မတ် ၂၅ တွင် အာဏာသိမ်းတပ်မှ လက်နက်ကိုင်များသည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဆုံကုန်းကျေးရွာသို့ ရုတ်တရက် ရောက်လာသည်။
၂၀၂၁ အာဏာသိမ်းမှုကို ခုခံသည့် ပြည်သူ့ကာကွယ်ရေးတော်မတော် (PDF) တပ်ဖွဲ့ဝင်များ ဝင်ထွက်သွားလာတတ်သည့် ဤရွာသို့ စစ်သားများ ရောက်လာသည့် သတင်းကြောင့် တစ်ရွာလုံးလိုလို တိမ်းရှောင်ကြရသည်၊ မကျန်းမာသူများနှင့် သက်ကြီးများပါ တိမ်းရှောင်နိုင်ကြရန် ကြိုးပမ်းခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဗြုန်းဒိုင်းဆို ဝင်လာတော့ ကိုယ့်အသက်ကို လွတ်အောင် ပြေးကြရတာလေ၊ ထုတ်လို့ရသလောက်တော့ ထုတ်တယ်။ မနက်စောစော ဝင်လာတာဆိုတော့ ဝုန်းဝုန်းဒိုင်းဒိုင်း ဖြစ်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ ဘုတလင်မြို့ခံက ပြောပြသည်။
အချိန်မီ ထွက်မပြေးနိုင်သဖြင့် ကျန်ခဲ့သော ရွာသား ၇ ဦး ရှိသည်၊ စစ်တပ်က ရွာကို မီးရှို့ရာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိသည့်အနက် အိမ် ၁၈၀ ခန့် မီးလောင်သွားသည်၊ ဒေသခံတို့ ရွာထဲ ပြန်ရောက်သောအခါ ကျန်ခဲ့သူ ၇ ဦး၏ ရုပ်အလောင်းများကို မီးလောင်ပြင် မီးကြွင်းမီးကျန်များကြားတွင် ပြန်တွေ့လိုက်ရသည်။
သေဆုံးသူများအနက် အသက်အငယ်ဆုံးမှာ ၅၁ နှစ်အရွယ် အမျိုးသမီးဖြစ်သည်။ ကျန်လူများမှာ အသက် ၇၅ နှင့် ၈၀ ကြား မျက်စိမမြင်၊ မျက်စေ့မှုန်၊ နာဖျားနေကြသည့် အမျိုးသမီး ၅ ဦး၊ အမျိုးသား ၁ ဦးတို့ ဖြစ်သည်။
ထိုသူတို့ မသေဆုံးမီ စစ်ကောင်စီတပ်သားတို့နှင့် မည်သို့ရင်ဆိုင်ခဲ့ကြရသည်ကို မည်သူမျှ မသိကြပေ။
ဤသို့ဖြင့် စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့သည့် ရွာများတွင် သေဆုံးသူများမှာ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသည့် ကျန်းမာရေးမကောင်းသူ သက်ကြီးရွယ်အိုများ ဖြစ်နေတတ်သည်။
မီးရှို့ရသည့် အကြောင်းရင်း
မတ် ၇ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာအတွင်း စခန်းချနေထိုင်နေသည့် စစ်ကောင်စီတပ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီး ၄၀ ခန့်က အနီးတွင်ရှိသည့် မြကန်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည်။
စစ်သားများ ပြန်ထွက်ခွာသွားပြီးနောက် ကျေးရွာကာကွယ်ရေးအဖွဲ့နှင့် ရွာသားများ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာချိန်တွင် အသက် ၆၅ နှစ်အရွယ် ဦးညိုတင်ကို သေဆုံးလျက် တွေ့ရှိခဲ့ရသည်။
ဦးညိုတင်၏ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ ရှိနေသည်။ ဦးညိုတင်၏ ရုပ်အလောင်းကို ကျေးရွာအတွင်းမှာပင် ဆိုင်ကယ်တစ်စီးနှင့် တွဲလျက် တွေ့ရပြီး၊ ဆိုင်ကယ်ပေါ်တွင် အဝတ်အစားအချို့ကို ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ် တုပ်နှောင်တင်ဆောင်ထားသည်ကိုလည်း တွေ့ရသည်ဟု ခင်ဦး (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ပကဖ ပြန်ကြားရေးအရာရှိက ပြောသည်။
“အသက်ကလည်းကြီး၊ ကျန်းမာရေးလည်း မကောင်းသူဆိုတော့ အချိန်မီမပြေးနိုင်တာလို့ ယူဆရပါတယ်” ဟု သူက ပြောသည်။
အချို့သက်ကြီးရွယ်အိုများမှာလည်း မကျန်းမာသည့်အတွက် စစ်ကောင်စီတပ်သားများက အန္တရာယ်မပေးဟု ယူဆကာ တိမ်းရှောင်ရန် ငြင်းဆန်သည်ဟုလည်း ဒေသခံနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
“တစ်ခါတလေကျတော့လည်း ရွာသားတွေက ပြောဆိုရခက်တာရှိတယ်။ အဖွဲ့တွေက အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ ရှောင်ခိုင်းတိမ်းခိုင်းရင် ဘာမှမဖြစ်ဘူး၊ မရှောင်ဘူးဆိုတာမျိုးလည်း ရှိတယ်” ဟု ခင်ဦးမြို့နယ်အတွင်းမှ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က ခင်ဦးမြို့နှင့် မိုင်အနည်းငယ်သာ ဝေးသည့် လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်က စီးနင်း မီးရှို့ဖျက်ဆီးရာတွင် အသက် ၆၈ နှစ်အရွယ်ရှိ သီလရှင်ဆရာကြီးတစ်ပါးလည်း မီးရှို့သတ်ဖြတ်ခံရသည်။
သီလရှင်ဆရာကြီးသည် နှစ်ပေါင်း ၃၀ ခန့်ကတည်းက သီလရှင်ဝတ်ထားသူဖြစ်ပြီး စိတ်ကျန်းမာရေး မကောင်းသူဖြစ်သည်။
“ကျွန်တော်တို့ ဆရာကြီးမယ်သီကို ခေါ်သေးတယ်ဗျာ။ ဘယ်လိုမှ ခေါ်ထုတ်လို့မရဘဲ ဖြစ်နေခဲ့တာ၊ စိတ်က သိပ်မပြည့်ရှာတော့ ဘယ်လိုမှ ခေါ်မရလို့ ထားခဲ့ရတာ” ဟု ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်နက်ကိုင်တော်လှန်သူနှင့် ဆက်စပ်သည်ဟု သံသယဖြစ်ခံရသူများ၏ နေအိမ်များကို စစ်တပ်က မီးရှို့တတ်သည်။ ခုခံသူတို့ ရိက္ခာ၊ သတင်း၊ လူသစ်ရနိုင်မှု၊ ရန်ပုံငွေရလမ်းတို့ကို ဖြတ်တောက်ရန်အတွက်လည်း ရွာများကို မီးရှို့တတ်သည်။
အဆိုပါ မီးရှို့ဖျက်ဆီးမှု အခြေအနေများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Data for Myanmar အဖွဲ့က ၂၀၂၃ ဖေဖော်ဝါရီ ၂၈ အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်၊ ယင်းတို့အနက် ၄၇,၇၇၈ လုံးမှာ စစ်ကိုင်းတိုင်းမှ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ထိုးစစ်ဆင်ခံရသူများ
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမြို့နယ်အများစုတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ အဓိကတာဝန်တစ်ခုမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာနိုင်သည့် အခြေအနေတွင် ဒေသခံလူထုကို အကြောင်းကြား ရှောင်းရှားခိုင်းခြင်း ဖြစ်သည်။
ဒေသခံတို့က ညွှန်ကြားချက်ကို လိုက်နာလျှင်လည်း အန္တရာယ်နီးကပ်လာမှ တိမ်းရှောင်ကြသည်ဟု ခင်ဦးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဘယ်ကို ဦးတည်မလဲဆိုတာမျိုးကို စောင့်ကြည့်ပြီးမှ ကိုယ့်ရွာဘက် ဦးတည်မှ သေချာမှ ပြေးရတာမျိုးလည်း ရှိတယ်” ဟု သူက ပြောသည်။
ခြေလျင် သို့မဟုတ် မော်တော်ယာဉ်စစ်ကြောင်းဆိုလျှင် များသောအားဖြင့် ဒေသခံတို့ တိမ်းရှောင်ရန် အချိန်လုံလောက်သည်။ စစ်ကြောင်းက တပ်ဖျောက်လာပြီးမှ လူအိပ်ချိန်တွင် ရွာကို ဝင်စီးခြင်း၊ စစ်သားများ ရဟတ်ယာဉ်များနှင့် ရုတ်တရက် ရောက်လာခြင်း စသည့် အခြေအနေမျိုးဆိုလျှင် ဒေသခံတို့ ထွက်ပြေးချိန် မရနိုင်တော့ပေ။
ပျူစောထီးခေါ် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် စစ်တပ်ထောက်ခံသူများ နေထိုင်တပ်စွဲထားရာ ရွာများ၊ စစ်ကောင်စီတပ်သားများ စခန်းချ တပ်စွဲနေရာများနှင့် နီးသည့်ရွာများမှ ဒေသခံများအတွက်မူ ထွက်ပြေးတိမ်းရှောင်စရာလမ်းကြောင်း နည်းပါးသည်။
ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် အခြေစိုက်သည့် KSO တပ်ဖွဲ့ ပြန်ကြားရေးအရာရှိတစ်ဦးက ၎င်းတာဝန်ကျသည့်ရွာ၏ အခြေအနေမှာ ဒေသခံတို့အတွက် အန္တရာယ်များပြားသည်ဟု ပြောသည်။
“စခန်းက ၃ ခုလောက်က ပိတ်ထိုင်ထားတာ။ စခန်းမရှိတဲ့ တစ်ဖက်ဖက်ကများ လာရင် ပြေးပေါက်က တစ်ပေါက်တည်းရှိတာ” ဟု သူက ပြောသည်။
ခင်ဦးမြို့နယ် အနောက်ခြမ်းရွာများသည် ယင်းသို့သော ရွာများဖြစ်သည်။ ခင်ဦးအနောက်ခြမ်းရှိ ရွာသစ်ကုန်းရွာ၊ ခင်ဦး-ရေဦးလမ်းပေါ်ရှိ အင်းပတ်ကွေ့ဈေးတန်းနေရာ၊ မူးတိမ်ချောင်းတံတားနှင့် ပြင်ထောင်ရွာ စသည့် နေရာများတွင် စစ်ကောင်စီ၏ တပ်များ တပ်စွဲထားသည်။
သို့အတွက်ကြောင့် ရွာသစ်ကုန်းကျေးရွာအနီးဝန်းကျင်မှ ရွာများဖြစ်သည့် အင်းပတ်၊ ချောင်းဆုံ၊ ဆည်ကြီးနှင့် မရမ်းကုန်းတို့ကဲ့သို့သော ရွာများမှ ဒေသခံများအတွက် ပြေးပေါက်နှစ်ဖက် အလိုလို ပိတ်ပြီးဖြစ်နေသည်။

ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အရာရှိတစ်ဦးက ဒေသတချို့တွင် ကား၊ ထော်လာဂျီတချို့ကို သက်ကြီးရွယ်အိုများကို ကယ်ဆယ်ရန် သီးသန့် တာဝန်ပေးထားတတ်သည်ဟု ပြောသည်။
“ကျေးရွာကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ရေးတစ်ခုကိုပဲ တာဝန်လို့ ယူဆနေတာမျိုး မလုပ်ဘဲ၊ ကြိုတင်ပြီးတော့ တွေးခေါ် ပြင်ဆင်ထားတာ လုပ်သင့်တယ်။ အကြောင်းရှိရင် တာဝန်ပေးထားတဲ့လူက ဘယ်မှ မလာနဲ့၊ သက်ကြီးရွယ်အိုတွေကို ကယ်။ ဒီလိုမျိုး အစောကြီးကတည်းက စီမံထားရမယ်” ဟု သူက ပြောသည်။
“တချို့ကာကွယ်ရေးအဖွဲ့တွေကကျတော့ လူအင်အား နည်းတာလည်း ရှိတယ်၊ တချို့က အမြော်အမြင်နည်းတာ ရှိမယ်။ ဒါကို ပြင်ဆင်ရမယ်။ တချို့ဒေသခံတွေက တစ်ခုခုဆို ခေါ်ထုတ်ဖို့ ခက်တာလည်း ရှိတယ်။ အဲ့ဒါမျိုးဆို၊ ဇွတ်ခေါ်၊ သူ့အသက်ကို ကယ်နိုင်ဖို့ပဲ။ ဘေးလွတ်ရာရောက်မှ ပြန်ချော့တာမျိုး လုပ်ပေါ့”
ထွက်ပြေးရန် အသင့်
အကြမ်းဖက်မှုများ ရပ်တန့်ရန် နိုင်ငံတကာက တိုက်တွန်းနေလင့်ကစား အရပ်သားများ သတ်ဖြတ် ရန်ပြုခံနေရမှုများက ရပ်တန့်မသွားပေ။
ခင်ဦးမြို့နယ် လက်ပံလှရွာမှ အမျိုးသမီးတစ်ဦးက မီးရှို့တပ်၏ ရန်ကို နားစွင့်နေရသည်ဟု ပြောသည်။
“အိတ်တစ်လုံးတော့ အသင့်ပြင်ထားရတာပဲ။ အများကြီး မဟုတ်၊ အိမ်ထောင်စုဇယားလို စာရွက်စာတမ်းလို ပစ္စည်းတွေ ထည့်ထားရတာ။ စစ်ကြောင်းဝင်လာပြီဆိုရင် ကောက်လွယ်ပြီး ထွက်ပြေးရုံပဲ။ ကျန်တာတော့ ကံပဲ၊ ထားခဲ့ရတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
တချို့ နွားလှည်း၊ ထော်လာဂျီလို ယာဉ်ရှိသူများကတော့ ရက်တိုစားသောက်ပစ္စည်းအချို့နှင့် နေထိုင်ရေးအတွက် လိုအပ်နိုင်သည့် ပစ္စည်းပစ္စယအချို့ကို အသင့်ပြင်ဆင်ထုပ်ပိုးပြီး ယာဉ်များပေါ် တင်ထားသည်များလည်း ရှိသည်။
နွားလှည်းများပေါ် ပစ္စည်းများတင်ပြီး အမိုးအကာတစ်ခုခု အုပ်ထားလိုက်သည်။ နွားလှည်းကို အသင့်ပြင်ထားသဖြင့် ပြေးဖို့ လိုအပ်လာပါက လှည်းတွင် နွားနှစ်ကောင်တပ်ပြီး မောင်းထွက် ရှောင်တိမ်းကြမည် ဖြစ်သည်။
စစ်ကောင်စီတပ် လက်ချက်ကြောင့် အရပ်သားများ သေဆုံးမှုကို လူ့အခွင့်အရေးအဖွဲ့များက စုံစမ်းလျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေလဆန်းအထိ မှတ်တမ်းတင်ထားနိုင်သော ဖြစ်ရပ်ပေါင်း ၃၄၄၇ ခု ရှိနေသည်။ ထိုအထဲတွင် အသက် ၇၀ အထက် အရေအတွက်မှာ ၁၀၈ ဦး ပါဝင်ကြောင်း တွေ့ရသည်။
ထိုအထဲမှ အသက်အကြီးဆုံးနှစ်ဦးတွင် ပါဝင်သည့် ၉၃ နှစ်အရွယ် ဒေါ်ခင်ကြည်သည် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပန်းညိုကျေးရွာမှ ဖြစ်ပြီး ရွာကို စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ မီးရှို့စဉ် မီးလောင်သေဆုံးသည်။
ဒေါ်ခင်ကြည်ကဲ့သို့ မီးရှို့ သတ်ဖြတ်ခံရသူ အသက် ၇၀ အထက် ဘိုးဘွားအရေအတွက်မှာ ထိုစာရင်းတွင် ၃၈ ဦး ရှိသည်။
၂၀၂၂ မတ်လ ၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ လက်ပန်တောကျေးရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲရာ ကျောင်းတွင် ခိုလှုံနေသူများထဲမှ ၁၁ ဦး သေဆုံးရာ ထိုအထဲတွင် အသက် ၉၆ နှစ်အရွယ် ဒေါ်တင်ညွန့်လည်း ပါဝင်သွားသည်။
ဒေါ်တင်ညွန့်ကဲ့သို့ လက်နက်ကြီးကျည်သင့်ပြီး သေဆုံးသူ အသက် ၇၀ အထက် ဘိုးဘွားအရေအတွက်မှာ ထိုစာရင်းတွင် ၂၅ ဦး ရှိနေသည်။
ထိုကိန်းဂဏန်းများမှာ AAPP က လက်လှမ်းမီသမျှ ပြုစုထားသည့်စာရင်းပါ ဖော်ပြထားချက်များဖြစ်သည်၊ စစ်ကောင်စီက ၎င်းတို့လက်နက်ကိုင်များ၏ လှုပ်ရှားမှုများကို သတင်းအမှောင်ချထားရာ အမှန်တကယ် သတ်ဖြတ်ခံနေရသည့် ဘိုးဘွားအရေအတွက်မှာ ထို့ထက်ပိုမည် ဖြစ်သည်။
AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က စစ်ကောင်စီသည် ကလေးများကိုသာမက သက်ကြီးများကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးတတ်သလို သတ်ဖြတ်ရာတွင်လည်း အသက်အရွယ် ရွေးချယ်လေ့မရှိဟု ပြောသည်။
“အပြစ်မဲ့ သက်ကြီးရွယ်အိုတွေကို သတ်ဖြတ်တာကတော့ အတော့်ကို ယုတ်မာပက်စက်တဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ အာဏာဆုပ်ကိုင်နိုင်ရေးအတွက် ပြည်သူကြားမှာ အာဏာကို မထိပါးရဲအောင်၊ ခေါင်းမထောင်ရဲအောင်၊ အကြောက်တရား လွှမ်းမိုးအောင် နည်းမျိုးစုံနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာပဲ” ဟု ဦးတိတ်နိုင်က ပြောသည်။
“ဒါဟာ ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်နေတာပဲဖြစ်တယ်။ တစ်ချိန်မှာ ဒါတွေကို အပြည့်အဝ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမှာပါ။ ရာဇဝတ်မှုတွေကို ရင်ဆိုင်ပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ကျခံရမှာပဲဖြစ်ပါတယ်” ဟု ဦးတိတ်နိုင်က ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



