စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းတွင် ဇူလိုင် ၂၅ ရက်နေ့ကစပြီး မြေပြင်စစ်ကြောင်းထိုးနေသည့် စစ်တပ်ကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။
ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းကျေးရွာများကို အမှတ် ၆၀၀၆ တင့်ကားတပ်မှ ထွက်လာသည့်တပ်၊ ဇီးကုန်းမြို့ သကြားစက်တွင် အခြေစိုက်ထားသည့်တပ်တို့က စစ်ကြောင်းထိုးနေကြခြင်းဖြစ်သည်။
ကန့်ဘလူမှ လာသည့်၊ စစ်တပ်နှင့် ပျူစောထီး ခေါ် ပြည်သူ့စစ် အင်အား ၁၃၀ နီးပါးပါဝင်သည့် စစ်ကြောင်းသည် ဇူလိုင် ၂၅ ညနေပိုင်းက သရက်ခေါင်းရွာကို မဝင်ရောက်မီ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်၊ ရွာထဲရှိ အသက် ၆၅ နှစ်အရွယ် မိခင်ဖြစ်သူနှင့် အသက် ၄၅ နှစ်အရွယ် သားဖြစ်သူတို့ သေဆုံးပြီး အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ထန်းကုန်းတိုက်နယ် ပကဖတာဝန်ခံထံမှ သိရသည်။
“သူတို့ရွာထဲကို မရောက်ခင် အနောက်ညောင်ဇင် ပျူရွာကနေပြီးတော့ ဒရုန်းနဲ့ လွှတ်လိုက်တာ။ ဒရုန်းလွှတ်ပြီးတော့ ရွာထဲကို ချလိုက်တာ။ ဒရုန်းချပြီးတော့မှ သူတို့က နောက်ကနေ စစ်ကြောင်းတက်လာတယ်။ သူတို့ထွက်မယ့်ဘက်ကို ဒရုန်းအရင်လွှတ်ပြီး ချတာ။ ဒရုန်းနဲ့ချတော့ ပြည်သူတွေက ရုတ်ရုတ်သဲသဲဖြစ်ပြီးတော့မှ ပြည်သူတွေက ထွက်ရတာ” ဟု ကိုမိုးကြိုးမုန်တိုင်းဟု တော်လှန်ရေးအမည်ခံယူထားသည့် အထက်ပါ တာဝန်ခံက ပြောသည်။
သကြားစက်မှ လာသည့် အင်အား ၆၀ ပါစစ်ကြောင်းက သပြေသာကြီးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်စီးနင်းရာတွင် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး၊ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်၊ ထိုစစ်ကြောင်း ပြန်ဆုတ်သွားသည်ဟု သိရသည်။
ကန့်ဘလူမှ စစ်ကြောင်းမှာ ယနေ့အထိ ဆက်လက် လှုပ်ရှားနေကြောင်း သိရသည်။
ထန်းကုန်း – ကန့်ဘလူ လမ်းပိုင်း ကျီကုန်းရွာ တံတားအနီးတွင် စစ်တပ်နှင့် ပြည်သူ့စစ်များ အထိုင်ချသည့် စခန်း တိုက်ခိုက်ခံရပြီး နောက်တစ်ရက်မှစတင်ကာ မြို့တောင်ဘက်ခြမ်း ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
တံတားအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာကို မြေသယ်ကားဖြင့် ရုတ်တရက် အလစ်အငိုက် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သည့် ဗီဒီယိုဖိုင်ကို တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့သည်။
မိနစ်အနည်းငယ်သာ ကြာမြင့်သည့် ထိုစီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး ကာဘိုင်သေနတ်များအပါအဝင် သေနတ် ၁၆ လက် ရရှိခဲ့သည်ဟု ဆိုသည်။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လက်ရှိ စစ်ကောင်စီ စစ်ကြောင်းကြောင့် သရက်ကုန်း၊ ကိုးမြို့၊ တောင့်တဲကုန်း၊ ငါးရာနဲ၊ ဖလံချိုင်၊ ဇီးဖြူကုန်း၊ ရှမ်းတပ်၊ ယော စသည့်ကျေးရွာများမှ ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သားအမိနှစ်ဦး သေဆုံးသည့် သရက်ခေါင်းရွာတွင် စစ်တပ် ယနေ့ နံနက်ပိုင်း ရွာမှ မထွက်မီ နေအိမ်များကို မီးရှို့ခဲ့သည်၊ ပျက်စီးဆုံးရှုံးသည့် အရေအတွက်အခြေအနေကို မသိရသေးဟု တော်လှန်ရေးအင်အားစုက ဆိုသည်။
ဧရာဝတီမြစ်နှင့် မူးမြစ်ကြားရှိ ကန့်ဘလူမြို့နယ်သည် လက်နက်ကိုင်တော်လှန်ရေးအားကောင်းသလို ဦးဝါသဝ ဆိုသူ ဦးဆောင်သည့် ပျူစောထီး အခိုင်အမာအခြေစိုက်ထားသည့် ကျေးရွာပေါင်း ၄၀ ထက်မနည်း ရှိနေသည်။
ထို့ပြင် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နယ်တို့တွင် ပြီးခဲ့သည့်လပိုင်းမှစပြီး စစ်တပ်နှင့် ပျူစောထီးတို့က စစ်စခန်းသစ်များတိုးချဲ့နေပြီး နယ်မြေစိုးမိုးမှု ပိုမိုအားကောင်းရန် ကြိုးပမ်းနေသည်။
ကန့်ဘလူနယ်အတွင်း စစ်တပ်နှင့် ပျူစောထီးများသည် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစတင်ပြီး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း တော်လှန်ရေးအင်အားစုက ဆိုသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ရှမ်းမြောက်တွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဒရုန်းကို တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်တွင် အထိနာခဲ့သည်။
တရုတ်ထုတ် စိုက်ပျိုးရေးသုံးဒရုန်းများကို ထိုးစစ်တွင် သုံးခြင်းကြောင့် အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရသည်ဟု စစ်ခေါင်းဆောင်က ထုတ်ဖော်ဝန်ခံခဲ့ပြီးနောက် စစ်တပ်ကလည်း ဒရုန်း ပိုသုံးလာသည်။
ယခုနှစ်ဆန်းပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် စစ်တပ်က ဒရုန်းအသုံးပြု တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာကြောင်း တော်လှန်ရေးအင်အားစုက ပြောသည်။
ဇူလိုင်လ ဒုတိယပတ်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က ကျေးလက်ဆေးပေးခန်းတစ်ခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် CDM ကျန်းမာရေးဝန်ထမ်းအပါအဝင် ၆ ဦးသေဆုံးခဲ့သည်။