သတင်း

စစ်ကောင်စီကို ထိုင်းဘဏ်များကူညီနေဟု ကုလ ထောက်ပြ၊ ထိုင်းဘက်က ငြင်းဆို

လက်နက်ဝယ်ယူသည့် စစ်ကောင်စီက စင်ကာပူဘဏ်များကို သုံးရခက်လာသဖြင့် ထိုင်းဘဏ်များကို အားကိုးလာရကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်တွင် ရေးထားသည်။

စစ်ကောင်စီ လက်နက်ဝယ်ရာတွင် ငွေပေးချေမှုအတွက် ထိုင်းဘဏ်တချို့ ဝန်ဆောင်မှုပေးနေကြောင်း မကြာသေးခင်က ထွက်ပေါ်လာသည့် ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြလိုက်ရာ ထိုင်းနိုင်ငံဘဏ်လုပ်ငန်းများက စစ်ကောင်စီကို ၎င်းတို့ ဝန်ဆောင်မှုမပေးခဲ့ကြောင်း ငြင်းဆိုနေကြသည်။

စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ခံနေရမှုများကြောင့် စစ်လက်နက်နှင့် စစ်ဘက်ဆိုင်ရာသုံး ပစ္စည်းများဝယ်ယူရန် ခက်ခဲနေသည့် စစ်ကောင်စီကို ထိုင်းဘဏ်များက အကူအညီပေးနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး၏ ဇွန်လ ၂၆ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းကို ၎င်းတို့က တုံ့ပြန်နေခြင်း ဖြစ်သည်။

ထိုင်းဘဏ်များမှတစ်ဆင့် စစ်ကောင်စီ၏ ငွေပေးချေမှုသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရှိခဲ့သည်၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်အထိ နှစ်ဆကျော် မြင့်လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုင်းဘဏ်တစ်ခုဖြစ်သော Siam Commercial Bank (SCB) က အများဆုံးဝန်ဆောင်မှုပေးခဲ့သည်ဟု ဆိုသည်။

အခြားဘဏ် ၄ ခု ဖြစ်သော Bangkok, Kasikorn, TMB Thanachart, Krung Thai ဘဏ်တို့က ငွေပေးချေမှုအတွက် ဝန်ဆောင်မှုပေးသည်ဟု အစီရင်ခံစာက ဆိုသည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်း နိုင်ငံ ၇ နိုင်ငံမှ ဘဏ်လုပ်ငန်း ၁၆ ခုသည် စစ်ကောင်စီ၏ စစ်လက်နက် ဝယ်ယူမှုများအတွက် ငွေပေးချေရာတွင် ငွေအလွှဲအပြောင်းဝန်ဆောင်မှုပေးခဲ့သည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာထွက်ပေါ်လာပြီး နောက်တစ်နေ့တွင် SCB ဘဏ်က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ပုံမှန်မဟုတ်သော ငွေအလွှဲအပြောင်းများ လုပ်ဆောင်ခြင်းမျိုး မတွေ့ရှိရကြောင်း တုံ့ပြန်သည်။ 

ငွေလွှဲမှု အများအပြားမှာ စွမ်းအင်နှင့် စားသောက်ကုန်ပစ္စည်းများအတွက်သာ ဖြစ်ကြောင်း၊ ပုံမှန်တွေ့နေကျ စီးပွားရေးဆိုင်ရာ ငွေလွှဲမှုများ ဖြစ်ကြောင်း SCB ဘဏ်က ၎င်းတို့၏ အွန်လိုင်းစာမျက်နှာတွင် ဇွန် ၂၇ ရက်နေ့က တုံ့ပြန်ရေးသားထားသည်။

ကုလသမဂ္ဂအစီရင်ခံစာတွင် နိုင်ငံတကာဘဏ်လုပ်ငန်း ၁၅ ခုသည်လည်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင်ဘဏ်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများနှင့် ချိတ်ဆက်လုပ်ဆောင်ခဲ့သည်ဟုလည်း ဆိုသည်။

စစ်ကောင်စီအတွက် နိုင်ငံတကာငွေပေးချေမှုများတွင် အခရာကျသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ တွင် အရေးယူပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့သည်။

ထို့ကြောင့် အရေးယူပိတ်ဆို့မှုမှ ကင်းလွတ်နေသေးသော နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် (MEC) သည် စစ်လက်နက်ပစ္စည်းဝယ်ယူရေးအတွက် အဓိကဘဏ်ဖြစ်လာသည်ဟု တွမ်အင်ဒရူး၏ အစီရင်ခံစာက ဆိုသည်။

MEC ၏ ငွေပေးချေမှုများထဲတွင် စစ်ကောင်စီလေတပ်က ကလေးသူငယ်များနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသော တရုတ်နိုင်ငံထုတ် K8-W အမောင်းသင် တိုက်ခိုက်ရေးလေယာဉ်၊ ရုရှားထုတ် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် MiG- 29 တိုက်လေယာဉ်များ၏ အပိုပစ္စည်းဝယ်ယူမှုများ ပါဝင်သည်။

မြန်မာစစ်တပ်သည် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကြောင့် အထိနာလာသည်ဟု တွမ်အင်ဒရူးက ပြောသည်။

“သတင်းကောင်းကတော့ မြန်မာစစ်တပ်ဟာ ပိုပြီးအထီးကျန်ဆန်လာပါတယ်။ သတင်းဆိုးကတော့ စစ်တပ်ဟာ UN (ကုလသမဂ္ဂ) အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်နေတာကို အခွင့်ကောင်းယူပြီး အရေးယူပိတ်ဆို့မှုတွေကို ရှောင်တိမ်းဖို့ ဘဏ္ဍာရေးလမ်းကြောင်းတွေ ပြောင်းလဲသုံးနေပါတယ်” ဟု သူက ဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ တရားဝင်ဘဏ်စနစ်မှတစ်ဆင့် စစ်လက်နက်နှင့် စစ်ဘက်ဆိုင်ရာသုံးပစ္စည်းများ ဝယ်ယူနိုင်မှုသည် ၃ ပုံ ၁ ပုံအထိ ကျဆင်းသွားသည်၊၂၀၂၃ ခုနှစ် မတ်လကုန်စာရင်းများနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၃၇၇ မှ သန်း ၂၅၃ သို့ လျော့ကျသွားကြောင်း သူက ပြောသည်။

ယမန်နှစ်က စစ်ကောင်စီအတွက် စစ်လက်နက်ဝယ်ယူရေးနှင့် တင်သွင်းရေးအတွက် ဝန်ဆောင်မှုပေးနေသော စင်ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအရင်းအမြစ်များ ဖော်ထုတ်ခံရပြီးနောက် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများမှ မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့မှုသည် ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်ဟုလည်း သူ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်ဖက်တွင်မူ ထိုင်းနိုင်ငံမှတစ်ဆင့် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်း ဝယ်ယူတင်သွင်းမှု ၂ ဆကျော် မြင့်တက်လာသည်။ ၂၀၂၄ ခုနှစ် မတ်လကုန်စာရင်းများအရ ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများမှ စစ်လက်နက်နှင့် စစ်ဘက်သုံးထောက်ပံ့ရေးပစ္စည်းများ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါး ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

ထိုအရောင်းအဝယ်တွင် ထိုင်းဘဏ် Siam Commercial Bank (SCB) က အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်ဖိုးအတွက် ငွေအလွှဲအပြောင်း ဘဏ်ဝန်ဆောင်မှုပေးခဲ့သည်။ SCB ဘဏ်သည် ယခင်နှစ် မတ်လကုန်က စစ်ကောင်စီနှင့် ပတ်သက်သော အရောင်းအဝယ်များတွင် ဒေါ်လာ ၅ သန်းကျော်ဖိုးသာ ဝန်ဆောင်မှုပေးခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေစီးဝင်နေသော အရင်းအမြစ်များကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုနှင့် ထိုဝင်ငွေလမ်းကြောင်းများကို အားပေးထောက်ပံ့ပေးနေသော နိုင်ငံများကိုလည်း အရေးယူသတိပေးရန် တွမ်အင်ဒရူးက အကြံပြုထားသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ကျယ်ပြန့်လာနေသော တိုက်ပွဲများကြောင့် စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဘဏ္ဍာအတွက် စစ်အသုံးစရိတ်ကို ကျပ်ဘီလျံ ၅၆၃၅ အထိ စံချိန်တင် မြှင့်တင်သုံးစွဲခဲ့သည်။ ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်အတွက် စစ်အသုံးစရိတ်ကိုမူ စစ်ကောင်စီက ထုတ်ပြန်လာခြင်းမရှိသေးပေ။

Show More

Related Articles

Back to top button