
မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ မြောက်ဘက် လက်ပန်တောကျေးရွာသို့ စစ်သားများ ရောက်လာနိုင်သည့် အခြေအနေတွင် ကိုထူးကျော်*က အသက် ၉၀ ကျော် အဘွား၊ ၇၀ ကျော် အရီးလေးတို့ကို ဘုန်းကြီးကျောင်းသို့ ဆိုင်ကယ်နှင့် သွားပို့ထားလိုက်သည်။
ထိုမနက်မှာပင် အနီးအနား ကန်သာရွာမှ ၂၅ နှစ်အရွယ် ကိုဌေး*ကလည်း သူ့အဘွားနှင့် အရီးကို ထိုကျောင်းသို့ ပို့ထားလိုက်သည်။
ထိုအမျိုးသားနှစ်ဦးအပါအဝင် ပြေးလွှားနိုင်သော လူငယ်၊ လူလတ်ပိုင်းတို့က ရွာအပြင်ဘက်သို့ ထွက်သွားကြချိန်တွင် စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဆွမ်းစားဆောင်သို့ ကျရောက် ပေါက်ကွဲသဖြင့် ခိုလှုံနေသူ ၁၁ ဦး သေဆုံးရာ ထိုအထဲတွင် ထိုအမျိုးသားတို့ သွားပို့ထားသူ ၄ ဦး၊ အခြား သက်ကြီး ၄ ဦး၊ မိခင် ၁ ဦး၊ ကလေး ၂ ဦး ပါဝင်သည်။
“ကျောင်းမှာဆိုရင်တော့ မပစ်လောက်ပါဘူး လွတ်လောက်ပါတယ်ဆိုပြီးတော့ လိုက်ပို့ပြီးတော့ ထားခဲ့တာ” ဟု ဆိုင်ကယ်နှင့် သွားပို့ခဲ့သူ ကိုထူးကျော်က ပြောသည်။
ကိုဌေးကလည်း သူ့လူကြီးများ အန္တရာယ်ကင်းမည့်နေရာဟု ယူဆပြီး တကူးတက သွားပို့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“အန္တရာယ်မကင်းတော့ စိတ်မကောင်းဘူး။ ကိုယ့်ကြောင့်ဖြစ်တယ်။ ကိုယ်က တွန်းပို့လိုက်သလို ဖြစ်သွားတာပေါ့“ ဟု ကိုဌေးက ပြောသည်။
ဘုန်းကြီးကျောင်းသည်သာ ပြေးလွှားပုန်းရှောင်ရန် ခက်ခဲသည့်သူတို့ ခိုလှုံရန် အသင့်တော်ဆုံးနေရာဖြစ်သည်၊ ပစ်ခတ်ရန် လက်မနှေးသည့် စစ်ကောင်စီတပ်သားတို့က ဘုန်းကြီးကျောင်းကို ပစ်ခတ်လိမ့်မည်မဟုတ် စသော အများ၏ ယူဆချက်များ မှားယွင်းနေကြောင်း လက်ပန်တောရွာဖြစ်ရပ်က သက်သေပြနေသည်ဟု ဒေသခံတို့က ဆိုသည်။
အဘွား ၆ ဦး၊ အဘိုး ၂ ဦးမှာ အသက် ၆၂ နှင့် ၉၆ ကြား ဖြစ်ကြသည်ဟု ဒေသခံတို့က Myanmar Now ကို ပြောသည်။
ကျန် ၃ ဦးမှာ ၅ နှစ်နှင့် ၁၁ နှစ်အရွယ် ယောက်ျားလေးနှင့် သူတို့၏ ၃၂ နှစ်အရွယ် မိခင်ဖြစ်သည်။
“ကျွန်တော် အတော်လေး စိတ်တင်းထားရတယ်။ အားလုံးပြိုလဲကုန်ပြီ” ဟု ဇနီးနှင့် သားနှစ်ဦး ဆုံးရှုံးခဲ့ရသည့် အမျိုးသားက ပြောသည်။

လက်နက်ကြီးမကျမီ
ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ဒေသအလိုက် ခုခံနေကြရာတွင် ယင်းမာပင်မြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။
ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ထိုမြို့နယ်အတွင်းရှိ ချင်းပုန်း၊ သပြေအေးရွာတို့ကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့သည့် စစ်တပ်က မတ် ၆ တွင် မြောက်ယမားချောင်းဘေးမှ သကြားစက်၊ စည်လှောင်ရွာအထိ ရောက်လာသည်။
အင်အား ၁၅၀ ဝန်းကျင်ပါသည့် ထိုစစ်ကြောင်းမှာ ထိုမျှနှင့် ရပ်မသွားဘဲ မတ် ၈ ရက် နံနက်ပိုင်းတွင် စည်လှောင်၊ အောင်ချမ်းသာနှင့် ရွာနီးချုပ်စပ်ရှိ ဒေသခံတို့ ပုန်းခိုနေသည့် နေရာများကို လိုက်လံမီးရှို့ဖျက်ဆီးကြသည်ဟု ၎င်းတို့က ပြောသည်။
အောင်ချမ်းသာနှင့် လက်ပန်တောရွာကြားတွင် မြောက်ယမားချောင်းခြားသည်။
လူဦးရေ ၅၀၀ ဝန်းကျင်၊ အိမ်ခြေ ၁၄၀ ကျော်ရှိသည့် လက်ပန်တောရွာကို ထိုချောင်းက အရပ်သုံးမျက်နှာမှ ဝိုင်းပတ်ထားသည်။ ထိုသို့ သီးခြားသဖွယ်ရှိသည့် ၎င်းတို့ရွာ ဘေးကင်းမည်ဟု ယူဆပြီး လာရောက် ခိုလှုံကြသည်ဟု အသက် ၄၀ အရွယ် လက်ပန်တောရွာသားက ပြောသည်။
သို့သော် နံနက် ၈ နာရီဝန်းကျင်တွင် စစ်သားများက အောင်ချမ်းသာဘက်မှ မြောက်ယမားချောင်းကို ဖြတ်တက်လာပြီး လက်ပန်တောရွာသို့ ဝင်လာသည်ဟု ထိုသူက ဆက်ပြောသည်။
“ယမားပတ်ပတ်လည် ဝိုင်းနေတာ။ ခလယ်မှာ ကျွန်းလေးလိုဖြစ်နေတဲ့အတွက်၊ လာမယ်လို့လည်း မထင်ထားတဲ့အတွက်၊ လျှပ်တစ်ပြက်ကြီး ဝင်လာတော့ ဘာမှလည်း ကြိုတင်ပြင်ဆင်ထားတာ မရှိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ၎င်းက ပြောသည်။
“တစ်ရွာလုံးကို မိုးသီးမိုးပေါက်ကျသလိုပဲ စက်သေနတ်တွေနဲ့ ဆွဲသွားတာ။ လက်နက်ကြီးတွေနဲ့ ထုတာတွေရော….ယမားချောင်းဘေးက သဲသောင်ပြင်ပေါ်မှာ (ဒေသခံနှင့် စစ်ရှောင်များ) ပြေးကြလွှားကြနဲ့ ပုရွက်ဆိတ်တွေကျနေတာပဲ”
ဒေသခံတို့မှာ လက်ပန်တောရွာမြောက်ဘက်ရှိ ကန်သာရွာမှတစ်ဆင့် မြောက်ယမားချောင်းကို ဖြတ်ကာ အုန်းတော၊ ရွှေညောင်ပင်ရွာများဘက်သို့ တိမ်းရှောင်ခဲ့ရသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

အလောင်းဖျောက်ခြင်း
ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေသူ ၇ ဦး ရှိမည်၊ ဆွမ်းစားဆောင်တွင် ပျက်စီးမှု များသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။
“အဝင်ပေါက်တည့်တည့်နားမှာ ကျတာ။ အပေါ်ကကျတာ။ ခေါင်မိုးပေါက်သွားတာ။ အမှုန်အမွှားလေးတွေလောက်ပဲ မြင်ရတာ။ တချို့ကတော့ မှောက်ခုံကြီးတွေ သေတာဆိုတော့ ဒဏ်ရာကတော့ မမြင်ရဘူးလေ။ တချို့ကတော့ အစအနစဉ်တာတွေ လည်ပင်းထိတယ်” ဟု ၎င်းက ပြောသည်။
“သွပ်တွေရော ပြန်မိုးရမှာ။ အကာတွေရော ပြန်လုပ်ရမှာ။ တံခါးပိတ်တွေရော၊ ဘာတွေရော အကုန်ပြန်လုပ်ရမှာပဲ။ အုတ်နံရံတွေရော အကုန်ပေါက်ကုန်တာ”

ထိုပေါက်ကွဲမှုအပြီး ဘေးလွတ်ရာပြေးသည့် အထက်ပါ သတင်းရင်းမြစ်ထံမှ ထပ်မသိရတော့ပေ။
စစ်ကောင်စီဆန့်ကျင်သည့် ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က Facebook တွင် ထုတ်ပြန်ထားသည့် ဓာတ်ပုံတစ်ပုံတွင် ပြတင်းနှင့် တံခါးပွင့်လျက် အဆောက်အအုံတစ်လုံး၏ သွပ်မိုးတွင် ဗရပွဖြစ်နေသည့် အပေါက်များကို တွေ့ရသည်။
ထိုနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ စဲသွား၍ ကိုထူးကျော်က အခြားဒေသခံ ၃ ဦးနှင့်အတူ ပုန်းခိုရာနေရာမှ ဘုန်းကြီးကျောင်းဆီသို့ ခပ်သုတ်သုတ်သွားဖြစ်ခဲ့သည်ဟု ပြောသည်။
ဘုန်းကြီးကျောင်းနား ရောက်ချိန်တွင် ထိုနေရာ၌ တပ်စွဲထားသည့် စစ်တပ်က သူတို့ကို လက်ပြန်ကြိုးတုပ်၍ ကျောင်းဝင်းအတွင်းမှ ဖြတ်ကာ ခေါ်သွားစဉ် တန်းစီချထားသည့် ရုပ်အလောင်းများကို မြင်ခဲ့ရသည်ဟု ကိုထူးကျော်က ပြောသည်။
“အဲဒီမှာ ပက်လက်လေးတွေ စီချထားတာ၊ အဲဒီ (လက်နက်ကြီး) ကွဲတဲ့ကျောင်းထဲတင်။ ကိုယ့်မေကြီးဆိုတော့ ပက်လက်မြင်ရုံနဲ့တင် သိလိုက်တယ်” ဟု ၎င်းက ပြောသည်။
အဖမ်းခံရသည့် ကိုထူးကျော်တို့ကို ညနေပိုင်းအထိ ဦးခေါင်းကို အဝတ်စည်းနှောင်ပြီး ချုပ်ထားကြသည်။ ညနေပိုင်း သူတို့ကို ကျောင်းမှ ခေါ်ထုတ်သွားချိန် အဝတ်စ ဖြုတ်ပေးသည်ဟု ဆိုသည်။
ထိုအချိန်တွင် ရုပ်အလောင်းများကို မတွေ့ရတော့ပေ။
“ကျောင်းနားက အိမ်က မီးလောင်နေပြီ။ ထင်လိုက်တာတော့ အဲဒီထဲ ထည့်ပြီး မီးသင်္ဂြိုဟ်လိုက်တယ်ထင်တာ”
သူတို့သည် ထိုနေ့ ညနေပိုင်းမှစ၍ လက်ပန်တောမှ ကန်သာ၊ သီးကုန်း၊ အိုးဘို ရွာဘက်သို့ စစ်ကြောင်းချီသည့် သုံးရက်စလုံး စစ်သားတို့၏ ပစ္စည်းများကို ထမ်းပိုး၍ လိုက်ပို့ခဲ့ရပြီး မတ် ၁၁ တွင် အထိအခိုက်မရှိ ပြန်လွတ်သည်ဟု ကိုထူးကျော်က ပြောသည်။
ပေါ်တာအဖြစ် ထမ်းပိုးလိုက်ပါခဲ့ရသည့် ခရီးစဉ်တစ်လျှောက် အဖြစ်အပျက်များကို ၎င်းက ထုတ်ဖော်မပြောလိုပေ။
ထိုနေ့ညနေက စစ်တပ်ထွက်သွားပြီးနောက် နောက်တစ်ရက် မတ် ၉ ရက်တွင် ရွာအတွင်းသို့ ဝင်ရောက်သည့် ဒေသခံများအနက် အချို့ကလည်း ရုပ်အလောင်း ၁၀ ခုကို ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်နှစ်လုံးထဲ ထည့်၍ မီးရှို့ခဲ့သည်ဟု သိရကြောင်း၊ ခန္ဓာရုပ်ကြွင်းများကိုသာ ပြန်လည်ကောက်ယူနိုင်ကြောင်း ပြောသည်။
Myanmar Now က ရရှိထားသော ဓာတ်ပုံမှတ်တမ်းများအရ ထန်းလက်ပုံအကြား အမျိုးသမီးရုပ်အလောင်းတစ်ခုသာလျှင် မီးရှို့ခံရထားခြင်း မရှိသည်ကို တွေ့ရသည်။ မည်သူ၏ရုပ်အလောင်းဖြစ်ကြောင်း မသိရသေးပေ။
ဒေသခံတို့က အိမ်ငယ်နှစ်လုံး၏နေရာဟု အတည်ပြုကြသည့် ပြာပုံနှစ်ခုအတွင်း လူ ၁၀ ဦး၏ ရုပ်ကြွင်းများ တွေ့ရသည်ဟု ဆိုသည်။ မီးလောင်ထားသည်ကို တွေ့ရသည်။
သေဆုံးသူတို့အတွက် ရက်လည်ကို မတ် ၁၄ ရက်တွင် လက်ပန်တောရွာ၌ပင် ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
လက်ပန်တောရွာ ဘုန်းကြီးကျောင်းရှိ သံဃာနှစ်ပါးစလုံး တိမ်းရှောင်နေရသည်ဖြစ်၍ အနီးအနားကျေးရွာမှ ပင့်ဖိတ်ကာ အလှူဒါနပြုခဲ့ရသည်ဟု ၎င်းတို့က ဆိုသည်။

ကျီးလန့်စာစားနေရဆဲ
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်လက်ချက်ကြောင့် စစ်ရှောင်များ အစုအပြုံလိုက်သေဆုံးမှု အများဆုံးဟူသည့် မှတ်တမ်းဆိုး လက်ပန်တောရွာအတွက် ဖြစ်လာပြီးနောက်တွင် တချို့တစ်ဝက်သာ ရွာ၌ ပြန်လည်နေထိုင်ရဲကြသည်ဟု အထက်ပါ အသက် ၄၀ အရွယ် လက်ပန်တောရွာသားက ပြောသည်။
အချိန်မရွေး စစ်ကြောင်းပြန်ဝင်နိုင်သဖြင့် အိုးပစ်၊ အိမ်ပစ်၊ စိုက်ခင်းစွန့်ပစ် တိမ်းရှောင်နေကြရသည်။ ကြက်သွန်၊ မြေပဲစိုက်ပျိုးပြီး စီးပွားကောင်းသည့် လက်ပန်တောရွာလေးမှာ တိတ်ဆိတ်ခြောက်ကပ်နေပြီဟု ၎င်းက ပြောသည်။ ထိုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ကျွန်တော်တို့က ဒီလို (စစ်ပွဲ) တွေလည်း ကြောက်လည်းကြောက်ပါတယ်ဗျာ။ ကြားနေတာတွေက ရှေ့ ဒီထက်ဆိုးမယ်၊ ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်နေကြဆိုတော့ ဘယ်ပြေးလို့ ပြေးရပါ့၊ ဘာလုပ်လို့ လုပ်ရပါ့ဆိုတာလည်း မသိတော့ပါဘူးဗျာ” ဟု ကိုထူးကျော်က မှတ်ချက်ပြုသည်။
ဘုန်းကြီးကျောင်းများမှာ နိုင်ငံအနှံ့တွင် ရှိနေရာ ရေဘေး၊ မီးဘေး၊ စစ်ဘေးသင့်လျှင် နေရာထိုင်ခင်း ကျယ်ဝန်းသည့် ထိုကျောင်းများသို့ သွားရောက် ခိုလှုံလေ့ရှိသည်။ လက်ပန်တောကျေးရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီးကျည်သင့်သဖြင့် ၁၁ ဦး သေဆုံးသည့် ဖြစ်ရပ်ကြောင့် ဒေသခံတို့အတွက် လုံခြုံသည့်နေရာမှာ ရွာတွင် ရှိမနေတော့ကြောင်း လက်ပန်တောရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဘုန်းကြီးကျောင်းတွေထဲ ပြေးရင် လွတ်မယ်ထင်တာကိုး။ အခုနောက်ပိုင်းကတော့ (စစ်သားတွေက) ဘုန်းကြီးကျောင်းတွေထဲမှာ အကာအကွယ်ယူတယ်။ ကြိုတင်ပြင်ဆင်ထားတာပေါ့ဗျာ” ဟု အဆိုပါ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားက ပြောသည်။
“အခုဆို အဘိုးကြီး၊ အဘွားကြီးတွေလည်း ခပ်ဝေးဝေးမှာပဲ နေရတယ်။ တချို့ဆို မန္တလေးလိုနေရာမျိုး၊ ဆွေမျိုးတွေရှိတဲ့နေရာတွေ သွားကြရပြီ”
စစ်သားများက ဘုန်းကြီးကျောင်းများတွင် အကာအကွယ်ယူတတ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရန် စစ်ကောင်စီပြန်ကြားရေးဌာနက ကြေညာထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ထိုတယ်လီဖုန်းနံပါတ်များ အသက်ဝင်ခြင်း မရှိပေ။
စစ်ကောင်စီထုတ်သတင်းစာများတွင်မူ PDF များက သံဃာတချို့ကို သတ်ဖြတ်နေသည်ဟု စွပ်စွဲထားတတ်သည်။
ဒေသခံတို့ ကြုံနေရသည့် မလုံခြုံမှုအခြေအနေကို တတ်နိုင်သမျှ ကာကွယ်ရန် ကြိုးပမ်းသော်လည်း လက်နက်အင်အားမမျှ၍ အချည်းနှီးသာဖြစ်နေရသည်ဟု ကံသာရွာ PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
ဝင်စီးခံရသည့် မတ် ၈ ရက်မှ နောက်တစ်နေ့ မိုးမလင်းမီ ၃ နာရီအထိ ရှိသည့်လူအင်အားဖြင့် တိုက်ခိုက်ခဲ့သော်လည်း လက်ပန်တောရွာ ဘုန်းကြီးကျောင်း၊ ဘုရားကုန်းနှင့် အနီးရှိ ကန်သာရွာ ဘုန်းကြီးကျောင်းတို့တွင် သုံးနေရာခွဲ၍ တပ်စွဲထားသည့် စစ်တပ်ကို မတွန်းလှန်နိုင်ခဲ့ဟု ၎င်းက ပြောသည်။
“လက်နက်အင်အား၊ လူအင်အားလည်း မမျှဘူး။ သူတို့က ကန်သာကျောင်းမှာလည်း ဘန်ကာတွေ ဆောက်ပြီး ထားတာဆိုတော့ ကျွန်တော်တို့အဖွဲ့တွေဘက်က ဘယ်လိုမှ ထိရောက်အောင်မလုပ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။
လက်နက်ကိုင် ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းတစ်တိုင်းလုံးနီးပါးကို မတ် ၃ ရက်နေ့ ညပိုင်းမှစ၍ အင်တာနက်ဖြတ်ကာ စစ်ကောင်စီက ရွာစဉ်လှည့်မီးရှို့၊ ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေချိန်တွင် PDF တို့က မိုင်းဆွဲသည့် နည်းလမ်းဖြင့်သာ အထိရောက်ဆုံး တုံ့ပြန်နိုင်ကြသည်။
နိုင်ငံအနှံ့ရှိ ကာကွယ်ရေးအဖွဲ့များကို စုစည်း၊ လက်နက်တပ်ဆင်၊ ကွပ်ကဲမှု စနစ်တစ်ခုတည်းဖြစ်ရန် ကြိုးပမ်းဆဲအခြေအနေသာရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း Myanmar Now ကို ထုတ်ဖော်ပြောဆိုထားသည်။
ဘုန်းကြီးကျောင်းပင် လက်နက်ကြီးသင့်ခဲ့ရသည့် လက်ပန်တောရွာမှ အသက် ၃၀ ကျော်အရွယ် လယ်သမားတစ်ဦးကမူ စစ်တပ်၏ ရမ်းကားမှုကို မေ့မည်မဟုတ်ဟု ပြောသည်။ ထိုဖြစ်စဉ်ကြောင့် အာဏာရှင်စနစ် အမြစ်ဖြတ်ရမည်ဟူသော ရည်မှန်းချက် ပို၍ခိုင်မာလာသည်ဟု ၎င်းက ဆိုသည်။
“ကမ္ဘာပေါ်မှာ ဒီလိုစစ်တပ်မျိုး နောက်ဘယ်တော့မှ မရှိစေရဘူးဆိုတဲ့ စိတ်ထားမျိုးတွေက လူထုစိတ်မှာ ကိန်းအောင်းသွားပြီ” ဟု ထိုသူက မှတ်ချက်ပြုသည်။
(* သတင်းရင်းမြစ်တို့၏ လုံခြုံရေးအရ အမည်လွှဲများဖြင့် ဖော်ပြထားပါသည်)