြောင်းလိုင်းကို ဝန်ဆောင်မှု လုံးဝမပေးရန် လိုအပ်သည်ဟုလည်း ၎င်းက တိုက်တွန်းသည်။​

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button