သတင်း

စစ်ကိုင်းတိုင်း ကန့်ဘလူ၊ တန့်ဆည်နှင့် ကျွန်းလှမြို့နယ်တို့တွင် စစ်တပ်က စိုးမိုးနယ်မြေချဲ့ထွင်နေ

စစ်ကိုင်းတိုင်းအတွင်းမှ ကျွန်းလှ၊ တန့်ဆည်၊ ကန့်ဘလူမြို့နယ်တို့တွင် စစ်ကောင်စီက ဒေသခံ ပျူစောထီးတပ်များနှင့် ပေါင်းကာ စစ်စခန်းသစ်များတိုးချဲ့နေပြီး နယ်မြေစိုးမိုးမှု ပိုမိုအားကောင်းလာရန် ကြိုးပမ်းနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းမှ ကျွန်းလှ၊ တန့်ဆည်၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီက ဒေသခံ ပျူစောထီးတပ်များနှင့် ပေါင်းကာ စစ်စခန်းသစ်များတိုးချဲ့နေပြီး နယ်မြေစိုးမိုးမှု ပိုမိုအားကောင်းလာရန် ကြိုးပမ်းနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အင်တိုင်းရွာ၊ ကန့်ဘလူမြို့နယ် ဝက်ပုတ်ရွာနှင့် တန့်ဆည်မြို့နယ်တွင်လည်း မြို့အနီးတစ်ဝိုက် ကျေးရွာများတွင် အင်အားတိုးချဲ့တပ်စွဲကာ နယ်မြေစိုးမိုးမှုချဲ့ထွင်လာခြင်းဖြစ်ကြောင်း ဒေသခံ တော်လှန်ရေးအင်အားစုများက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းက စတင်ပြီး စစ်တပ်နှင့် ပျူစောထီးအင်အား ၂၀၀ ကျော်ဖြင့် ကျွန်းလှဆည်အနီးရှိ အင်ဒိုင်းရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာအနီးရှိ ကျောက်ပုံကုန်းတွင် ဘန်ကာများ တည်ဆောက်ကာ အခိုင်အမာ ခြေကုပ်ယူတပ်စွဲလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သဖန်းဆိပ်ဆည်ရှိရာ ကျွန်းလှမြို့နယ်တွင် အရှေ့ခြမ်း၌ စစ်ကောင်စီတပ်က ကျေးရွာအုပ်စုများကို နယ်မြေစိုးမိုးထားပြီး အနောက်ဘက်ရှိ ကျေးရွာအုပ်စု ၂၆ အုပ်စုတွင် တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားသည်။

သဖန်းဆိပ်ဆည်အနီးရှိ အင်ဒိုင်းရွာသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် ကျေးရွာဖြစ်ပြီး ယခင်က တော်လှန်ရေးအင်အားစုများ သွားလာလှုပ်ရှားနိုင်သည့် စိုးမိုးနယ်မြေဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“ဆည်အနောက်ခြမ်းကို ကျွန်တော်တို့က စိုးမိုးထားတာ။ အင်ဒိုင်းရော စိုးမိုးထားတာ။ အခု အင်ဒိုင်းပါသွားတာ။ ဆည်ထိပ်တည့်တည့်က ရွာပေါ့” ဟု ကျွန်းလှမြို့နယ်မှ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကန့်ဘလူ၊ တန့်ဆည်နှင့် ကျွန်းလှတို့တွင် လှုပ်ရှားနေသည့် ဦးဝါသဝ ဦးဆောင်သော ပျူစောထီးများသည် ပြီးခဲ့သည့်လပိုင်းမှစတင်ကာ လှုပ်ရှားမှုများ ပိုမိုစိပ်လာသည့်အခြေအနေဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

“စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် အင်အားလေး နည်းနည်းများလာတယ်။ များလာတဲ့အတွက် တပ်နဲ့ ပေါင်းပြီး ဟိုနားထိုးလိုက်၊ ဒီနားထိုးလိုက် လုပ်လာတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်နှင့် ပျူစောထီးများ နေရာယူတပ်စွဲလိုက်ပြီးနောက် အင်ဒိုင်းရွာ၊ အနီးရှိ ကျွဲတဲရွာနှင့် ညောင်ကိုင်းမှ အိမ်ခြေတစ်ထောင်နီးပါး ဒေသခံများမှာ စစ်တပ်၏ လက်နက်ကြီးရန်ကို ကြောက်ရွံ့သဖြင့် ရွာထဲ မနေရဲဘဲ အနီးအနားတွင် ရှောင်တိမ်းနေရသည်ဟု ဆိုသည်။

 ကန့်ဘလူမြို့နယ်တွင် ဦးဝါသဝ ဦးဆောင်သည့် ပြည်သူ့စစ်များ ဇူလိုင်လဆန်းပိုင်းက ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံ – ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်)

အင်ဒိုင်းရွာတွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် နယ်မြေချင်း ထိစပ်လျက်ရှိသည့် တန့်ဆည်နယ်မြောက်ပိုင်းသို့ ဇူလိုင် ၁၃ ရက်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာနှစ်ရွာကို မီးရှို့ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“စစ်ကြောင်းမထိုးတာ တစ်နှစ်ကျော်လောက် ရှိပြီ။ စစ်ကြောင်းက ကျွန်းလှဘက်ကနေ ဝင်လာတာ။ ကျွန်းလှမြို့နယ်နဲ့ တန့်ဆည်မြို့နယ်အစပ် အင်ဒိုင်းဆိုတဲ့ရွာမှာ အခြေစိုက်စခန်းတိုးချဲ့လိုက်တာ တစ်လလောက်ရှိပြီ။ အဲ့ဒီအသစ်တိုးချဲ့လိုက်တဲ့ စစ်ကြောင်းကနေ တန့်ဆည်နယ်ထဲကို လာပြီး မီးရှို့တာပေါ့” ဟု NUG လက်အောက်ခံ တန့်ဆည်မြို့နယ် လူသားချင်းစာနာမှုဆိုင်ရာကူညီရေးတာဝန်ခံက ပြောသည်။

ထိုရွာများမှာ အိမ်ခြေ ၅၀၀ နီးပါးရှိသည့် ကျေးရွာကြီးများဖြစ်ပြီး စစ်တပ်နှင့် ပျူစောထီးတို့ မီးရှို့မှုကြောင့် စီးသာရွာမှ အိမ်ခြေ ၇၅ လုံး၊ ပုတီးရွာမှ အိမ်ခြေ ၈၃ လုံး ပျက်စီးခဲ့ကြောင်း မြေပြင်မှ ရရှိသည့်အချက်အလက်ကို ကိုးကားပြီး အထက်ပါ လူသားစာနာတာဝန်ခံက ပြောသည်။

ပုတီးရွာမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက စစ်တပ်ဝင်ရောက်စီးနင်းစဉ် အိမ်ခြေ ၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စီးသာရွာကို ယခင်က စစ်ကြောင်းထိုးရာတွင် အိမ်ခြေတချို့ အမိုး၊ အကာ၊ ပြတင်းပေါက်များ ရိုက်ချိုးဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

ကျွန်းလှမြို့နယ်ဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၃ ရက်နေ့တွင် စီးသာရွာကို စီးနင်းမီးရှို့ခဲ့ပြီးနောက် နောက်တစ်နေ့ ဇူလိုင် ၁၄ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အားတချို့က အနီးရှိ ပုတီးရွာကို ဆက်လက်ဝင်ရောက်ကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးမြစ်အနောက်ဘက်ကမ်းရှိ တန့်ဆည်မြို့နယ်သည် လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် မြို့နယ်ဖြစ်ပြီး မြို့ပေါ်မှအပ ကျေးရွာအများစုကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။

တန့်ဆည်မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းယူနိုင်ရန် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ရာတွင် မြို့ထဲရှိ စစ်တပ် တပ်စွဲထားသော နေရာအများစုကို သိမ်းပိုက်နိုင်ခဲ့သော်လည်း မြို့နယ်ရဲစခန်းကို မသိမ်းနိုင်ခဲ့ပေ။

ယခုနှစ် မေလဆန်းတွင် တန့်ဆည်နယ်နှင့် ကပ်လျက်ရှိ ကန့်ဘလူနယ်မှ စစ်တပ်နှင့် ပျူစောထီး အင်အား ၄၀၀ ခန့် စစ်ကြောင်းထိုးလာပြီးနောက် တန့်ဆည်မြို့အနီး ကျေးရွာများတွင် အခိုင်အမာ စခန်းချတည်ဆောက်ကာ အင်အားဖြန့်ကြက်ထားသည်။

 ကန့်ဘလူမြို့နယ်တွင် ဦးဝါသဝ ဦးဆောင်သည့် ပြည်သူ့စစ်များ ဇူလိုင်လဆန်းပိုင်းက ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံ – ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်)

မြို့အရှေ့ဘက် ၆ မိုင်ခန့်ကွာ တန့်ဆည် – ကန့်ဘလူလမ်းပေါ်ရှိ အပ်တောရွာ၊ မြို့အနောက်ဘက် ၂ မိုင်ခွဲအကွာ တန့်ဆည် – ကလေးဝ လမ်းပေါ်ရှိ ဝရငယ်ရွာ၊ မြို့တောင်ဘက် ကပ်လျက် တန့်ဆည် – ရွှေဘိုလမ်းပေါ်ရှိ ကျွဲသဲရွာတို့တွင် ဆက်သွယ်ရေးတူးမြောင်းများ၊ ဘန်ကာများ ပါဝင်သည့် အထိုင်စခန်းများ တည်ဆောက်ကာ ခြေကုပ်ယူထားသည်။

“မြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းမှာစိုးပြီး ခံစစ်ပုံစံပြင်တာပေါ့။ တပ်စွဲတာတွေက မြို့နဲ့ မလှမ်းမကမ်းမှာ နေရာဝင်ယူပြီးတော့ မြို့ကို ကာတဲ့သဘောပါပဲ” ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခင်က မူးမြစ်ကမ်းပေါင်အတိုင်း ကားများဖြတ်သန်းပြီး ကုန်စည်စီးဆင်းမှု ပြုလုပ်နိုင်သော်လည်း လွန်ခဲ့သည့် တစ်လခန့်မှစတင်ကာ ဝါးရငယ်ရွာအနီးတွင် စစ်တပ်က စခန်းချထားသည့်အတွက် ထိုလမ်းကို အသုံးမပြုနိုင်သည့် အခြေအနေဖြစ်ကြောင်း သိရသည်။

တန့်ဆည်မြို့နယ်နှင့် ကပ်လျက်ရှိ ကန့်ဘလူမြို့နယ်တွင်လည်း ဇူလိုင် ဒုတိယပတ်က စစ်တပ်နှင့် ပျူစောထီးများ စစ်ကြောင်းထိုးလာပြီးနောက် ကန့်ဘလူ – စံပယ်နံ့သာလမ်းပေါ်ရှိ ဝက်ပုတ်ရွာ (၈ မိုင်) တွင် တပ်စွဲထားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အမှတ် (၆၀၀၆) တင့်ကားတပ် အခြေစိုက်ရာ ကန့်ဘလူမြို့နယ်သည် ပျူစောထီးများ အားကောင်းရာ မြို့နယ်ဖြစ်ပြီး အခိုင်အမာ အခြေချတပ်စွဲထားသည့် ကျေးရွာပေါင်း ၄၀ ကျော်ရှိနေပြီး ထပ်မံတိုးချဲ့လာခြင်းဖြစ်သည်။

ဇူလိုင်လဆန်းပိုင်းတွင် ကန့်ဘလူမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများအကြား ပစ်ခတ်မှုများဖြစ်ခဲ့သော်လည်း အင်အားမမျှသဖြင့် တော်လှန်ရေးအင်အားစုများ နောက်ဆုတ်ခဲ့ရသည်။

“ကန့်ဘလူ – စပယ်နံ့သာလမ်းကြောင်းကလည်း လုံးဝဖြတ်တောက်မှုခံထားရတဲ့လမ်းဆိုတော့ အဲ့ဒီလမ်းကြောင်းကို ပြန်ဖွင့်ချင်တယ်လို့လည်း မြင်မိတယ်” ဟု ကန့်ဘလူစွန်ရဲအဖွဲ့မှ တာဝန်ခံက ပြောသည်။

စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဝက်ပုတ်ရွာ ဒေသခံများကို ဖိအားပေးကာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နေထိုင်စေပြီး ပျူစောထီးအဖွဲ့ထဲ ဝင်ရန် အတင်းအကျပ် ဖိအားပေးနေမှုများ ရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဖမ်းဆီးခံရတဲ့ ပြည်သူတွေကတစ်ဆင့် ရှောင်နေတဲ့ ပြည်သူတွေကို ဖုန်းဆက်ပြီး ပြန်ဝင်ခိုင်းတယ်။ ပြန်မဝင်ရင် မီးရှို့မယ်။ ဖိအားပေး အမျိုးမျိုးလုပ်တဲ့အချိန်မှာ တချို့ပြည်သူက ပြန်ဝင်တယ်။ ကိုယ်လွတ် ထွက်လာတဲ့သူတွေလည်း ရှိတယ်။ တချို့ကတော့လည်း ပျူလုပ်မယ်လို့ ဆုံးဖြတ်လိုက်ရတဲ့သူတွေလည်း ရှိတယ်” ဟု အထက်ပါ တာဝန်ခံက ပြောသည်။

 ကန့်ဘလူမြို့နယ်တွင် ဦးဝါသဝ ဦးဆောင်သည့် ပြည်သူ့စစ်များ ဇူလိုင်လဆန်းပိုင်းက ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံ – ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်)

စစ်ကောင်စီတပ်စခန်း အထိုင်ချလိုက်သည့် နေရာများတွင် အနီးရှိ ကျေးရွာများမှာ စစ်ကြောင်းရန်နှင့် လက်နက်ကြီးရန်ကို ကြောက်ရွံ့သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“သူတို့ နယ်ပယ်စိုးမိုးမှုနယ်မြေ တိုးချဲ့ချင်တာလည်း ဖြစ်မယ်။ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေကိုလည်း ရိက္ခာပိုင်းတွေကအစ ဖြတ်တောက်ချင်တာလည်း ဖြစ်မယ်။ စစ်ကောင်စီ စခန်းတစ်ခု ချလိုက်ပြီဆိုရင် သူတို့နဲ့ သုံးမိုင်ပတ်လည်က ရွာတွေက သူတို့နားမှာ မနေရဲတော့ဘူး။ ပြည်သူတွေလည်း ဆင်းရဲဒုက္ခရောက်စေအောင်လည်း တစ်ပိုင်းပေါ့။ သူတို့က တစ်ချက်ခုတ်ရင် သုံးချက်လေးချက်လောက် ပိုင်သွားတာကိုး” ဟု တန့်ဆည်မြို့နယ် လူသားစာနာတာဝန်ခံက မှတ်ချက်ပြုသည်။

တန့်ဆည်မြို့နယ် ဇာတိ ဦးဝါသဝသည် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နယ်တစ်ဝိုက် ကျေးရွာများတွင် ပျူစောထီးတပ်များကို ဦးဆောင် ဖွဲ့စည်းထားသည်။

ကန့်ဘလူမြို့ တစ်ဖက်ကမ်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဇူလိုင်လ ဒုတိယပတ်ကစပြီး KIA, ABSDF နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေပြီး တောင်လယ်ရွာစခန်းကို သိမ်းပိုက်ထားသည်။ ထို့ပြင် ဧရာဝတီမြစ်ကမ်းဘေးကပ်လျက်ရှိ အင်းနက်ရွာ တာဝါတိုင်စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့နယ်နှင့် ကပ်လျက်ရှိ  စဉ့်ကူးမြို့နယ်ကို ရှမ်း – မန်း စစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့်ရက်ပိုင်းကပင် သိမ်းပိုက်ထားပြီး နယ်မြေထိန်းချုပ်ထားကြောင်း MDY PDF က ဇူလိုင် ၂၂ ရက်နေ့ ပြောကြားထားသည်။

Show More

Related Articles

Back to top button