သတင်း

ပုလဲမြို့နယ်ကို လေတပ် ဗုံးကြဲ၊ ဒေသခံ ၁၀ ဦး သေဆုံး

စစ်ကိုင်းတိုင်းအလယ်ပိုင်း ပုလဲမြို့နယ်အတွင်း ယမန်နေ့ (ဇွန် ၂၇) ညနေပိုင်း လေတပ်ဗုံးကြဲမှုတွင် ရဟန်းတစ်ပါး အပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့သည်။

မွန်းလွဲ ၃ နာရီခွဲခန့်တွင် မြို့တောင်ဘက် သုံးမိုင်ခန့်အကွာ ညောင်ကုန်းရွာပေါ်သို့ လေတပ်က နှစ်ကြိမ်ထက်မနည်း ဗုံးကြဲခဲ့၍ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးခဲ့သည်။

ဗုံးကြဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းအရှေ့ဘက်ရှိ နေအိမ်တစ်လုံးတွင် နေထိုင်သူ မိသားစုဝင် ၅ ဦးလုံး သေဆုံးသည်၊ ထိုငါးဦးတွင် ရဟန်းတစ်ပါးနှင့် ဝမ်းကွဲညီအစ်ကိုများ ပါဝင်သည်။

အခြားသေဆုံးသူတို့မှာ နေအိမ်တစ်လုံးတွင် ရှိနေသော တူဝရီး ၂ ဦး၊ အခြားနေအိမ်များမှ ၃ ဦးတို့ ဖြစ်သည်။

ဗုံးကြဲခံရပြီးနောက် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ယင်းမာပင်ခရိုင်တပ်ရင်းများက ညောင်ကုန်းကျေးရွာအတွင်း ဝင်ရောက်ကာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ရုပ်အလောင်းများကို ချက်ချင်းကောက်ယူ သင်္ဂြိုဟ်ခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ် (၁၉) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တစ်ဦးကတော့ မျက်နှာ လုံးလုံးပျက်သွားတယ်။ လက်တွေ ပြတ်သွားတာတွေ ရှိတယ်ဗျ၊ ခန္ဓာကိုယ်တွေ ဆိုးဆိုးရွားရွား ပျက်စီးသွားတာတွေ ရှိတယ်။ အိမ်တွေထဲကနေ ဆွဲထုတ်ခဲ့ရတာဆိုတော့ မီးလောင်ကျွမ်းနေတာလည်း ပါတယ်။ ငါးလောင်းလောက်ကတော့ မီးထဲကနေ ဆွဲထုတ်ရတာ” ဟု သူက ဆိုသည်။ ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် သူ၏ အမည်နှင့် ရာထူးကို ဖော်ပြခြင်း မပြုပေ။

ရွာကို ဗုံးကြဲစဉ်က ၉ ဦး ပွဲချင်းပြီးသေဆုံးသည်၊ ဒဏ်ရာရရှိသူ ၆ ဦးအနက် ၁ ဦးမှာ ဆေးရုံသို့ သယ်သွားစဉ် လမ်း၌ သေဆုံးသည်။

သေဆုံးသူတို့မှာ မဟန်နီဇော် (၁၈ နှစ်)၊ မနွယ်နွယ် ( ၃၅ နှစ်)၊ ဒေါ်တင်ညွှန့် (၅၀ နှစ်)၊ ရဟန်းဝတ်ထားသူ ဦးကျော်မြင့်ထွန်း (၄၇ နှစ်)၊ ဦးစိုးကြီး (၆၅ နှစ်)၊ ဦးကျော်မြင့်ဝင်း (၄၄ နှစ်)၊ ကိုမင်းစိုး (၃၅ နှစ်)၊ ကိုဇော်လင်းနိုင် (၃၅ နှစ်)၊ ဦးသန်းဆောင် (၆၅ နှစ်)၊ ဦးဝင်းအောင် (၅၀ နှစ်) တို့ ဖြစ်ကြသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ညောင်ကုန်းကျေးရွာ ဒေသခံများ။ (ဓာတ်ပုံ-ပေးပို့)

ဘုန်းကြီးကျောင်းအနီး နေထိုင်သည့် ညောင်ကုန်းရွာသားတစ်ဦးက ၎င်းတို့ မိသားစုသုံးယောက် နေအိမ်တွင် ရှိနေစဉ် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ကြားလိုက်ရပြီးနောက် ဘေးလွတ်မည်ထင်သောနေရာသို့ ပြေးခဲ့ကြသည်ဟု ဆိုသည်။

“လေယာဉ်သံက မကြားလိုက်ရဘူးခင်ဗျ။ ပစ်ပြီးမှ ဝေါခနဲဆိုတဲ့ အသံကြီး ကြားရတာ။ အတော်မြင့်မြင့်က ပျံလာတာ ထင်တယ်။ ဗုံးကြဲပြီးမှ ကြားရတာ”

ဗုံးဆန်စတစ်ခုသည် အိပ်နေသည့် သားဖြစ်သူဘေးမှ ဖြတ်သန်းသွားသောကြောင့် ပိုမိုလုံခြုံမည်ဟု ယူဆရသည့် ဘုန်းကြီးကျောင်းဘက်သို့ မိသားစုနှင့်အတူ ထွက်ပြေးလာခဲ့သည်ဟု သူက ဆိုသည်။

“(ဗုံးဆန်က) ကလေးဘေးက တိုင်ကို ဖောက်ထွက်သွားတာ၊ တစ်ဝက်လောက်ထိ ဝင်သွားတာ။ ကျွန်တော် ဝမ်းလျားထိုးပြီး၊ ကလေးကို ခေါ်ပြီး အိမ်သာထဲ ပြေးသွားတာ။ (ဒါကို) မလုံခြုံဘူးဆိုပြီး ဘုန်းကြီးကျောင်းဘက်က (ဘုရား) လိုဏ်ခေါင်းကို ပြေးသွားတာ”

၎င်းတို့ ရောက်သွားချိန်တွင် ဘုန်းကြီးကျောင်းသည်လည်း ဗုံးကြဲခံထားရပြီးဖြစ်ကာ ကျောင်းဆောင်နှစ်ဆောင် ပြိုကျပျက်စီးနေသည်၊ အနီးရှိ နေအိမ်တချို့ ပျက်စီးနေသည်ကိုလည်း တွေ့ရသည်ဟု ထိုအမျိုးသားက ပြောသည်။

လိုဏ်ခေါင်းထဲ ပုန်းအောင်းနေကြစဉ် စစ်လေယာဉ်က နောက်တစ်ကြိမ် ဗုံးလာကြဲပြီး စက်သေနတ်နှင့် ပစ်ခတ်သည်ဟု သူက ဆိုသည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် နေအိမ်များ မီးလောင်ကြောင်း သူက ဆက်ပြောသည်။

“အဲဒါပြီးတော့ မီးလောင်ဗုံးကြဲတာ ထင်တယ်၊ မီးတွေ လောင်တော့တာပဲ” ဟု သူက ဆိုသည်။

စစ်ကောင်စီလေတပ် မည်သည့်ဗုံးအမျိုးအစား ကြဲချသည်ကို မသိရပေ။

ဗုံးကြဲခံရပြီးနောက် မိနစ်ပိုင်းအတွင်း ဘုန်းကြီးကျောင်းအနီးအခြေအနေကို သွားရောက်ကြည့်ရှုခဲ့သည့် ဒေသခံနောက်တစ်ဦးကလည်း နေအိမ်များ မိနစ်ပိုင်းအတွင်း မီးလောင်သွားသည်ကို မြင်တွေ့ရသည်ဟု သူက ပြောသည်။

“ဗုံးကြဲပြီးတော့ ဆယ်မိနစ်အတွင်း (ဗုံးကျဲသည့်နေရာ) ရောက်တယ်၊ တချို့အိမ်တွေက ပြာကျနေပြီ၊ သာမန်ရှို့ရင် ဒီလောက်ထိ မီးမလောင်ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုဒေသခံက ဆိုသည်။

ဗုံးဒဏ်သင့်ဘုန်းကြီးကျောင်းပတ်ဝန်းကျင်တွင် ပေါက်ကွဲမှုကြောင့် ငါးပေနီးပါးအနက်ရှိ ကျင်းငါးကျင်း ဖြစ်ပေါ်လာသည်ဟု ပြောသည်။

“စဉ်းစားလို့ကို မရဘူးဗျာ၊ လက်နက်ကိုင်တွေရှိတဲ့နေရာပဲ လေယာဉ်ပစ်တာလို့ ကျွန်တော်တို့ သိတာ၊ ကျွန်တော်တို့ဆီမှာ ဘာမှမရှိဘူး၊ ပုလဲ(မြို့)နဲ့ဆို သုံးမိုင်လောက်ပဲ ဝေးတာ” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

“အစကတော့ လက်နက်မရှိတဲ့နေရာ မဖြစ်ဘူးထင်တာပေါ့ဗျာ၊ ခုက ဖြစ်ပျက်သွားပြီ။ ကိုယ်တိုင် မြင်ရတယ်၊ အသံ ကိုယ်တိုင်ကြားရတယ်ဗျာ။ နောင်တစ်ချိန် သူတို့လာပစ်မှာ၊ သေမှာ စောင့်မနေချင်ဘူး။ သေနတ်ပေးရင် သတ်မယ်ဗျာ”

ယမန်နေ့ တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၃၀၀ ခန့်ရှိ ထိုရွာမှ ဒေသခံအများစု ရွာအတွင်း ပြန်မဝင်ရဲသေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ယနေ့ နေ့လယ်တွင် ရွာအတွင်း ဝင်ရောက်ပြီး အပျက်အစီးများကို ရှင်းလင်းနေချိန် လေကြောင်းရန်သတင်း ရသဖြင့် လုပ်ငန်းရပ်နားထားရသည်ဟု ရွာခံများထံမှ သိရသည်။

ထိုရွာကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အရပ်သားများသာရှိသည့် နေရာကို ထိုသို့ တိုက်ခိုက်ခြင်းသည် လူမဆန်သည့် လုပ်ရပ်ဖြစ်သည်ဟု ပုလဲမြို့နယ်ပကဖတာဝန်ခံ ကိုဇော်ထက်က မှတ်ချက်ပြုသည်။

“စစ်ရေးပစ်မှတ်ကို ပစ်လို့ လုပ်တယ်ဆို ပြောစရာမလိုဘူးဗျာ။ သူတို့လည်း လက်နက်ကိုင်ထားတယ်၊ ကျွန်တော်တို့လည်း လက်နက်ကိုင်ထားတယ်။ သူနိုင် သူလုပ်၊ ကိုယ်နိုင် ကိုယ်လုပ်ဗျာ။ ခုက အပ်တိုတစ်ချောင်းတောင် မရှိတဲ့ လူတွေကို ဒီလိုတိုက်ခိုက်တာက တော်တော်ကို လူမဆန်တဲ့ကိစ္စပဲ” ဟု သူက ဆိုသည်။

ညောင်ကုန်းကျေးရွာ ဗုံးကြဲခံရပြီး နာရီပိုင်းအတွင်း မြောက်ဘက် ၁၃ မိုင်အကွာ ချင်ပြစ်ကျေးရွာလည်း လေကြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသဖြင့် ဒေသခံနှစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင် ခုခံနေကြသဖြင့် ဘက်ပေါင်းစုံ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို အဓိကအားထား တိုက်ခိုက်နေသည်။

ဧပြီလကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေးရုံး ဖွင့်ပွဲအခမ်းအနားတစ်ခု ဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးငယ်အများအပြား အပါအဝင် ဒေသခံ ပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့သည်။

လေကြောင်းတိုက်ခိုက်ခံရသည့် ညောင်ကုန်းကျေးရွာမြေပုံ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button