မေးမြန်းခန်း

“ကုလက ဒီလိုထပ်မဖြစ်စေရပါဘူးလို့ အမြဲပြောပေမယ့် အကြိမ်ကြိမ်ထပ်ပြီး မှားနေတာပါ” -ရန်ဟီးလီ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဖြစ်ခဲ့သူ ရန်ဟီးလီက မြန်မာနိုင်ငံ၏ ယခင်နှင့် ယခု ပဋိပက္ခများအကြောင်း ဝေဖန်ထောက်ပြပြီး နိုင်ငံတကာကလည်း ထိထိရောက်ရောက် တုံ့ပြန်မှုမရှိဟု ဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ တောင်ကိုးရီးယားနိုင်ငံသူ ရန်ဟီးလီသည် မြန်မာနိုင်ငံအနှံ့တွင် မြန်မာစစ်တပ်က တိုင်းရင်းသားများနှင့် လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများအပါအဝင် အမျိုးမျိုးသော အနိုင်ကျင့် အကြမ်းဖက်မှုများကို ပြတ်ပြတ်သားသား ပြောဆိုနေသူဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခင်နှင့် ယခုအကျပ်အတည်းများ၊ စစ်တပ်ကနေရာအနှံ့ ကျူးလွန်ခဲ့သော၊ ကျူးလွန်နေဆဲဖြစ်သော အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာက ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဟုလည်း သူက ဆိုသည်။  

မြန်မာနိုင်ငံ၏ ရွှေရည်စိမ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပြင် စီးပွားရေးနှင့် မြေယာအခွင့်အရေးများ၊ ကျား-မ ရေးရာ ပြဿနာများ၊ ဒီမိုကရေစီအရေး၊ ဥပဒေပြုရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ မြန်မာစစ်တပ်၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပွင့်လင်းမြင်သာမှုရှိရေး အစရှိသည့် ပြဿနာအရပ်ရပ်ကို ထုတ်ဖော်ရန် ရန်ဟီးလီက သူ၏အစီရင်ခံစာတွင်ပါဝင်မည့် ကဏ္ဍများကို တိုးချဲ့ခဲ့သည်။ 

၂၀၁၆၊ ၂၀၁၇ ခုနှစ်များတွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာသည်နှင့်အမျှ ရန်ဟီးလီ၏ ထုတ်ဖော်ပြောဆိုမှုများလည်း အထူးအရေးပါလာသည်။ 

သူသည်လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို စုံစမ်းအကဲဖြတ်ရန်အတွက် မြန်မာနိုင်ငံသို့ တစ်နှစ်လျှင် နှစ်ကြိမ် လာရောက်ရမည်ဖြစ်သည်။ သို့သော် ၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအရေး အရှိန်မြင့်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရအဖွဲ့က သူ့ကို ပြည်ဝင်ခွင့်ပိတ်ပစ်ခဲ့သည်။

မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မှုမရှိသည့်တိုင် လီသည် သူ၏ တာဝန်များကို အဝေးမှ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဖြစ်ပွားနေသည့် အကြမ်းဖက်အနိုင်ကျင့်မှုများနှင့် မြန်မာလူထုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တာဝန်ခံမှုလိုအပ်ချက်များကို မီးမောင်းထိုးပြခဲ့သည်။ 

၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းသည်ကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နှစ်ဦးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကို တည်ထောင်ခဲ့သည်။ စစ်အာဏာရှင်များကို ဖိအားပေးရန်အတွက် နိုင်ငံတကာ နိုင်ငံရေးလှုပ်ရှားမှုများကို တွန်းအားပေးခဲ့သည်။ 

မြန်မာနိုင်ငံအတွင်း နေခဲ့စဥ် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအပြင် မြန်မာပြည်အနာဂတ်နှင့် ပတ်သက်၍ Myannmar Now က မေးမြန်းထားသည်။

မေး  −  အထူးကိုယ်စားလှယ် အဖြစ်ခန့်အပ်ခံရချိန်မှာ မြန်မာနိုင်ငံအခြေအနေတွေကို သေသေချာချာ သိရှိထားပြီးသားလား၊ မြန်မာနိုင်ငံကို ဘယ်လိုစသိခဲ့တာလဲ။

ဖြေ − ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီမှာ ၂၀၀၃ ကနေ ၂၀၁၃ ခုနှစ်အထိ ကျွန်မတာဝန်ထမ်းဆောင်ခဲ့စဥ်က မြန်မာကိုယ်စားလှယ်တွေနဲ့ နှစ်ကြိမ်ဆုံတွေ့ခဲ့ပါတယ်။ တော်တော်လေး စိတ်ဝင်တစား ဖြစ်သွားရတာကတော့ မြန်မာနဲ့ တောင်ကိုးရီးယားနိုင်ငံတို့ဟာ တူညီတဲ့အချက်တွေရှိလို့ပါပဲ။ ဒါကြောင့်လဲ အထူးကိုယ်စားလှယ်အနေနဲ့ ကျွန်မ ပိုပြီး (လုပ်ကိုင်နိုင်) မယ်လို့ တွေးမိပါတယ်။ 

မြန်မာနိုင်ငံဟာ ဗြိတိသျှတွေရဲ့အုပ်စိုးမှုကို ခံခဲ့ရတယ်။ အဲဒီနောက်မှာတော့ ဂျပန်တွေရဲ့ လက်အောက်မှာ ၃နှစ်ကြာ နေခဲ့ရတယ်။ ကျွန်မတို့နိုင်ငံကတော့ ဂျပန်လက်အောက်ခံဘဝမှာ ၃၆နှစ်ကြာ နေခဲ့ရတယ်။ ပြီးတော့ ကျွန်မတို့ဆီမှာ အာဏာသိမ်းတာ နှစ်ကြိမ်တိုင်ဖြစ်ခဲ့ပေမယ့် (မြန်မာနိုင်ငံမှာလိုမျိုးတော့) မရက်စက် မကြမ်းကြုတ်ခဲ့ပါဘူး။ 

ကျွန်မတို့နိုင်ငံရဲ့ အတွေ့အကြုံတွေကို ဝေမျှနိုင်မယ်လို့ ကျွန်မယူဆခဲ့ပါတယ်၊ (မြန်မာ)ကာကွယ်ရေးဝန်ကြီးက (ကျွန်မကို)ပြောလာတယ် ”တောင်ကိုးရီးယားအနေနဲ့ ဒီလိုမျိုး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ခဲ့လဲဆိုတာ ကျွန်တော်တို့ နည်းနာယူချင်ပါတယ်”တဲ့။ 

ကျွန်မ သူ့ကို ကြည့်လိုက်ပြီး ဒီလိုပြောချလိုက်ပါတယ် ”ဘယ်လိုလုပ်ခဲ့လဲဆိုတော့ စစ်တပ်က လက်နက်ချပြီး စစ်တန်းလျားကို ပြန်သွားလို့ပါပဲ ဆရာရယ်”လို့။

ကျွန်မက ကလေးသူငယ်ဖွံ့ဖြိုးမှုဆိုင်ရာ အထူးပြုသူတစ်ဦးဖြစ်ခဲ့တာမို့ ဒီကို (မြန်မာနိုင်ငံကို)လာပြီး ဝေဖန်အကြံပေးတာထက်ပိုတဲ့ ကူညီထောက်ပံ့မှုတွေ လုပ်နိုင်မယ်လို့ ယူဆခဲ့ပါတယ်။ 

အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ကျွန်မ (မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်) ခန့်အပ်လွှာရပြီးနောက် ပြန်ကြားရတာက ဒီရာထူးကို ကျွန်မရဖို့အတွက် (ကုလဆိုင်ရာ) မြန်မာအမြဲတမ်းကိုယ်စားလှယ်က လိုက်ပြီး တိုက်တွန်း စည်းရုံးပေးနေတယ်ဆိုတာပါပဲ။ အမိန့်စာလက်ခံမယ့် နိုင်ငံကိုယ်တိုင်က ဒီလိုမျိုး တစ်စုံတယောက်ကို ခန့်အပ်ပေးပါဆိုပြီး လိုက်တောင်းဆိုတာ သူ့ဘဝမှာ ဒါပထမဆုံးပဲလို့ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌက ပြောပါတယ်။ 

ကျွန်မ ယူဆတာကတော့ ကျွန်မက မိန်းမသားလည်းဖြစ်တယ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီကလာခဲ့တဲ့သူလည်းဖြစ်တယ်ဆိုတော့ သူတို့ကကျွန်မကို လွယ်လွယ်နှပ်ချလို့ရမယ်ဆိုပြီး ထင်ခဲ့တဲ့ပုံပါပဲ။ ဒါပေမယ့် ကျွန်မရဲ့ အစီရင်ခံစာထွက်လာတော့ သူတို့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲသွားပြီဆိုတာ နားလည်ကြပါလိမ့်မယ်။

မြန်မာနိုင်ငံ လူအခွင့်အရေးဆိုင်ရာ အခြေအနေများစုံစမ်းရန် ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဥ်းထောင်သို့  ၂၀၁၆ခုနှစ်၊ ဇွန်လ ၂၇ရက်နေ့က ရန်ဟီးလီ သွားရောက်စဉ်။ (ဓာတ်ပုံ – AFP)

မေး −  မြန်မာ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ထောက်ပြပြောဆိုခဲ့တယ်၊ အစီရင်ခံစာတွေမှာ ပွင့်ပွင့်လင်းလင်းဖော်ပြတယ်ဆိုတော့ ခင်ဗျားအပေါ်ထားတဲ့ သူတို့သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ −  တော်တော်သိသိသာသာကြီးကို ပြောင်းလဲသွားတာပေါ့။ ၂၀၁၄ ခုနှစ် ဇူလိုင်လ၊ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်သွားတဲ့ ခရီးစဥ်မှာ တကယ့်ကို ကော်ဇောနီကြီးခင်းပြီးတော့ကို ကြိုဆိုခဲ့တာ။

ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်းကို သွားခဲ့စဥ်ကမပြောနဲ့၊ ရခိုင်မြောက်ပိုင်းမှာတောင် ကျွန်မလှေပေါ်ကဆင်းလိုက်တာနဲ့ ဝတ်ကောင်းစားလှနဲ့ လူတွေက စောင့်ကြိုနေကြတာ၊ ရိုးရာဝတ်စုံတွေဝတ်ထားတဲ့ အမျိုးသမီးတွေက ကျွန်မကို ပန်းတွေကမ်းပါတယ်။ 

ကျွန်မရဲ့ တာဝန်တွေ ပြီးသွားတဲ့အခါ ပူးပေါင်းပါဝင်မှုအတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ကျွန်မပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အရှိကို အရှိအတိုင်းပဲ တင်ပြရမှာပါပဲ။ ကျွန်မ (မြန်မာ)အစိုးရအပေါ် အားမနာတမ်း ပြတ်ပြတ်သားသား ဆက်ဆံခဲ့ပါတယ်။ နောက်ပိုင်း ခရီးစဥ်တွေကျတော့ ကျွန်မကို ကြိုဆိုတဲ့ ကော်ဇောနီတွေ မရှိတော့ပါဘူး။​ ကျွန်မကို ဆန္ဒပြတဲ့ လူတွေတောင်ရှိခဲ့ပါတယ်။

ကျွန်မနဲ့ ဘန်ကီမွန်း(ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း)တို့ရဲ့ မျက်နှာတွေကို ကြက်ခြေခတ်ထားတဲ့ ရုပ်ပုံတွေပါတဲ့ ရှပ်အင်္ကျီတွေ ဝတ်ထားတဲ့ လူငယ်တွေကို စစ်တွေနဲ့ ရန်ကုန်မြို့တွေမှာ တွေ့ခဲ့ရပါတယ်။  တခြားမြို့တွေမှာဆိုရင်လည်း “ထွက်သွား”၊ “ငါတို့မင်းကို ဒီမှာမလိုချင်ဘူး” စတဲ့ ဆိုင်းဘုတ်တွေ (ကိုင်ထားတဲ့လူတွေ)ကို တွေ့ခဲ့ရပါတယ်။

၂၀၁၄ခုနှစ် ဇန်နဝါရီလအတွင်း  ရန်ကုန်မြို့၌ပြုလုပ်ခဲ့သည့် ရန်ဟီးလီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် မဘသ ဘုန်းကြီး ဦးဝီရသူဟောပြောနေသည်ကို တွေ့ရစဥ်။ (ဓာတ်ပုံ  −  AFP)

မေး  −  မြန်မာနိုင်ငံကို ပထမဦးဆုံးသွားတဲ့ ခရီးစဉ်တွေမှာ ဘာတွေဖြစ်ပျက်ခဲ့သေးလဲ။  ဘာကို ဒေါသထွက်သွားကြတာလဲ။

ဖြေ −  ၂၀၁၄ ခရီးစဥ်မှာ ဒုချီးရားတန် (မွတ်စလင်ဘာသာဝင်များ နေထိုင်သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကျေးရွာ)ကနေ မောင်တောကို ကျွန်မသွားခဲ့တယ်။ အဲဒီကနေတဆင့် မန္တလေးကို သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီက အမျိုးသမီးတစ်ဦးက သူ့ကို မွတ်စလင်ဘာသာဝင်တစ်ယောက်က အဓမ္မကျင့်တယ်လို့ပြောပါတယ်၊ အဲ့ဒီအဖြစ်အပျက်ကြောင့် မွတ်စလင်သင်္ချိုင်းတွေကို လိုက်လံမီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါလို့ ပြောကြပါတယ်။

နောက်ပိုင်း ကျွန်မတို့ တွေ့ရှိရတာက သူအဓမ္မကျင့်ခံခဲ့ရတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ကို ဒေါသထွက်သွားစေတာကတော့ ကျွန်မရေးထားတဲ့ အစီရင်ခံစာပါပဲ။ သူတို့ခွင့်မပြုတဲ့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို ကျွန်မသုံးခဲ့ပါတယ်။ ကုလသမဂ္ဂရုံးအဖွဲ့တောင်မှ ဒီအခေါ်အဝေါ်ကို မသုံးပါဘူး။

ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့အနီး ပြောင်ပိုက်ရွာတွင် နေထိုင်သည့်  ရိုဟင်ဂျာများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ဟီးလီသွားရောက် တွေ့ဆုံစဥ်။ (ဓာတ်ပုံ – AFP)

မေး  −  သွားခဲ့တဲ့ ခရီးစဥ်တွေထဲမှာ ထူးထူးခြားခြား အမှတ်တရရှိတဲ့ အဖြစ်အပျက်တွေများ ရှိသလား။ 

ဖြေ  −  နှစ်ခုရှိပါတယ်၊ အင်းစိန်ထောင်ကို သွားတုန်းကနဲ့ အလုပ်ကြမ်းစခန်းတစ်ခုကို ရောက်သွားတုန်းကပါ။  အင်းစိန်ထောင်မှာ (တစ်နေရာ)ကို ကျွန်မသွားကြည့်တော့၊ လူပေါင်း ၁၅၀ လောက်ဟာ တစ်နေရာထဲမှာ ပြွတ်သိပ်ပြီး နေကြရပါတယ်။ ဒီလူတွေ လှဲပြီးတော့တောင် အိပ်ချလို့မရပါဘူး။ ပြီးတော့ အဲဒီနေရာအတွက် တံခါးမပါတဲ့ အိမ်သာတစ်လုံးပဲ ရှိပါတယ်။ ကျွန်မက (ထောင်အာဏာပိုင်တွေကို) ”ဒီလိုမဖြစ်သင့်ဘူး။ လူတွေဒီလောက်အများကြီးအတွက် အိမ်သာက တစ်လုံးပဲရှိတယ်၊ ပြီးတော့ အိမ်သာက သီးသီးသန့်သန့် လုံခြုံမှုလည်း မရှိဘူး” လို့ ပြောပါတယ်။ 

ကျွန်မနောက်တစ်ကြိမ် ထပ်သွားတော့ အိမ်သာနှစ်လုံး (နောက်ထပ်ဆောက်ထားတာ)ကို တွေ့ရပါတယ်။  အလုပ်ကြမ်းစခန်းက အကျဥ်းသားတွေဟာ ခြေကျင်းခတ်တွေနဲ့ ထိုင်နေကြပါတယ်။ သူတို့က ကျွန်မကို ဒီလိုပြောပါတယ်။

”ခင်ဗျားရောက်လာတာ ကျွန်တော်တို့ သိပ်ဝမ်းသာတာပဲ၊ အပြင်က ကျောက်မိုင်းထဲမှာ ကျောက်မထုရတာ နှစ်ရက်ရှိပြီ။ မိုင်းထဲမှာ အရမ်းပူလို့ လူတွေပင်ပန်းလွန်ပြီး သေကြတာတွေရှိတယ်။ ခင်ဗျားလာမယ်ဆိုလို့ သန့်ရှင်းရေးလုပ်ဖို့ နှစ်ရက်လုံးလုံး အထဲမှာ နေခွင့်ရတယ်”

(အခြား) အထူးကိုယ်စားလှယ်တွေလည်း ဒီလိုအကျဥ်းထောင်တွေကို သွားကြည့်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။ 

မွန်ပြည်နယ်၊ ဇင်းကျိုက်မြို့ အလုပ်ကြမ်းအကျဥ်းစခန်း၏ ကျောက်မိုင်းတစ်ခုတွင် အလုပ်လုပ်နေကြသော အကျဥ်းသားများကို ၂၀၁၆ခုနှစ်က တွေ့ရစဥ်။ (ဓာတ်ပုံ – ဆွေဝင်း/ မြန်မာနောင်း)

မေး −  စစ်တပ်က နောက်ထပ်တစ်ကြိမ် အာဏာသိမ်းမယ်ဆိုတာကို ရိပ်မိခဲ့တာမျိုးရှိလား။

ဖြေ − ခရီးစဥ် အနည်းငယ်လောက် သွားပြီးရုံနဲ့ကို နောက်ကွယ်မှာ အကြံအစည်ကြီးကြီးမားမား ရှိတယ်ဆိုတာ အရမ်းကို သိသာလှပါတယ်။ 

မေး  −  ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရအပေါ် မှာကော ဘယ်လိုမြင်ပါသလဲ။ 

ဖြေ  −  ဦးသိန်းစိန်အုပ်ချုပ်တဲ့ အချိန်တုန်းထဲက သူနဲ့ကျွန်မ ဆုံဖူးပါတယ်။ ကျွန်မတို့ စကားကောင်းကောင်းကြီး ပြောခဲ့ကြပါတယ်။ ၂၀၁၅ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သူ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရသွားပြီးချိန် ဇန်နဝါရီလ အစမှာပါ၊ အစိုးရအသစ်ဖွဲ့မယ့် ဧပြီလမတိုင်ခင်ပေါ့။ 

ဗြိတိသျှကိုလိုနီခေတ်တည်းက ရှိခဲ့တဲ့ တရားလွန်တင်းကျပ်လွန်းတဲ့ ဥပဒေ ၂၀၀ လောက်ကို စာရင်းပြုပြီး သူ့ကို ကျွန်မပေးခဲ့တယ်၊ ဒီဥပဒေတွေကို ပြန်လည်ပြင်ဆင်နိုင်အောင်ပေါ့။ ပြီးတော့ စံနမူနာယူလို့ရမယ့် ဥပဒေတွေကိုလည်း သူ့ကိုကျွန်မဝေမျှခဲ့ပါတယ်။ အစိုးရသက်တမ်း ပထမဆုံး ရက် ၁၀၀ ဟာ အလွန်အရေးကြီးတယ်လို့လည်း ကျွန်မသူ့ကိုပြောခဲ့ပါတယ်။

နိုင်ငံရေးမိသားစုမှာ ကြီးပြင်းလာတာဖြစ်လို့ ကျွန်မမှာ ပင်ကိုယ်နိုင်ငံရေး အသိဗီဇရှိပါတယ်။ လတ်တလောအချိန်၊ အလယ်အလတ်အချိန်နဲ့ ရေရှည်အတွက်ကို စဥ်းစားပါလို့ ကျွန်မပြောခဲ့ပါတယ်။ 

သစ်တောဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနအချို့က အင်မတန်ကို ပူးပေါင်းလုပ်ဆောင်မှု ကောင်းမွန်ပါတယ်။ ကျွန်မသွားတဲ့အခါတိုင်း နောက်ဆုံးရရှိတဲ့ အချက်အလက်တွေပါတဲ့ အစီရင်ခံစာအသစ်တွေကို သူတို့တင်ပြကြပါတယ်။

မေး −  သူတို့တွေ အိမ်စာပြီးအောင် လုပ်ထားကြတဲ့သဘောပေါ့။ 

ဖြေ  −  ဟုတ်တာပေါ့ရှင်။ 

ကျွန်မအရမ်းအံ့သြရတာကတော့ [ရိုဟင်ဂျာလက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) က ရဲကင်းများကို တိုက်ခိုက်သည်ဆိုသောကြောင့် စစ်တပ်မှ ရိုဟင်ဂျာလူမျိုးစုများအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေချိန်] ၂၀၁၆ခုနှစ် အောက်တိုဘာ နောက်ပိုင်း  ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ကျွန်မကို ရခိုင်သွားခွင့်ပြုလို့ပါပဲ။ ကျွန်မပြန်လာတဲ့အခါ ရခိုင်မြောက်ပိုင်းမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ကိုယ်တိုင်သွားပြီးကြည့်ဖို့ သူ့ကို (ဒေါ်အောင်ဆန်းစုကြည်ကို)ကျွန်မ ပြောခဲ့ပါတယ်။ 

ပြီးတော့ ကချင်ပြည်နယ်ကိုလည်းသွားဖို့၊ ကချင်ကို သူ မလာသေးတာကြောင့် နယ်ခံတွေက စိတ်ပျက်လက်ပျက် ဖြစ်နေရတယ်လို့လည်း ကျွန်မပြောခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ပတ်သက်ပြီး သူပြန်ဖြေတာကတော့ ”ဒီကိစ္စကို ကျွန်မရဲ့ဝန်ကြီးက ကောင်းကောင်းမွန်မွန် ကိုင်တွယ်နေပါတယ်။ ကျွန်မရဲ့ဝန်ကြီးကို ကျွန်မယုံပါတယ်” “ကချင်ကိုတော့ အချိန်တန်ရင် ကျွန်မသွားပါမယ်” ဆိုတာပါပဲ။

ပြီးတော့ “ရိုဟင်ဂျာ”လို့ သုံးနှုန်းမယ့် အစား “ရခိုင်မှာနေတဲ့ မွတ်စလင်ဘာသာဝင်တွေ”၊ “ရခိုင်မှာနေတဲ့ မွတ်စလင်ဘာသာဝင် မဟုတ်သူတွေ” ဆိုပြီး သူက ဒီလိုအခေါ်အဝေါ်တွေကို သုံးပါတယ်။ 

“ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မအနေနဲ့ ဒီလိုအခေါ်အဝေါ်မျိုး မသုံးနိုင်ပါဘူး”လို့ ကျွန်မ သူ့ကို ပြောလိုက်ပါတယ်။ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိဖို့အတွက် သူတို့ကို ရိုဟင်ဂျာတွေလို့ ခေါ်ခွင့် ပြုသင့်ပါတယ်။

အဲဒီအခါ “အိုကေ”လို့ပဲ သူကပြောပါတယ်။ ကျွန်မကို တိုက်ခိုက်တာ၊ အငြင်းပွားတာမျိုး သူမလုပ်ခဲ့ပါဘူး။​

[သူ့နဲ့ကျွန်မ ဆုံတဲ့အခါတိုင်း] ကျွန်မတို့နှစ်ကိုယ်ကြား တိုင်ပင်ဆွေးနွေးရအောင်လို့ ကျွန်မတောင်းဆိုတဲ့ အခါ သူအမြဲခွင့်ပြုပါတယ်။ သူကကျွန်မကို ဖက်လှဲတကင်းနဲ့ ကျွန်မပါးကို နမ်းပြီးတော့တောင် နှုတ်ဆက်ပါတယ်။  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မတို့ နောက်ဆုံးတွေ့ခဲ့တုန်းကတော့ သူ့အနားမှာ ဦးကျော်တင့်ဆွေ (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ)ကို ထိုင်ခိုင်းထားပါတယ်။ 

မေး − အဲ့ဒါတွေက [၂၀၁၆မှာ]ရိုဟင်ဂျာတွေကို သုတ်သင်ဖြိုခွင်းမှုတွေ စတင်ပြီးတဲ့အချိန်၊ သူ့ရဲ့ ဥပဒေအကြံပေးဖြစ်တဲ့ ဦးကိုနီ လုပ်ကြံခံရအပြီးနောက်ပိုင်းမှာ ဖြစ်ခဲ့တာတွေလား။ 

ဖြေ −  ဟုတ်ပါတယ်၊  ဒါကြောင့် ၂၀၁၇ခုနှစ် ဇန်နဝါရီလမှာတုန်းက ရခိုင်မြောက်ပိုင်းကို သွားကြည့်သင့်ကြောင်း သူ့ကို ကျွန်မပြောခဲ့တာပေါ့။ ကျွန်မကို သူက သီးသန့်တွေ့ဆုံခွင့် မပေးတော့တာကြောင့် တစ်ခုခုဖြစ်တော့မယ်လို့တော့ ကျွန်မရိပ်မိခဲ့ပါတယ်။ 

သုံးရက်မြောက်နေ့မှာ (NLD အမတ်) ဒေါ်သန္တာက ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပြီး၊ ကျွန်မကို ဒီကို လာခွင့်မပြုဖို့ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်တော့ဖို့ တစ်ညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ 

မေး  −  ဒီကိစ္စဖြစ်လာတော့မယ်ဆိုတာ အောင်ဆန်းစုကြည်သိခဲ့သလား။ 

ဖြေ −  သူသိခဲ့တယ်လို့ ကျွန်မထင်တာပဲ။ 

မေး  −  အဲဒီတေ့ာ အခုပြန်စဥ်းစားကြည့်ရင် သူ့ရဲ့ စိတ်နေသဘောထားနဲ့ သူ့ကို ယေဘုယျအားဖြင့် ဘယ်လိုမြင်ပါသလဲ။ 

 ဖြေ  −  ရိုးရိုးသားသားပြောရမယ်ဆိုရင် လူတစ်ယောက်အနေနဲ့ကတော့ သူက အရမ်းကို ဆွဲဆောင် လွှမ်းမိုးနိုင်စွမ်းရှိပြီး နှစ်လိုဖွယ်ကောင်းပါတယ်။ 

ဒါပေမယ့် ကျွန်မ အရမ်းကို စိတ်ပျက်မိတာကတော့ ဒီလောက်နှစ်တွေအများကြီး နေအိမ်အကျယ်ချုပ်မှာ နေခဲ့ရလို့ စာဖတ်ဖို့၊ စီမံကိန်းတွေချဖို့ အချိန်တွေအများကြီးရခဲ့ပေမယ့်၊ မြန်မာပြည်ကို ဘယ်လိုအုပ်ချုပ်မလဲဆိုတဲ့ စီမံချက်တစ်ခုတောင် သူ့မှာမရှိပါဘူး။ 

သူက ဝန်ကြီးဌာန ၄ ခုရဲ့ အကြီးအကဲဖြစ်ချင်ခဲ့တာကို မှတ်မိတယ်နော် (နောက်ဆုံးမှာတော့ သူက) နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကိုပဲ ယူခဲ့ရတယ်။ ဒီလိုလုပ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  လစ်ဟာချက်ကို တွေ့ခဲ့သူကတော့ ဦးကိုနီပါပဲ။ 

ဒါပေမယ့် သူက အရမ်းကို အေးစက်ပြီး စာနာစိတ်မရှိတဲ့ အမျိုးသမီးပါပဲ။ 

ဦးကိုနီ မဆုံးခင် ရက်သတ္တပတ် အနည်းငယ်လောက်တုန်းက ကျွန်မနဲ့ ဆုံတွေ့ခဲ့ပါသေးတယ်၊ ဦးကိုနီဆုံးသွားပြီးတဲ့နောက် ကျွန်မကဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။ ကျွန်မက (ဒေါ်အောင်ဆန်းစုကြည်ကို)ပြောလိုက်တယ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ရင် ဦးကိုနီက ချန်ပီယံပါပဲလို့။ 

သူ့ရဲ့ တုံ့ပြန်စကားကတော့ တကယ့်ကိုအံ့သြစရာပါပဲ ”ကျွန်မမှာ နောက်ထပ်ချန်ပီယံတွေ အများကြီးရှိပါတယ်”လို့ သူက ပြန်ပြောတာပါ။

ဦးကိုနီရဲ့ စျာပနကို သူ မလာခဲ့သလို၊ လွမ်းသူ့ပန်းခွေတွေလည်း သူ မပို့ခဲ့ပါဘူး။ 

နောက်ကျတော့ (နယ်သာလန်နိုင်ငံ) သည်ဟိတ်မြို့ရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ၂၀၁၆၊ ၂၀၁၇ခုနှစ်တွေတုန်းက စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ကာကွယ်ချေပတဲ့ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုအနေနဲ့  သူ့ကို မြင်ရတော့တာပါပဲ။ 

ပုံစာ။ ၂၀၁၈ခုနှစ်တွင် ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုသို့ အောင်ဆန်းစုကြည် သွားရောက်လည်ပတ်စဥ် (ဓာတ်ပုံ  −  MOI)

ရခိုင်ကို စစ်တပ်က နောက်ထပ်တပ်သားတွေ ထပ်ပို့နေတယ်ဆိုတာကို ၂၀၁၇ခုနှစ် သြဂုတ်လမှာ ကျွန်မသတင်းရတယ်။ ကျွန်မ မီဒီယာမှာ ထုတ်ပြန်ချက်တစ်ခု လုပ်ခဲ့ပါတယ် ”စစ်တပ်ဟာ ဘာကြောင့် ခြေမြန်တပ်မတစ်ခု  ရခိုင်ကိုပို့ရတာလဲ” အဲဒီမှာ တိုက်စရာ ခိုက်စရာ ဘာမှမရှိဘူး၊ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်၊ အရာအားလုံးကို ရှင်တို့တွေ ဖျက်ဆီးလိုက်ပြီ၊ ရှင်တို့ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ 

အဲဒီနောက် သြဂုတ်လ ၂၅ရက်နေ့မှာ (မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ)

ရဲကင်းစခန်း ၃၀ လောက် တိုက်ခိုက်ခံရတယ်လို့ သူတို့က ဆိုပါတယ်။ ဒါပေမယ့် အဲဒီတိုက်ခိုက်ခံရတဲ့ နေရာတွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေ ဘာမှမရှိပါဘူး။ 

နှိုင်းယှဥ်ပြီးပြောရမယ်ဆိုရင် ၂၀၁၆တုန်းက အဖြစ်အပျက်ကိုကျတော့ သူတို့က လူတိုင်းကို လိုက်ပြချင်နေတာ၊ ကျွန်မကို ဘူးသီးတောင်အထိ ခေါ်သွားပြီး (အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်) ARSAက အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ရဲကင်းစခန်းကို လိုက်ပြခဲ့ပါတယ်။ 

ဒါပေမယ့် ၂၀၁၇ခုနှစ် သြဂုတ်လမှာ နေရာ ၃၀ လောက် တစ်ပြိုက်နက်တည်း (တိုက်ခိုက်ခံရတယ်ဆိုပေမယ့်) ဓာတ်ပုံလေးတောင် မရှိပါဘူး၊ အခုထိ မရှိတာပါ၊ ကျွန်မ ဒါကို အကြိမ်ကြိမ် အခါခါ ထောက်ပြခဲ့ပါတယ်။

အထူးကိုယ်စားလှယ်တွေဆိုတာ မြေပြင်က သတင်းတွေရပါတယ်။ ရဝမ်ဒါ (လူမျိုးသုဥ်းသတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့သည် နိုင်ငံ)နဲ့ တခြားဒေသတွေမှာ တစ်ခုခုဖြစ်တော့မယ်ဆိုရင် ဦးဆုံး အချက်ပေးခေါင်းလောင်း တီးကြရတာ ကျွန်မတို့ အထူးကိုယ်စားလှယ်တွေပါပဲ။ ဒီလိုအချိန်တိုင်းမှာ ကုလက နောက်ထပ်မဖြစ်စေရပါဘူးလို့ အမြဲပြောပေမယ့် အမြဲအကြိမ်ကြိမ်ထပ်ပြီး ဖြစ်နေတာပါပဲ။ ဘာသင်ခန်းစာမှ ယူတာမဟုတ်ဘူး။

မေး  −  သမိုင်းကြောင်းမှာ အင်မတန် အရေးပါတဲ့ အချက်တစ်ချက်ကို ခင်ဗျားထောက်ပြသွားခဲ့တယ်။ ဒေါသတကြီးဖြစ်နေတဲ့ ရိုဟင်ဂျာတွေ၊ ARSAအဖွဲ့ဝင်တွေက ရဲကင်းစခန်းကို တိုက်ခိုက်တဲ့အတွက်ကြောင့် စစ်တပ်က ပြန်လည်တုံ့ပြန်ရတယ်ဆိုတဲ့ ဆင်ခြေဟာ အလိမ်အညာဖြစ်နိုင်တယ် ဆိုတာပါ။ 

ဖြေ −  အတိအကျပါပဲ။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အမှတ် ၃၃ ခြေမြန်တပ်မကို သြဂုတ်လမှာ ရုတ်တရက်ကြီး ရှေ့တန်းကို ဘာကြောင့် ပို့ရတာလဲ။ ကျွန်မရဲ့ မီဒီယာ ထုတ်ပြန်ချက်မှာ ဒီမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အထူးဂရုပြုပြီး စောင့်ကြည့်သင့်တယ်လို့ ကျွန်မပြောထားပါတယ်။ 

ရခိုင်မှာကျူးလွန်ခဲ့တဲ့ သွေးခွဲအုပ်စိုးပြီး မြေပြင်ကို မီးလောင်တိုက်သွင်းတဲ့ လုပ်ဆောင်ချက်တွေမှာ ကျေးရွာတွေကို သူတို့ဘယ်လို မီးရှို့ဖျက်ဆီးတယ်၊ လူတွေကို ဘယ်လိုသတ်တယ်ဆိုတာတွေကို ကျွန်မမြင်ခဲ့ရပါတယ်။ 

အဲဒီတော့ တစ်နည်းအားဖြင့်ပြောရရင် ကျွန်မ မြန်မာနိုင်ငံမှာ ဆက်လက် (တာဝန်ထမ်းဆောင်)နေရတဲ့ အကြောင်းရင်းကတော့ သေဆုံးသူတွေ၊ အကြမ်းဖက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပေါ် တာဝန်ရှိတယ်လို့ ခံစားရလို့ပါပဲ။ ရိုဟင်ဂျာတွေအတွက်၊ အခြားသော တိုင်းရင်းသားလူမျိုးစုတွေအတွက်ကော၊ ပြီးတော့ ကျွန်မတွေ့ဆုံခဲ့တဲ့ လူတွေအားလုံးအတွက်ပါပေါ့။ 

၂၀၁၆ခုနှစ် အောက်တိုဘာလမှာ နယ်မြေရှင်းလင်းရေးအမည်ခံပြီး ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပြီး ကျွန်မခံစားရတာကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ လက်ငင်းချက်ချင်း ထိထိရောက်ရောက်နဲ့ လုံလောက်တဲ့ တုံ့ပြန်မှုတွေ မလုပ်ခဲ့တာကြောင့် စစ်အာဏာရှင်ဟာ ပိုပြီး ရဲတင်းလာတယ်ဆိုတာပါ။ 

ဒါ့ကြောင့်လဲ ၂၀၁၇ခုနှစ်မှာ သူတို့ (ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့တယ်) တာဝန်ခံမှုဆိုတာ မရှိပါဘူး၊ အခုတော့ သူတို့တွေ နိုင်ငံအနှံ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း လုပ်လာနေကြပြီ… ဗမာလူမျိုးအများစုနေထိုင်တဲ့ အချက်ချာကျတဲ့ အလယ်ပိုင်းဒေသတောင် အလွတ်မပေးတော့ပါဘူး။​

ဒါပေမယ့် အဆုံးစွန်ထိ ပြောရမယ်ဆိုရင် မြန်မာမှာ မျှော်လင့်ချက်တွေရှိသေးတယ်လို ကျွန်မထင်ပါတယ်… ကျွန်မတကယ်ကို ထင်တာပါ။ တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ NLD တွေ၊ ဗမာလူမျိုးတွေနဲ့ အတူလက်တွဲတာ ဒါပထမဆုံးပါပဲ။ ဒါဟာ မိုးရွာတုန်းရေခံရမယ့် အခွင့်အလမ်းတစ်ခုပါပဲ။

၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၀ရက်နေ့တွင် ဘင်္ဂလားဒေရှ့် နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို ရန်ဟီးလီ လာရောက်ကြည့်ရှုစဥ်။ (AFP)

မေး −  တော်လှန်ရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်တွေနဲ့ မြန်မာလူထုကို ဘာတွေများ မှာကြားချင်ပါသလဲ။ 

တိုင်းရင်းသားခေါင်းဆောင်တွေကို ပြောချင်တာကတော့ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ပါပဲ။ ဒီလိုလုပ်ဖို့ နည်းလမ်းပေါင်းစုံရှိပေမယ့် လက်ရှိမှာတော့ အားလုံးအတွက် ပန်းတိုင်ဟာ တစ်ခုတည်း ရှိတာပါ။ 

NLD နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို မှာကြားချင်တာကတော့ လူထုအတွက် မြင်သာထင်သာရှိနိုင်ဖို့ အကောင်အထည်ဖော်နိုင်မယ့် အဆင့်ဆင့်လုပ်ငန်းဆောင်တာတွေ၊ ပိုပြီးတိကျပြတ်သားတဲ့ လုပ်ဆောင်ချက်တွေ ရှိဖို့လိုအပ်ပါတယ်။ 

တိုင်းရင်းသားခေါင်းဆောင်အားလုံးနဲ့ ဆက်သွယ်ပူးပေါင်းဖို့ဆိုတာ NUG အပေါ်မှာ အဓိက မူတည်ပါတယ်။ ဒါဟာ NLD အနေနဲ့ နိုင်ငံကို ပေါင်းစည်းထူထောင်နိုင်မလား၊ စစ်အာဏာရှင် အမြစ်ဖြုတ်ရေးဆိုတာ တူညီတဲ့ ပန်းတိုင်အပေါ် အာရုံစိုက်နိုင်မလားဆိုတာကို အကဲဖြတ်ပေးမယ့် မှတ်ကျောက်တစ်ခုပါပဲ။ 

နောက်ပြီးတော့ ကျွန်မစိုးရိမ်မိတာက ဒုတိယမျိုးဆက်သစ် မြန်မာနိုင်ငံရေးခေါင်းဆောင်တွေ မရှိတာပါပဲ။ မျိုးဆက်သစ် နိုင်ငံရေးခေါင်းဆောင်တွေ မွေးထုတ်ဖို့ အချိန်တန်ပြီလို့ ကျွန်မထင်ပါတယ်။ 

၂၀၁၈ခုနှစ်၊ မတ်လ ၁၂ရက်နေ့တွင် ဂျီနီဗာမြို့ရှိ လူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံစာတင်ပြပြီးနောက် သတင်းစာရှင်းလင်းပွဲကို အကဲဖြတ်ကြည့်ရှုနေသည့် ရန်ဟီးလီကို တွေ့ရစဥ်။ (AFP)

ဒါကြောင့်မို့ မျှော်လင့်ချက်ရှိပါတယ်လို့ ကျွန်မပြောတာပေါ့။ အခုဒုတိယမျိုးဆက်သစ်တွေ တော်လှန်ရေးကို ဒီလောက်ကြာအောင် တောင့်ခံနေတာကိုပဲကြည့်ပါ၊ သူတို့တွေဟာ အရာအားလုံးစွန့်လွှတ်ထားတဲ့ သူတွေပါပဲ။ 

လူ့သမိုင်းတလျှောက်မှာ စစ်အာဏာသိမ်းတာ လေးနှစ်မြောက်တဲ့အထိ လူထုက ခုခံဆန့်ကျင်နေဆဲဆိုတာ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ဖူးပါဘူး။ ထုံးစံကတော့ လအနည်းငယ်လောက်ကြာလာရင် လူတွေက ကြိုက်တော့မကြိုက်ဘူး၊ ဒါပေမယ့် သူတို့ကို အာဏာရှိအစိုးရ အဖြစ် လက်ခံလိုက်ကြတာပါပဲ။ 

နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်မပြောချင်တာကတော့ NUGနဲ့ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေကို လက်ခံပြီး ချိတ်ဆက် ဆောင်ရွက်ဖို့ပါပဲ။ 

နောက်ပြီး နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် တရားဝင်ဖွံ့ဖြိုးမှု အကူအညီအနေနဲ့တော့ ပေးလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ အကူအညီပေးနိုင်ဖို့အတွက် စစ်အာဏာရှင်တွေနဲ့ ဆက်ဆံရတာမို့ အမှန်တကယ် လိုအပ်နေသူတွေဆီ အကူအညီတွေရောက်နိုင်မှာ မဟုတ်ပါဘူး။ 

မြန်မာနိုင်ငံအကြောင်းပြောရင် ကျွန်မသွေးတွေ ပြန်ဆူလာတာပါပဲ။ 

(ဤအင်တာဗျူးကို လိုရင်းတိုရှင်း ဖြစ်စေရန် ပြန်လည် တည်းဖြတ်ထားပါသည်။)


Show More

Related Articles

Back to top button