စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများကို ဇန်နဝါရီ ၃၁ နှင့် ဖေဖော်ဝါရီ ၁ တို့တွင် စစ်ကောင်စီက ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ရာ အနည်းဆုံး အရပ်သား၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁) နံနက်ပိုင်းက ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့သည့် ဇီးဖြူကုန်းရွာပတ်ဝန်းကျင်နှင့် မြကန်ကျေးရွာများအပေါ် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၃၁ ညနေပိုင်းကလည်း ကန်ကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မြို့မြောက်ဘက် ၁၂ မိုင်အကွာရှိ ကန်ကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ကိုဇော်ထက်က ပြောသည်။
“ဘုန်းကြီးကျောင်းကို ကြဲတာ (ဖြစ်မယ်)၊ ဒဲ့မမှန်ပဲ ဘုန်းကြီးကျောင်း မြောက်ဘက် ကျတာ၊ ပြီးတာ့ ရွာထဲကို ကျတာ” ဟုဆိုသည်။
ဘုန်းကြီးကျောင်းဝင်းအတွင်း ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲပြီး ကျန် ၂ လုံးမှာ အနီးရှိ လူနေအိမ်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အမျိုးသမီး ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၇ လုံး ပျက်စီးခဲ့အကြောင်း အဆိုပါနေရာကို ရောက်ရှိခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ တစ်ယောက်ကတော့ နေအိမ်ထဲမှာ ဆုံးသွားတာ။ နောက်တစ်ယောက်ကတော့ ဆေးရုံမှာ ဆုံးတာလို့ပဲ သိရတယ်။ …(နေအိမ်) ပျက်စီးတာကတော့ ၇ လုံး ပျက်စီးသွားတယ်၊ တစ်လုံးကတော့ လုံးဝကို မီးလောင်သွားတာ” ဟု ဆိုသည်။
ယမန်နေ့ မနက်ပိုင်းတွင် ကန်ကြီးရွာမြောက်ဘက် ၆ မိုင်အကွာ ပျူစောထီးအဖွဲ့အထိုင်ချထားသည့် ဇီးဖြူကုန်းရွာကို မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာဒေသ အနီးအနားကျေးရွာများကို ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထို့ပြင် ပုလဲမြို့အနောက်ဘက် ၁ မိုင်အကွာရှိ မြကုန်းကျေးရွာအနီးတွင်လည်း ယမန်နေ့နံနက်ပိုင်းက တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီက ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“မနက် ၆ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ ၈ ခွဲလောက်မှာ လေယာဉ်လာပစ်တယ်၊ မြကုန်းရွာထဲ နှစ်လုံးကြဲတယ်၊ မီးခိုးတွေတက်နေတာလည်း မြင်ရတယ်၊ ပြည်သူတွေလည်း ပြေးနေလို့ ၊ မပြေးသေးရင် အများကြီးသေမှာ” ဟုဆိုသည်။
လေကြာင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး တိတိကျကျ မသိရှိရသေးပေ။
ပြီးခဲ့သည့် နှစ်ဇွန်လလည်း ပုလဲမြို့တောင်ဘက်ရှိ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် သံဃာတစ်ပါး အပါအဝင် ဒေသခံ အရပ်သား ၁၁ ဦး ထိမှန်သေဆုံးခဲ့သည်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲအရှိန် လျော့ကျခဲ့သော်လည်း အပစ်ရပ်ပြီးနောက် အညာဒေသတွင် စစ်ကောင်စီ၏ထိုးစစ် ပြန်လည်မြင့်တက်လာခဲ့သည်။
ရှမ်းမြောက်တွင် အပစ်ရပ်ပြီးနောက် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ ရေဦး၊ ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်သို့ တပ်များကို ပိုမိုစေလွှတ်ထားသည်။
ထို့ပြင် ပျူစောထီး ပြည်သူ့စစ်များနှင့် ပေါင်းကာ တော်လှန်ရေးအဖွဲ့များ သိမ်းယူထားသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရွှေပြည်အေးမြို့သစ်နှင့် ကောလင်းမြို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် စစ်ကောင်စီက စစ်ပြင်နေသည်။