တိုက်လေယာဉ်သံ ကြားရပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကမ္ဘာပျက်မတတ် ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သော တုန်ခါမှုကြောင့် ပဇီကြီးကျေးရွာအနီး ကျွဲကျောင်းနေသူ ဦးမျိုး တုန်လှုပ်ချောက်ချားသွားသည်။
သူ ကျွဲကျောင်းသည့်နေရာမှ မိနစ်ပိုင်းအတွင်း ထိုနေရာသို့ သူရောက်ရှိသွားချိန်တွင် ပေ ၁၀၀ ကျော်မြင့်သည့် မီးခိုးလုံးများ၊ မီးတောက်မီးလျှံများအကြား ခြေ၊ လက် ပြတ်တောက်ကာ လဲကျနေသူများ၊ မီးလောင်ဒဏ်ရာဖြင့် လဲကျနေသူများ၊ ရုပ်အလောင်းများကြားမှ အော်ဟစ် ငိုကြွေးသံများက အသင့်စောင့်ကြိုနေသည်ဟု အသက် ၅၇ နှစ်အရွယ် ဦးမျိုးက ပြောပြသည်။
“ရေတောင်းတဲ့သူတွေနဲ့ ကျွန်တော်တို့ကို မကယ်နိုင်တော့ဘူးလား၊ ကယ်ကြပါဦးဗျာ ဆိုပြီး အဲဒီလိုတွေကြီးပဲ အော်ဟစ်ငိုနေကြတဲ့လူတွေနဲ့၊ သွေးအလိမ်းလိမ်း သွေးရူးသွေးတန်းနဲ့၊ ဟိုတိုက်ဒီတိုက်နဲ့ ပြေးနေကြတဲ့ သူတွေနဲ့ အဲဒီလိုမျိုးတွေဗျ” ဟု ဦးမျိုးက ပြန်ပြောပြသည်။
ဧပြီ ၁၁ နံနက် ၈ နာရီခန့်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၏ အနောက်ဘက် မိုင် ၃၀ ခန့် အကွာရှိ ထိုရွာကို အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်းတစ်ရာကျော် သေဆုံးသွားသည့် မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရသူ ဦးမျိုးက ပြန်လည် ပြောပြနေခြင်း ဖြစ်သည်။
ကန့်ဘလူမြို့၏ အနောက်ဘက် ဧရာဝတီမြစ်ကမ်းအနီးတွင် တည်ရှိသည့် ပဇီကြီးကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး ကျေးရွာအနီးတွင် နိုင်ငံကျော် မဟာဗောဓိမြိုင်ဆရာတော်၏ ဘုန်းတော်ကြီးကျောင်းလည်း တည်ရှိသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲအများအပြားရရှိခဲ့သည့် ရွာလည်း ဖြစ်သည်။
ထိုကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃၀ ကျော် အပါအဝင် အပြစ်မဲ့ပြည်သူ ၁၇၁ ဦး သေဆုံးခဲ့သည်ဟု စာရင်းကောက်ယူနေသည့် ကန့်ဘလူခရိုင် တပ်ရင်း (၃) က အတည်ပြုသည်။ သေဆုံးစာရင်းမှာ တိုး၍သာ လာနေသည်။
စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများထဲမှ သေဆုံးသူများထဲတွင် ပဇီကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ခ) တာဝန်ခံ ဦးလှဦး၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) တာဝန်ခံ ဦးထွန်းရင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဦးမြတ်လင်းတို့ ပါဝင်သည်ဟု သိရသည်။
ဦးမျိုးသည် ရွာခံလူငယ်များဖြစ်သော ကိုဖိုးကျော်နှင့် ကိုမျိုးဝင်းတို့ ခြေ၊ လက်များ ပြတ်တောက်နေပြီး သွေးအလိမ်းလိမ်းကပ်ကာ အကူအညီတောင်းခံနေရင်း သူ့ရှေ့တွင် ပြန်လဲကျသွားသည့် မြင်ကွင်းများကိုလည်း ပြန်လည် မြင်ယောင်နေသည်။
ထို့ပြင် ခြေထောက်တစ်ချောင်းလုံး ပြတ်တောက်ကာ သွေးထွက်လွန်နေသည့် ရွာ၏ ကြေးရတတ် အသက် ၇၀ အရွယ် ဦးမြင့်ဝေက သူ့ခြေထောက်ကို အတင်းဖြတ်ခိုင်းနေသည့် မြင်ကွင်းကိုလည်း သူ့တစ်သက် မေ့ပျောက်နိုင်မည်မဟုတ်ဟု ဦးမျိုးက ဆက်ပြောသည်။
“သူ့ခြေထောက်က အကုန်လုံး တွဲလောင်းကြီး ဖြစ်နေတာကိုးဗျ။ အရိုးတွေက ပြတ်ပြီးတော့ အသားတစ်ဖက်လောက်က တွဲနေတာ။ ကျွန်တော်တို့ကလည်း မဖြတ်ရဲဘူးလေဗျာ” ဟု သူက တုန်ရီနေသည့် အသံဖြင့် ပြောသည်။
ရဟတ်ယာဉ်ဖြင့် ထပ်ပစ်ပြန်
တိုက်လေယာဉ် အသုံးပြု၍ ပစ်ခတ်ခဲ့သည့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၁၀ မိနစ်ခန့်အကြာ ဒဏ်ရာပြင်းထန်သည့် လူနာများကို ပြုစု၊ သယ်ထုတ်နေချိန်တွင် စစ်ရဟတ်ယာဉ်များ ထပ်မံ ရောက်ရှိလာခဲ့ပြီး ပစ်ခတ်ရာ သေဆုံးသူဦးရေ ထပ်မံတိုးလာသည်ဟု ဦးမျိုးက ပြန်ပြောပြသည်။
“ရဟတ်ယာဉ် လာပြီ၊ ရဟတ်ယာဉ် လာပြီဆိုတော့ ကျွန်တော်တို့ကလည်း လူနာတွေကို ပစ်ချပြီးတော့ တံတားလေးအောက်ကို မှောက်နေရတာဗျ။ ရဟတ်ယာဉ်ကလည်း ဂျိမ်းခနဲ၊ ဂျိမ်းခနဲနေတာပဲ။ မြေကြီးတွေဆိုရင်လည်း ထောင်းခနဲ ထောင်းခနဲ နေတာပဲ” ဟု သူက ရှင်းပြသည်။
ရဟတ်ယာဉ်သံ တိတ်သွားပြီးနောက် ပုန်းအောင်းနေသူများ ပြန်လည်ထွက်ခွာလာချိန်တွင် ထိုရဟတ်ယာဉ် ထပ်မံရောက်ရှိလာပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများကို ဦးတည်ပစ်ခတ်ရာ အသက်ဘေးမှ လွတ်မြောက်အောင် ပြေးလွှားခဲ့ရသည်ဟု ဦးမျိုးက ဆက်ပြောသည်။
“ကျွန်တော်တို့က အဲဒီတံတားလေးကနေ မြောင်းကြားလေးထဲ ထွက်ပြေးပြီးတော့ မြောင်းကြားလေးကနေ အိမ်လေးရှိတယ်။ အဲဒီအိမ်လေးရဲ့ အနောက်ဘက်က မြောင်းလေးထဲမှာ ဝပ်ခံနေရတာ။ ပစ်ချက်ကတော့ဗျာ၊ သစ်ပင်တွေကို အကုန်ပျက်ပြီးတော့ ကျောတွေပေါ်ကို ကျတယ်” ဟု သူက ပြောသည်။
ရဟတ်ယာဉ် အသုံးပြုကာ ထပ်မံ ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်ကာ လမ်းမလျှောက်နိုင်သူများ၊ အလောင်းကောက်နေသူများ၊ ဆွေမျိုးသားချင်းများကို ရှာဖွေနေသူများ ထပ်မံထိမှန်ရာ သေဆုံးသူအရေအတွက် ၇၀ နီးပါး တိုးလာသည်ဟု ဦးမျိုးက ခန့်မှန်းသည်။
“အလောင်းကောက်တဲ့သူတွေ တော်တော်လေး ပြန်သေတယ်ဗျ။ ဘာလို့တုန်းဆိုတော့ အလောင်းကောက်တဲ့သူတွေချည်းပဲ မဟုတ်ဘူး၊ ကြောက်ပြီးတော့ မပြေးနိုင်တဲ့သူတွေ ဖြစ်စဉ်ဖြစ်တဲ့ အရှေ့ဘက်လမ်းကြီးရှိတာကို အဲဒီလမ်းရဲ့ ရှေ့ဘက်က ကုန်းပေါ်မှာ အလောင်းကိုက ၆၀၊ ၇၀ လောက် ရှိတယ်” ဟု သူက ပြောသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးမျိုး၏ နှမဖြစ်သူ အသက် ၃၀ အရွယ် မဇော်၊ အသက် ၂၀ အရွယ် ကိုနိုင်မင်းထွန်းတို့လည်း သေဆုံးသွားခဲ့သည်။
အာဏာသိမ်းစစ်တပ်၏ စွပ်စွဲချက်
ထိုရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ရုံးတည်ဆောက်ပြီး ဖွင့်ပွဲလုပ်မည်ဟု သတင်းရသဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု စစ်တပ် ဝါဒဖြန့်ချိရေးသတင်းစာများတွင် ဧပြီ ၁၄ ရက်နေ့က ဖော်ပြထားသည်။
“PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျေးရွာအတွင်း ပြောက်ကျားအခြေပြုရာမှ ရွာအပြင်တွင် တရားဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရုံး ဖွင့်လှစ်ရန် ကြိုးပမ်းလာခဲ့သည်” ဟု စစ်တပ်သတင်းစာက ဆိုသည်။
ပဇီကြီးကျေးရွာမှာ စစ်ကိုင်းမြောက်ခြမ်းနှင့် တောင်ခြမ်းအကြား လက်နက်ခဲယမ်းများနှင့် PDF တပ်ဖွဲ့ဝင်များ စေလွှတ်ရာ လမ်းကြောင်းပေါ်ရှိ အဓိက စခန်းထောက်နေရာဖြစ်သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပဇီကြီးရွာဖြစ်စဉ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဖွင့်ပွဲသာဖြစ်ပြီး လက်နက်ကိုင်တပ်များနှင့် သက်ဆိုင်မှု မရှိကြောင်း၊ ရုံးဖွင့်ပွဲလာသည့် ဒေသခံလူထုကို အစားအသောက်များ ကျွေးမွေးခြင်းသာ ဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
“ပြည်သူလူထုအနေနဲ့ကလဲ တိုင်ပင်ချင်တာ၊ သိချင်တာတွေ ရှိပါတယ်။ အဲဒီနေရာဒေသမှာ ပြည်သူလူထုအတွက် အင်တာနက်တို့၊ ဖုန်းလိုင်းတို့က အရမ်းခက်ခဲပါတယ်။ ဒီရုံးက ငါတို့အတွက် ဘာလုပ်ပေးနိုင်မလဲ၊ ငါတို့အတွက် ဘာတွေလိုအပ်မလဲ ဆိုတာကို အားကိုးတကြီးနဲ့ လာရောက်တိုင်ပင်တဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်” ဟု သူက ပြောသည်။
စစ်ပွဲ၏ ဓားစာခံ ကလေးငယ်များ
ထိုရွာမှ မနီလာ (အမည်လွှဲ) သည် တိုက်ခိုက်မှုအတွင်း သမီးတစ်ဦးနှင့် မိခင်ဖြစ်သူတို့ကို ဆုံးရှုံးလိုက်ရသည်။
ရုံးဖွင့်ပွဲမှ အပြန်လမ်းတွင် သနပ်ခါးအဖွေးသားဖြင့် ပြုံးရွှင်နေသည့် သမီးငယ်နှင့် မိခင်ဖြစ်သူကို နှုတ်ဆက်လိုက်ရခြင်းမှာ နောက်ဆုံးဖြစ်လိမ့်မည်ဟု သူမတွေးမိခဲ့ပေ။
အစားအသောက် ရွေးလွန်းသည့် သမီးဖြစ်သူ ကြိုက်တတ်သည့်ဟင်း မပါဝင်သဖြင့် အိမ်တွင် ထမင်းစားရန် ပြောသော်လည်း အဖော်မင်သည့် သမီးဖြစ်သူက လက်မခံ။ သမီးဖြစ်သူနှင့်အတူ သူ့မိခင်ပါ ရှိနေသဖြင့် သူ စိတ်ချလက်ချ ထားခဲ့မိသည်။
မဏ္ဍပ်မှ မနီလာ ထွက်လာပြီး မကြာမီပင် စစ်တပ်တိုက်လေယာဉ်က ထိုနေရာကို ဦးတည်ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်များရောက်လာကာ ထပ်မံပစ်ခတ်ခဲ့သည်ဟု မနီလာက ပြန်ပြောပြသည်။
“သမီးဘာလုပ်မလို့လဲဆိုတော့ သမီးက ထမင်းစားမလို့တဲ့။ သမီးရယ် မစားပါနဲ့။
ငါ့သမီးစားတဲ့ဟင်း မပါပါဘူးဆိုပြီး ကျွန်မက ပြန်ခေါ်ပါတယ်။ သမီးက မလိုက်ပါဘူး။
ကလေးအဖော်တွေရှိတော့ စားချင်တယ်ဆိုတော့ ကျွန်မ စိတ်မကောင်းလို့ ခူးကျွေးထားခဲ့ပါတယ်။ ကျွန်မလည်း ဆက်နေရင် ကျွန်မလည်း ပါသွားမှာပါ” ဟု မနီလာက ဝမ်းနည်းပက်လက် ပြောပြသည်။
တိုက်ခိုက်ခံရစဉ် ထမင်းစားသည့်နေရာတွင် ကျန်ခဲ့သည့် သမီးနှင့် မိခင်ဖြစ်သူအတွက် စိုးရိမ်သော်လည်း လသားအရွယ် ရင်ခွင်ပိုက်ကလေးငယ်၏ လုံခြုံရေးကို ငဲ့ကာ မနီလာ အသက်လုပြေးခဲ့ရသည်။
“သူ့အဖေက သူ့သမီးကို နှစ်ခေါက်သွားရှာပါတယ်။ ကျွန်မကတော့ ဖြစ်ကတည်းက ကလေးငယ်လေးနဲ့ဆိုတော့ ဒီဘက်ထိရောက်အောင် ပြေးခဲ့ရတာပါ၊ တစ်တိုင်လောက်ထိ၊ ချောင်ဘက်ထဲထိ။ ကျွန်မကတော့ ခုချိန်ထိ ရွာထဲလည်း မရောက်ပါဘူး” ဟု ကလေးကို ဂရုစိုက်နေရသည့် မနီလာက ဆက်ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသည့် ကလေးငယ် ၃၀ ကျော်ထဲတွင် ၃ လသားအရွယ် ကလေးငယ်တစ်ဦး၊ ၇ နှစ်အရွယ် မဇူလိုင်မိုး၊ မအိသိမ့်သွယ်၊ မမေမြတ်သဒ္ဒါခင်၊ မဇင်သူလင်းလက်၊ မနန်းလှိုင်တို့ အပါအဝင် သေဆုံးခဲ့ရသည်။
ကျွဲကျောင်းနေသည့် ဦးမျိုးမှာလည်း အလှူမဏ္ဍပ်သို့ လူစည်ကားချိန် ရောက်မသွားခြင်းကြောင့် ပစ်မှတ်မှ ကင်းလွတ်သွားခြင်း ဖြစ်သည်။ တိုက်ခိုက်ခံရအပြီး ထိုနေရာသို့ ရောက်သွားရာမှ အလောင်းပုံများကြား အော်ဟစ် ငိုကြွေးသံများ၊ ခြေလက်များ ပြတ်တောက်နေသည့် လူမမည်ကလေးငယ်များ၏ အော်ဟစ်ငိုကြွေးသံများက ဦးမျိုးအတွက် ချောက်ချားဖွယ်ရာ အိပ်မက်တစ်ခုကဲ့သို့ပင် တစ်သက်တာလုံး အမှတ်ရနေတော့မည်ဖြစ်သည်။
“မြင်ကွင်းကတော့ ဘယ်လိုမှကို ကြည့်လို့ မကောင်းပါဘူးဗျာ။ ကလေးလေးတွေဆိုလည်း လက်တွေကို ပြတ်တော့မှာ။ ၃ လအရွယ်လေးတွေ၊ အဲဒါလေးတွေ၊ မိဘတွေက ကယ်ပါဦး အစ်ကိုရ ဆိုပြီး အော်ဟစ်နေ ငိုယိုနေကြတာ” ဟု ဦးမျိုးက တုန်လှုပ်စွာ ပြောလိုက်သည်။