သတင်း

ကုလနှင့်အဖွဲ့ ၆၀ ကျော် စစ်အုပ်စုကို ပံ့ပိုးနေဟု Justice For Myanmar ထောက်ပြ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုကို နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းစုစုပေါင်း ၆၀ ကျော်က ပံ့ပိုးကူညီနေကြောင်း တက်ကြွလှုပ်ရှားသည့် Justice For Myanmar အဖွဲ့က ယနေ့ (ဇန်နဝါရီ ၂၅) တွင် သတင်းထုတ်ပြန်သည်။  

နိုင်ငံတကာအစိုးရ ၂၂ ခု၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ ၂၆ ဖွဲ့၊ နိုင်ငံတကာငွေကြေးအဖွဲ့ ၈ ဖွဲ့၊ အခြားအဖွဲ့အစည်း ၈ ခုတို့က နိုင်ငံရေး၊ နည်းပညာ၊ ငွေကြေးပိုင်းဆိုင်ရာ ကူညီနေကြောင်း၊ ထိုအထဲတွင် စစ်တပ်ပိုင်လုပ်ငန်းများကို ငှားရမ်းအသုံးပြုခြင်းလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

နိုင်ငံတကာအစိုးရပိုင်းတွင် တရုတ်အစိုးရ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ တရုတ်ဘဏ်၊ အိန္ဒိယအစိုးရ၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုရှားအစိုးရနှင့် ဂျပန်အစိုးရတို့ ပါဝင်သည်ဟု ဆိုသည်။

ပံ့ပိုးနေသည့် ဒေသတွင်း နိုင်ငံများတွင် စင်္ကာပူ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံများ ပါဝင်သည်ဟု Justice For Myanmar က ဆိုသည်။

အာဆီယံ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR)၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) စသည့် အဖွဲ့အစည်းများသည်လည်း စစ်အုပ်စုကို ပံ့ပိုးနေသည်ဟု ဆိုသည်။ ထို့အပြင် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကိုလည်း စစ်အုပ်စု ပံ့ပိုးသူစာရင်းထဲ Justice For Myanmar က ထည့်သွင်းထားသည်။

ထိုကဲ့သို့သော နိုင်ငံတကာအစိုးရနှင့် အဖွဲ့အစည်းများက မြန်မာပြည်သူများကို ကူညီရန် လျစ်လျူရှုထားရုံသာမက စစ်အုပ်စုကို တက်တက်ကြွကြွပံ့ပိုးကူညီသည်မှာ ထင်ရှားကြောင်း Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။ 

“နိုင်ငံတကာအစည်းဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ စစ်အာဏာရှင်တွေကို ဖိတ်ကြားတာကနေ စစ်ဘက်ဆိုင်ရာ အရာရှိတွေကို လေ့ကျင့်ပေးတာနဲ့ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ဟိုတယ်တွေမှာ ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲနေတာတွေအဆုံး စစ်အုပ်စုအတွက် ပံ့ပိုးကူညီမှုပုံစံအားလုံးဟာ လက်ခံနိုင်စရာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီကို ပံ့ပိုးသည့် အကူအညီများတွင် သံတမန်လမ်းကြောင်းမှ နိုင်ငံရေးအရ တရားဝင်မှုပေးခြင်း၊ တည်ဆောက်ရေးနှင့် ဖွံဖြိုးရေးအကူအညီအဖြစ် ငွေပေး‌ချေခြင်းနှင့် ငွေထုတ်ချေးခြင်း စသည့်တို့အပါအဝင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ငွေကြေးနှင့်နည်းပညာများ လွှဲပြောင်းပေးမှုများပါဝင်သည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံရေးပံ့ပိုးမှုကို ရုရှားနှင့် တရုတ်တို့ထံမှ တိုးမြှင့်ရရှိနေပြီး ဂျပန်နှင့် အိန္ဒိယတို့က ပုံစံမျိုးစုံဖြင့် ပံ့ပိုးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စုကို အဓိကပံ့ပိုးသည့် ပုံစံမှာ ခန့်အပ်လွှာများကို စစ်ခေါင်းဆောင်ထံ ပေးအပ်ခြင်း၊ ကုလအဖွဲ့အစည်းအချို့နှင့် အချို့နိုင်ငံများက စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းများကို အစည်းအဝေးများ တက်ခွင့်ပြုခြင်း၊ စစ်အုပ်စု ဦးဆောင်ကျင်းပသည့် အခမ်းအနားများ တက်ရောက်ခြင်းတို့ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာအစည်းအဝေးများကို အမျိုးသားညီညွတ်ရေးအစိုးရကိုသာ ဖိတ်ကြားသင့်ပြီး စစ်အုပ်စုနှင့် ဘဏ္ဍာရေးဆက်နွှယ်မှုများကို အဆက်ဖြတ်ရန်၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းနှင့် အပေါင်းအပါများကို ပစ်မှတ်ထားပိတ်ဆို့ရန် တောင်းဆိုသည်ဟု မရတနာမောင်က ဆိုသည်။ 

စစ်အာဏာသိမ်းမှု နှစ်နှစ်နီးပါးကာလတွင် စစ်ကောင်စီက လူပေါင်း ၂၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၁၃,၆၀၀ ကျော်ကို ဖမ်းဆီးထားသလို ကျေးရွာများကို မြေလှန်မီးရှို့မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁ ဒသမ ၁ သန်းကျော် အိုးပစ် အိမ်ပစ်ထွက်ပြေးနေကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဤထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။ 

အာဏာသိမ်းစကမူ ၂၀၂၀ မဲစာရင်းမှားယွင်းသောကြောင့် အာဏာထိမ်းရခြင်းဖြစ်သည်၊ သင့်လျော်သည့်အချိန်တွင် ရွေးကောက်ပွဲလုပ်ကာ အနိုင်ရပါတီကို အာဏာအပ်မည်ဟု ပြောခဲ့ဖူးသည့် စစ်ကောင်စီက ကန့်ကွက်ဆန့်ကျင်သူများကို လမ်းပေါ်တွင် ပစ်ခတ်ခဲ့ရာမှ လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button