သတင်း

မြန်မာတွင် လူသားချင်းစာနာမှုအကူအညီလိုအပ်သူ ၁၈ သန်းကျော်ရှိဟု ကုလထုတ်ပြန်

စစ်တပ်က အာဏာမသိမ်းမီ အကူအညီလိုသူ တစ်သန်းကျော်ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆပေါင်းများစွာတိုးလာကာ လူသုံးသန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု UN-OCHA က ထုတ်ပြန်သည်။ မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီများပေးနိုင်ရေး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါး လိုအပ်နေသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံတွင် ကြောက်မက်ဖွယ်အရှိန်မြင့်တက်ခဲ့သော ပဋိပက္ခအခြေအနေကြောင့် လူပေါင်းသုံးသန်းနီးပါး (၂ ဒသမ ၆ သန်း) နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီလိုအပ်သူ ၁၈ သန်းကျော်ရှိသည်ဟု ကုလသမဂ္ဂက ပြောသည်။

လတ်တလော ပဋိပက္ခဖြစ်ပွားနေသော ကမ္ဘာ့ဒေသများအနက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ် အကူအညီလိုအပ်နေသည့် ပါလက်စတိုင်း၊ ယူကရိန်းနှင့် မြန်မာနိုင်ငံတို့အကြောင်း ယမန်နေ့ (ဖေဖော်ဝါရီ ၁) တွင် ကုလ၏ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN-OCHA) က ထုတ်ပြန်ရာတွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန်တွင် အရပ်မျက်နှာစုံ၌ လက်နက်ကိုင်တိုက်ပွဲများဖြစ်နေပြီး ရှမ်းမြောက်ဒေသမှ ယာယီအပစ်ရပ်သည့်ကိစ္စသည်လည်း ခိုင်မာမှုမရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေကြောင်းလည်း OCHA က ဆိုသည်။

စစ်တပ်က အာဏာမသိမ်းမီ အကူအညီလိုအပ်သူ ၁ သန်းသာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် လူသားချင်းစာနာမှု အကူအညီလိုအပ်သူ ၁၈ သန်းကျော်အထိ ရှိလာကာ အကြိမ်ကြိမ်နေရပ်စွန့်စွာ ထွက်ပြေးနေရသူများအနေဖြင့် အကန့်အသတ်နှင့် ရင်ဆိုင်နေရသည်ဟုလည်း ကုလသမဂ္ဂက သတိပေးသည်။

၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် အကူအညီပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများက ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါး (၉၉၄ သန်း) တောင်းခံထားသည်ဟုလည်း OCHA က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယာယီအပစ်ရပ်ထားသော်လည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေသည်။

ထို့ပြင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တောင်းပိုင်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်နေသည်။

ရှမ်းမြောက်ဒေသတွင် ယာယီအပစ်ရပ်ထားစဉ် စစ်ကောင်စီက အညာဒေသ စစ်ကိုင်းတိုင်းသို့ စစ်ကြောင်းများစေလွှတ်နေကာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အစပ်တွင်လည်း စစ်ရေးတင်းမာနေသည်။

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။

ပုလဲမြို့အနောက်ဘက် တစ်မိုင်အကွာရှိ မြကုန်းရွာအနီးတွင် ဇန်နဝါရီ ၃၁ ရက်နေ့က စစ်တပ်နှင့် ဒေသတော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်စဉ် စစ်ကောင်စီဘက်က ဗုံးကြဲခဲ့သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားတစ်ဦးက ပြောသည်။

“မနက် ၆ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ ၈ ခွဲလောက်မှာ လေယာဉ်လာပစ်တယ်။ မြကုန်းရွာထဲ နှစ်လုံးကြဲတယ်။ ပြည်သူတွေလည်း ပြေးနေလို့ မပြေးရင် အများကြီးသေမှာ”

စစ်အာဏာသိမ်း သုံးနှစ်ပြည့်ဖြစ်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွှေဘိုခရိုင်ရှိ ခင်ဦးမြို့နယ်အတွင်း စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသဖြင့် ရွာပေါင်း ၁၀ ရွာမှ သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးနေရသည်။

Show More

Related Articles

Back to top button