စစ်ကောင်စီကို တော်လှန်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းပေါ်မှ အိမ်ခြေ ၃၀၀ ခန့်ရှိ ပန်းညိုကျေးရွာကို စစ်တပ်က မီးရှို့ရာ အိမ် ၁၀၀ ဝန်းကျင် ပျက်စီးပြီး ၉၃ နှစ်အရွယ် အမျိုးသမီး မီးလောင်သေဆုံးသည်။
မြောင်မြို့နယ် တောင်ဘက်အစွန်ရှိ ထိုရွာကို ဇန်နဝါရီ ၉ ရက်တွင် စစ်ကောင်စီ လက်နက်ကိုင်တို့ မီးရှို့ချိန်က ထွက်မပြေးနိုင်ခဲ့သည့် ဒေါ်ခင်ကြည်ဆို၏ ရုပ်အလောင်းကို ညနေပိုင်း စစ်ကြောင်းပြန်ထွက်သွားချိန်တွင် မီးလောင်ပြင်၌ ရှာဖွေတွေ့ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့က ပြောသည်။
စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့ (ပျူစောထီး) အင်အား ၁၀၀ ကျော်ပါ တပ်ဖွဲ့မှာ ယမန်နေ့ နံနက် ၁၁ နာရီမှစ၍ ညနေ ၃ နာရီခွဲဝန်းကျင်အထိ ပန်းညိုရွာကို မီးရှို့ပြီး ထိုနေရာမှ ပြန်လည်ထွက်ခွာသွားသည်ဟု မြောင်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် မြောင်ဖိုက်တာ အဖွဲ့ခေါင်းဆောင်က ပြောသည်။
ထိုတပ်ဖွဲ့မှာ ဇန်နဝါရီ ၇ ရက်မှစ၍ ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆင်ချောင်းရွာမှ စက်လှေများဖြင့် ၎င်းတို့ ဒေသဘက်သို့ ကူးလာခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
ဒေသခံတော်လှန်ရေးအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် မြစ်ဖြတ်ကူးလာသည့် စစ်ကောင်စီတပ်မှ လှေ ၂ စီး နစ်မြုပ်ကာ ၁၅ ဦးထက်မနည်း သေမည်ဟု မြောင်ဖိုက်တာ အဖွဲ့ခေါင်းဆောင်က ဆိုသည်။
ထိုသို့ တိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့က ဇန်နဝါရီ ၇ ရက်၌ပင် ပန်းညိုရွာသို့ ဝင်ရောက်တပ်စွဲခဲ့ပြီး ၉ရက်နေ့ ပြန်ထွက်ချိန်တွင် အလိုရှိရာများ ယူဆောင်ကာ ရွာကို မီးရှို့သည်ဟု ၎င်းက ဆက်ပြောသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီက ၎င်းတို့လက်နက်ကိုင်တို့ ကျေးရွာများတွင် လုယက်ခိုးယူသည်၊ အနိုင်ကျင့် သတ်ဖြတ်သည်၊ အိမ်မီးရှို့သည်ဟူသော သတင်းဖော်ပြမှုတိုင်းကို တုံ့ပြန်လေ့မရှိသော်လည်း မီးရှို့မှုမှာ ၎င်းတို့လက်ချက်မဟုတ်ဟု ယခင်က ပြောဆိုခဲ့ဖူးသည်။
မြန်မာနိုင်ငံအလယ်ပိုင်းမှ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း သုံးခုဆုံရာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အကြားရှိ ရေလယ်ကျွန်းဒေသသည် စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းပြီး ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုရှိသည့် ဒေသဖြစ်သည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ် သုံးခုဆုံရာ ထိုဒေသကို စစ်ကောင်စီက မကြာခဏဆိုသလို စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလပိုင်းကလည်း ပန်းညိုရွာနှင့် ကပ်လျက် တည်ရှိသည့် မြောင်မြို့နယ် ညောင်ကားယားရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ အိမ် ၂၆ လုံး မီးလောင်ပျက်စီးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)