သတင်း

ပဇီကြီးကျေးရွာအနီး စစ်ကြောင်း ဆက်မွှေ၊ နေအိမ် ၅၀ ကျော် မီးလောင်

လွန်ခဲ့သော နှစ်ပတ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့၍ ကလေးအပါအဝင် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဝန်းကျင်ရှိ ရွာများကို အင်အား ၁၀၀ ခန့်ပါ ခြေလျင်စစ်ကြောင်းက ပစ်ခတ်စီးနင်းနေသည်။

လေကြောင်းမှ တိုက်ခိုက်ပြီး တစ်ပတ်ကျော်အကြာ ဧပြီ ၁၉ ရက်ကတည်း ဧရာဝတီမြစ်အနောက်ဘက်ကမ်း ကန့်ဘလူမြို့နယ်အရှေ့ခြမ်းရှိ ပဇီကြီးဒေသတွင်းသို့ စစ်ကြောင်း ရောက်နေခြင်းဖြစ်ပြီး ယနေ့ (ဧပြီ ၂၅) နံနက်တွင် ရွာနီးချုပ်စပ် အိမ်ခြေ ၃၀၀ ခန့်ရှိ ချမ်းသာရွာကို မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၅၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သည့် ဒေသခံ ၃ ဦးထံမှ သိရသည်။

ထိုစစ်ကြောင်းသည် စစ်ကြောင်း ၃ ကြောင်းခွဲကာ ပဇီကြီးနှင့် မြောက်ဘက် ၂ မိုင်အကွာ ချောင်းသာရွာသို့ ယမန်နေ့ (ဧပြီ ၂၅) ညနေပိုင်းကတည်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်တပ်စွဲခဲ့ပြီး ယနေ့ နံနက်တွင် ရွာကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ရွာကို မီးရှို့ပြီးနောက် ချောင်းသာရွာအနီးတွင် ထိုစစ်ကြောင်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ပဇီကြီးနှင့် အနီးတစ်ဝိုက်ရှိ ၁၀ ရွာထက်မနည်းမှ ဒေသခံများ ကြိုတင်တိမ်းရှောင်နေကြသဖြင့် မြေပြင်စစ်တပ်ဝင်ချိန်တွင် ဖမ်းဆီးခံရသူမရှိကြောင်း ချောင်းသာကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် ကိုဧရာက ပြောသည်။

“ဒေသခံတွေကတော့ အကုန်လုံး ထွက်ပြေးနေကြတာပဲ။ (စစ်တပ်က) မနက် ၇ နာရီခွဲကတည်းက မီးရှို့ပြီး ထွက်သွားတာပဲ။ ဘုန်းကြီးကျောင်းကအစ သော့တွေ တံခါးတွေ အကုန်ရိုက်ဖျက်ပြီး လိုချင်တာတွေ အကုန်ယူသွားတာပဲ” ဟု ၎င်းက ဆိုသည်။

ဧပြီ ၁၁ က ကန့်ဘလူအရှေ့ခြမ်းရှိ ပဇီကြီးကျေးရွာတွင် ကာကွယ်ရေးအဖွဲ့ရုံး ဖွင့်ပွဲအတွက် အကျွေးအမွေးဖြင့် ဧည့်ခံနေစဉ် ကလေးငယ်များပါ ရှိနေချိန်တွင် စစ်တပ်က လေကြောင်းမှ နှစ်ကြိမ် ပစ်ခတ်ခဲ့၍ ကလေး ၄၀ ဝန်းကျင် အပါအဝင် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့ရဖူးသည်။

ထိုမြေပြင်စစ်ကြောင်း စဝင်လာပြီး နောက်တစ်ရက် ဧပြီ ၂၀ ရက်ကလည်း ပဇီကြီးရွာနှင့် တစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံပစ်ခတ်ခဲ့သေးသည်။ ထိုဒေသအတွင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ လှုပ်ရှားနေသည်ဟု စစ်ကောင်စီက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှင့် အရပ်သားအများအပြား သေဆုံးခဲ့ရသည့် ဖြစ်ရပ်နှင့် ပတ်သက်၍မူ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

စစ်ကောင်စီတပ်ဖွဲ့ ရန်ရှာမည်စိုး၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံ အမျိုးသမီးတစ်ဦးက နေရေးစားရေး ဒုက္ခမျိုးစုံ ကြုံနေရသည်ဟု ပြောသည်။

“ဂျက်ဖိုက်တာ (တိုက်လေယာဉ်) ကြောက်တော့ (လူစု) ခွဲနေရတာပေါ့။ တဲတွေထဲလည်း အပြုံလိုက် မနေရဲဘူး။ တောတွေထဲ နေရတာ”။

လက်ရှိတွင် ပဇီကြီးအရှေ့ဘက် မိုင် ၃၀ ခန့်အကွာ ကန့်ဘလူမြို့အခြေစိုက် အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းမှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း နောက်ထပ်တစ်ကြောင်း ဒေသတွင်းသို့ ရောက်နေသည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ထိုစစ်ကြောင်းသည် ယနေ့ (ဧပြီ ၂၅) တွင် ပဇီကြီးကျေးရွာ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ မြေမွန်ရွာတွင် ရောက်ရှိတပ်စွဲနေသည်ဟု သိရသည်။

ပဇီကြီးကျေးရွာအနီး စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က နှုတ်ဆိတ်နေဆဲဖြစ်သည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button