ကလေးများအပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့သည့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြုံတွေ့ခဲ့ရသော စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာနှင့် အနီးတစ်ဝိုက်တွင် ဒေသခံ ရာထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရပြီး ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
ဧပြီ ၁၁ တွင် ပဇီကြီးရွာ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရုံးဖွင့်ပွဲသို့ ဒေသခံများ စုဝေးရောက်ရှိနေစဉ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ရဟတ်ယာဉ်ဖြင့်ပါ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဗုံးကြဲပြီးနောက် စစ်ကောင်စီက ခြေလျင်တပ်များဖြင့် ထိုရွာတစ်ဝိုက်ကို နယ်မြေရှင်းလင်းရေး ဝင်ရောက်သောကြောင့် ပဇီကြီးရွာမှ ဒေသခံများအပြင် နီးစပ်ရာကျေးရွာ အနည်းဆုံး ၁၀ ရွာခန့်မှ ဒေသခံများ ယနေ့ထက်ထိ နေအိမ်များကို စွန့်ခွာကာ တိမ်းရှောင်နေရခြင်း ဖြစ်သည်။
ဧပြီ ၁၉ မှ ၃၀ အတွင်း အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုက ပဇီကြီးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများကို တစ်ရွာဝင်တစ်ရွာထွက် မွှေနှောက်စီးနင်းနေရာ နေအိမ် ၂၃၀ နီးပါး မီးတင်ရှို့ခံရသည်။ ထိုစစ်ကြောင်း ဝင်သည့် ဧပြီ ၂၀ ရက်နေ့ကလည်း တိုက်လေယာဉ်ဖြင့် ပဇီကြီးရွာအနီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နီးစပ်ရာတောတောင်အတွင်း တိမ်းရှောင်နေရသူများအနက် သက်ကြီးရွယ်အို ၂၅၃ ဦးနှင့် ကိုယ်ဝန်ဆောင်တချို့အတွက် ဆေးဝါးများ၊ အာဟာရဖြည့်စွက်စာများ အရေးပေါ် လိုအပ်နေခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ကန့်ဘလူခရိုင် အမှတ် (၄) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အစားအသောက်ကတော့ အခြောက်အခြမ်းတွေနဲ့ အဆာပြေစားဖို့ အဖြစ်တော့ရှိတယ်။ အဆင်ပြေပါသေးတယ်။ လောလောဆယ်လိုနေတာတော့ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးနဲ့ အာဟာရဖြစ်မယ့်အစာတွေ လိုနေတယ်။ စစ်ကြောင်းကို ပတ်ရှောင်နေရတော့ အစားပျက် အအိပ်ပျက်တွေနဲ့ အားနည်းနေကြတာ” ဟု သူက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတို့၏ ရုပ်အလောင်းအပိုင်းအစများကို ကယ်ဆယ်ရေးသမားများက ၄ ရက်နီးပါး ကောက်ယူခဲ့ရသည်၊ NUG ၏ ဧပြီ ၁၆ ရက်အထိ စာရင်းများအရ ၆ လသားအရွယ် မိန်းကလေးအပါအဝင် ကလေး၊ လူကြီး စုစုပေါင်း ၁၆၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါစာရင်းမှာ ဗုံးကြဲခံရပြီးစ ကနဦးရရှိသည့် အချက်အလက်များကို အခြေခံခဲ့သည်၊ နောက်ပိုင်းတွင် အသက်ရှင်ကျန်ရစ်သည့် ရွာသားများနှင့် လိုက်လံတွေ့ဆုံ၍ စိစစ်ခဲ့ရာ သေဆုံးသူ ၁၅၅ ဦးကို အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရသူ ၃၂ ဦး ရှိသည်ဟု ကန့်ဘလူခရိုင် PDF အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက ပြောသည်။
“အဲဒီအချိန်တုန်းက ခန့်မှန်းခြေနဲ့ပဲ တွက်နေရတာ။ ခြေထောက်လေးနဲ့ လက်ကလေးပဲ ကောက်ရရင် တစ်ယောက် တွက်လိုက်တာ။ အခုကတော့ တစ်ရွာလုံးက မိသားစုဝင်တွေ အကုန်လုံးကို စာရင်းလိုက်ကောက်လိုက်တာ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
သေဆုံးသူ ၁၅၅ ဦးတွင် အသက် ၂ နှစ်အောက် ကလေး ၁၈ ဦး၊ အသက် ၆၅ နှစ်အထက် ၄၂ ဦးနှင့် ကိုယ်ဝန်ဆောင် ၅ ဦး ပါဝင်ကြောင်း၊ ဒဏ်ရာရရှိထားသူ ၃၂ ဦးမှာ ဆေးရုံမှ ပြန်ဆင်းလာပြီဖြစ်သော်လည်း ဗုံးဒဏ်ကြောင့် ခြေ၊ လက် ကြေမွပျက်စီးသွား၍ ဖြတ်တောက်လိုက်ရသူများလည်း ရှိကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ယခင်က လူဦးရေ ၈၀၀ ကျော်ရှိသော ပဇီကြီးရွာမှာ လေကြောင်းတိုက်ခိုက်မှုအပြီး ရွာခံ ၇၈၆ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်သလို ခြေလျင်စစ်ကြောင်းလည်း ဝင်ပြီးနောက် ပဇီကြီးရွာ တောင်ဘက်တစ်ခြမ်းလုံး မီးလောင်ပျက်စီးသွားပြီး အိမ်ခြေ ၂၀၀ ခန့်ရှိ ပဇီကြီးရွာတွင် နေအိမ်ထက်ဝက်ခန့် မီးလောင်ပျက်စီးခဲ့သည်ဟု ပဇီကြီးရွာသားတစ်ဦးထံမှ သိရသည်။
ဧပြီ ၂၅ တွင် ပဇီကြီးရွာမြောက်ဘက် ၂ မိုင်အကွာရှိ ချောင်းသာရွာကို မီးရှို့ခဲ့သလို နောက်တစ်နေ့တွင် လေးတွင်းစင်ရွာကို မီးရှို့ခဲ့သည်ဟု ကန့်ဘလူမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံတစ်ဦးက ပြောသည်။
စစ်တပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၃၀၀ ခန့်ရှိသော ချောင်းသာရွာတွင် နေအိမ် ၅၃ လုံး၊ လေးတွင်းစင်ရွာတွင် နေအိမ် ၇၄ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ၎င်းက ဆိုသည်။
ထိုစစ်ကြောင်းမှာ ဧပြီ ၃၀ ညနေတွင် ဧရာတီမြစ်တစ်ဖက်ကမ်း မန္တလေးအတိုင်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားသော်လည်း မေ ၅ နံနက်တွင်မူ ပဇီကြီးရွာအနောက်ဘက် ၁၃ မိုင်အကွာတွင် အင်အား ၂၀၀ ခန့် ပါသည့် စစ်ကောင်စီတပ်သားများ အရှေ့ဘက်သို့ ဦးတည်လာသည်ဟု သိရကြောင်း PDF ခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီး ဆန့်ကျင်သူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ခုခံသူတို့ ရှိနိုင်မည့် နေရာများကို လေယာဉ်စေလွှတ်ပြီး တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားအများအပြား ထိခိုက်နေရသည်။
အကြမ်းဖက်မှုများ ရပ်တန့်ရန် နိုင်ငံတကာက အာဏာသိမ်းဗိုလ်ချုပ်ကြီးများကို တောင်းဆိုထားသည်။
အကြမ်းဖက်မှုများကြောင့် နိုင်ငံအများအပြားက ပိတ်ဆို့ ကန့်သတ် အရေးယူနေသော်လည်း စစ်ကောင်စီသည် တရုတ်၊ ရုရှားတို့၏ ထောက်ခံမှုကို ရယူထားနိုင်သည်၊ အိန္ဒိယနှင့် ထိုင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးမျှော်သည့်ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)