
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တောင်လယ်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းကို ယမန်နေ့(ဇူလိုင်၁၁)က KIA, ABSDF,နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ရာ တော်လှန်ရေးတပ်များ၏ ထိုးစစ်များ သပိတ်ကျင်းမြို့နယ်အတွင်းအထိ ရောက်လာသည်။
သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာနှင့် ရှမ်းပြည်နယ် မိုးမိတ်တို့ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ တောင်လယ်ကျေးရွာအနီး စစ်စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု သပိတ်ကျင်းဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။
အဆိုပါစခန်း၏ အရေးပါမှု၊ တပ်ထိုင်စစ်သားအရေအတွက်၊ သိမ်းဆည်းရမိသည့် စစ်လက်နက်ပစ္စည်းများကိုမူ သီးခြားအတည်ပြု၍ မရနိုင်သေးပါ။
စခန်းသိမ်းတိုက်ပွဲကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) ပူပေါင်းတပ်ဖွဲ့များက ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပူးပေါင်းတပ်ဖွဲ့များ သိမ်းဆည်းနိုင်ခဲ့သည့် တောင်လယ်ကျေးရွာသည် သပိတ်ကျင်းမြို့နယ် အရှေ့ဘက်အစွန်၊ မိုးမိတ်မြို့နယ် နယ်နိမိတ်အနီးတွင်ရှိသည့် ကျေးရွာငယ်တစ်ခုဖြစ်ပြီး၊ တွင်းငယ်-မိုးမိတ်ကားလမ်းပေါ်မှ ကျေးရွာတစ်ခုဖြစ်သည်။
မတ္တရာ၊စဉ့်ကူးမြို့နယ်တို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေချိန် ငြိမ်သက်နေခဲ့သည့် သပိတ်ကျင်းမြို့နယ်အတွင်းကို KIA ပူးပေါင်းတပ်များက စစ်ရေးဖော်ဆောင်လာခြင်းဖြစ်သည်။
စဉ့်ကူးနှင့် မတ္တရာမြို့များရှိ စစ်စခန်းသိမ်းပွဲများ
သပိတ်ကျင်းမြို့ထက်ဦးစွာ တိုက်ပွဲများဖြစ်ပွားနေခဲ့သည့် စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းတွင် MDY-PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်၏ စခန်းအများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။
မန္တလေး-သပိတ်ကျင်း-မြစ်ကြီးနား ကားလမ်းပေါ်နှင့် လမ်းအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ တပ်စခန်းအများစုကို သိမ်းပိုက်ထားခြင်းဖြစ်သည်။ လက်ရှိတွင် စဉ့်ကူးမြို့အနီးသို့ တိုက်ပွဲများ ရောက်ရှိလာသည်။
မတ္တရာမြို့နယ်အတွင်းတွင်လည်း တိုက်ပွဲများသည် မြို့လယ် ရပ်ကွက်များနှင့် နီးသည်ထက် နီးလာသည်။ မတ္တရာမြို့နယ် အရှေ့ခြမ်းတစ်ခုလုံးရှိ စစ်စခန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် တော်လှန်ရေးတပ်များက မြို့နှင့် ၃ မိုင်ကျော်သာဝေးသည့် တံငါသည်(မြောက်ရွာ) (ကျောက်စရစ်ကုန်းကျေးရွာ) စစ်စခန်းကို ထပ်မံသိမ်းပိုက်ထားကြောင်း ယနေ့ (ဇူလိုင် ၁၂ ရက်) တွင် ထုတ်ပြန်သည်။
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်မြို့ မန္တလေးမြောက်ဘက်တွင် တောင်-မြောက်တန်းလျက်ရှိနေသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့သည့် မန္တလေးတိုင်းမြောက်ဘက် အစွန်ဆုံးမြို့နယ်များဖြစ်သည်။
အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းတိုင်းတို့နှင့် ထိစပ်နေသည့် မြို့နယ်များလည်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် ပြီးခဲ့သည့် ဇွန် ၂၅ တွင် စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေး(အပိုင်း-၂)နှင့်အတူ အဆိုပါမြို့နယ်များတွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ပွဲများ ဖော်ဆောင်လာသည်။
နောင်ချို၊ မိုးကုတ်၊ မိုးမိတ်တို့နှင့် လမ်းပမ်းဆက်သွယ်ရေးအရနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အတွက် သပိတ်ကျင်း၊ စဉ့်ကူးနှင့်မတ္တရာမြို့နယ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးနိုင်သွားပါက စစ်ကိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတို့မှ တော်လှန်ရေးတပ်ဖွဲ့များအတွက် အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။
KIA နှင့်ပူးပေါင်းတပ်များကလည်း သပိတ်ကျင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှု စတင်လာသည်ဖြစ်ရာ၊ ထီးချိုင့်၊ကောလင်း၊ ကသာနှင့်အင်းတော်ဒေသတို့တွင် လှုပ်ရှားနေသည့် KIA တပ်များနှင့် ချိတ်ဆက်မိသွားမည်ဖြစ်သည်။