
ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ဆေးခန်းတစ်ခု တိုက်ခိုက်ခံရသဖြင့် ၆ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့သည်ဟု တော်လှန်ရေးအင်အားစုထံမှ သိရသည်။
ဘုတလင်မြို့နယ်မှ ထနောင်းတောရွာအနီး တော်လှန်ရေးအင်အားစု စစ်ဆေးရေးဂိတ်တစ်ခုကို စစ်တပ်က နံနက် ၁၀ နာရီ ဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်စဉ် အများအပြား ဒဏ်ရာရသွား၍ ကျေးလက်ဆေးခန်းတွင် ဆေးကုနေချိန် ထပ်မံတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
“မုံရွာ-ရေဦးကားလမ်းပေါ်မှာရှိတဲ့ အလှူခံဂိတ်ကို ၆ လက်ဒရုန်းနဲ့ မိုင်းသီးချ တိုက်ခိုက်တာ။ အဲ့ဒီမှာ ဒဏ်ရာရတဲ့ ရဲဘော်ကို ဆေးခန်းလိုက်ပို့တဲ့အချိန်မှာ ဆေးခန်းကို ၆ လက်ဒရုန်းနဲ့ပဲ ၂ ကြိမ်တိုက်ခိုက်တာ” ဟု ဘုတလင်မြို့နယ် တော်လှန်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
ဆေးကုသပေးနေသည့် CDM ကျန်းမာရေးဝန်ထမ်း ဒေါ်အေးအေးသင်း၊ ကာကွယ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ကိုမျိုးမြင့်အောင်၊ ကိုအောင်ချမ်းငြိမ်း၊ ကိုစံမတူနှင့် အဖွဲ့ဝင် အခြား ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။
ထို့ပြင် ဦးခေါင်း၊ လည်ပင်း၊ ပေါင်နှင့် ကိုယ်ခန္ဓာတို့တွင် ထိခိုက်ဒဏ်ရာရသူ ၁၅ ဦးခန့်ရှိပြီး ဒဏ်ရာပြင်းထန်သူများလည်းရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်၊ မကွေးတိုင်းတို့ စစ်ရေးလှုပ်ရှားမှုများကို အဓိက ကွပ်ကဲသည့် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ကပ်လျက်ရှိသည့် ဘုတလင်မြို့နယ်သည် တော်လှန်ရေးအင်အားစု နယ်မြေစိုးမိုးမှုအားကောင်းရာဒေသဖြစ်သည်။
တိုက်ခိုက်ခံခဲ့ရသည် မုံရွာ – ရေဦးလမ်းပေါ် ထနောင်းတောရွာနှင့် ဇီးတောရွာကြား အဆိုပါ ဒေသကာကွယ်ရေးအဖွဲ့စစ်ဆေးရေးဂိတ်သည် အဆိုပါ စစ်ဌာနချုပ်နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည်။
ကင်းထောက်ဒရုန်း ရောက်လာပြီး မိနစ်ပိုင်းအကြာတွင် ဗုံးသီးချတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံ တော်လှန်ရေးအဖွဲ့ဝင်များက ဆိုသည်။
ထို့နောက် ဒဏ်ရာရရဲဘော်များကို ဆေးကုသရန် ကျေးလက်ဆေးပေးခန်းသို့ သွားနေချိန်တွင် ဒရုန်းဖြင့် ထပ်မံ ကင်းထောက်ခဲ့ကြောင်း ထိုနေရာတွင် ရှိနေခဲ့သည့် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးကလည်း ပြောသည်။
“ကျွန်တော်ရှိတဲ့နေရာနဲ့ ပေ ၅၀၊ ၆၀ လောက်ပဲ ကွာတာ။ သူတို့ကို ကားစီစဉ်ပေးဖို့ လာတာ။ ဒရုန်းတွေ ဝဲနေတယ်၊ လူစုခွဲလို့ ပြောပြီး မကြာဘူး ၅ မိနစ်ကျော်၊ ၁၀ မိနစ်လောက်အတွင်းမှာ ချသွားတာ” ဟု ၎င်းက ဆိုသည်။
တိုက်ခိုက်မှုကြောင့် ကျေးလက်ဆေးပေးခန်း ထိခိုက်ပျက်စီးသွားပြီး အမိုးများ ပေါက်ပြဲ ပျက်စီးသွားကြောင်း သိရသည်။
“အလယ်တည့်တည့်ကျတာ။ တောင်ဘက်ဆောင်ကလည်း အကုန်စုတ်ပြတ်သွားတာ။ မြေတွေပါ တုန်သွားတာ” ဟု ၎င်းက ဆိုသည်။
ကြည့်ရှုရသော ဓာတ်ပုံများအရ ဆေးပေးခန်းတစ်ခုလုံး ပွင့်ထွက်သွားကာ ရုပ်အလောင်း ၃ လောင်းထက်မနည်း တွေ့ရှိရသည်။
ယနေ့ (ဇူလိုင် ၁၁) ရက် နံနက်တွင်လည်း ဘုတလင်မြို့နယ် ရွာရှည်ရွာကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ရွာလယ် ကွမ်းယာဆိုင်ကို တစ်ကြိမ်၊ စာသင်ကျောင်းကို နှစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။
ဘုတလင်မြို့နယ်အတွင်း စစ်တပ်က ကင်းထောက်ရန်အတွက် ဒရုန်းအသုံးပြုလေ့ရှိသော်လည်း ဗုံးသီးတပ်ဒရုန်းဖြင့် တိုက်ခိုက်ခြင်းမှာ ယမန်နေ့က ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသအခြေစိုက် လှုပ်ရှားသည့်တော်လှန်ရေးအင်အားစုက ဆိုကြသည်။
“သူတို့ကလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုဗျူဟာကို ပြန်သုံးတော့တာပါ့ဗျာ။ ကျွန်တော်တို့က လက်နက်ချင်း မယှဉ်နိုင်တော့ စောစောပိုင်းက ဒရုန်းတွေနဲ့ပဲ သုံးပြီး ချတာလေ။ အဲ့ဒီတုန်းက သူတို့က ဒရုန်းက မရှိသေးဘူးလေ။ မနေ့ကမှ ရှိလာတော့ စပြီး လက်တည့်စမ်းလာတော့တာပဲ” ဟု အထက်ပါ ဘုတလင်မြို့နယ်မှ တော်လှန်ရေးအဖွဲ့ဝင် အမျိုးသားက ဆိုသည်။
လက်နက်အင်အားနည်းပါးသော်လည်း စိတ်အားထက်သန်ကာ နည်းပညာနှင့် ထိတွေ့မှုရှိသည့် တော်လှန်ရေးအင်အားစုက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် ဗုံးတပ်ဒရုန်းကို အားပြုသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ရှမ်းပြည်မြောက်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဒရုန်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတိုက်ခိုက်ရာ စစ်တပ်ဘက်က အထိနာပြီး စခန်းအများအပြား လက်လွှတ်ခဲ့ရသည်။
တရုတ်ထုတ် စိုက်ပျိုးရေးသုံးဒရုန်းများကြောင့် အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့နောက် စစ်တပ်ကလည်း ဒရုန်းအသုံးပြုတိုက်ခိုက်ရန် ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ လက်နက်စက်ရုံများက ဒရုန်းဖြင့် ကြဲချနိုင်သည့် ဗုံးသီးများ ထုတ်လုပ်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားကြသည်။
စစ်ကောင်စီတပ်တွင်လည်း ဒရုန်းကို ပိုမို သုံးစွဲလာသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“စစ်တပ်မှာလည်း ကာကွယ်ရေးအင်အားစုတွေသုံးတဲ့ ပန်ကာလေးလုံးတပ် ၈၁ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီး ပစ်ချလို့ ရလောက်တဲ့အထိ ဒရုန်းတွေကို ကိုင်တွယ်အသုံးပြုလာတာတွေရှိတယ်” ဟု သူက ပြောသည်။
စစ်ကောင်စီတပ်ဘက်က ရှမ်းတောင်ဒေသ၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် ဒရုန်းအသုံးပြုတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာပြီး အရပ်သား ပြည်သူနှင့် တော်လှန်ရေးအင်အားစုများဘက်တွင် ထိခိုက်သေဆုံးမှုများလည်း ရှိလာသည်။
လေကြောင်းပစ်ကူ၊ အဝေးပစ်အမြောက်များဖြင့် တိုက်ခိုက်မှုတို့ကို အားပြုလေ့ရှိသည့် စစ်တပ်က ဒရုန်းကိုပါ ကျယ်ကျယ်ပြန့်ပြန့်သုံးလာခြင်းက တော်လှန်ရေးအင်အားစုများအတွက် အခက်အခဲဖြစ်လာသည်။
ဒရုန်းပစ်လက်နက်များဝယ်ယူရန် ငွေကြေးအင်အား နည်းပါးကြောင်း၊ လက်လှမ်းမမီကြောင်း တော်လှန်ရေးအင်အားစုက ပြောကြသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး လှုပ်ရှား အခြေပြုစဉ် ဒရုန်းရန် ကာကွယ်ရေးအတွက် နည်းလမ်းများစွာ မရှိသေးကြောင်း အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်က ဆိုသည်။
“လောလောဆယ် ဒရုန်းသံကြားရင် လွတ်ရာရှောင်ရတာတို့၊ ဗုံးကျင်းခိုတာတို့ ဒီလောက်ပဲ၊ ဒါပဲ လုပ်နိုင်သေးတာ။ သူတို့ကို အန်တုဗလပြုလို့ မရသေးဘူးဖြစ်နေတာ။ ဒီဒရုန်းမသုံးခင်တုန်းကတော့ ရတယ်။ ခုကတော့ ဒါကြီးသုံးလာတော့ စိုးရိမ်ရေမှတ်ဗျ” ဟု သူက ပြောသည်။