သတင်း

မဘိမ်းမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှု ဘုန်းတော်ကြီးအပါအဝင် ၆ ဦး သေဆုံး

KIA အစည်းအဝေးလုပ်သည့်နေရာဟု ယူဆ၍ ဗုံး နှစ်ကြိမ် လာကြဲခဲ့သော်လည်း နေရာမှားယွင်း၍ လူနေကျေးရွာများအပေါ် ဗုံးကြဲချခဲ့ပြီး ဘုန်းကြီးတစ်ပါးအပါအဝင် အမျိုးသား ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ မိုးလုံးရွာကို ယမန်နေ့ (ဧပြီ ၂) ညနေက လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးတစ်ပါးအပါအဝင် အမျိုးသား ၆ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်နှင့် စစ်ကိုင်း နယ်စပ်မျဉ်းအနီး ရွှေလီမြစ်ကမ်းဘေး မဘိမ်းမြို့၏ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသော မိုးလုံးကျေးရွာကို ညနေ ၅ နာရီခန့်တွင် လေတပ်က ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသူများမှာ ဘုန်းကြီးတစ်ပါးနှင့် မိုးလုံးရွာသားများဖြစ်သည့် ဦးတင်ရန်မိုး၊ ဦးနိုင်ဝင်းချို၊ ဦးငလက်မ၊ ဦးချစ်ထွေးနှင့် ဦးဖူဆယ် တို့ဖြစ်ပြီး ၎င်းတို့၏ အသက်အရွယ်နှင့် အသေးစိတ်အချက်အလက်များကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့ပြင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား ၅ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး ရွာနေအိမ်တချို့လည်း မီးလောင် ပျက်စီးသွားသည်ဟု သိရသည်။

လေကြောင်းမှ မတိုက်ခိုက်မီ နာရီပိုင်းအလိုတွင် ထိုရွာမှ မိုင်အနည်းငယ်ဝေးသည့် ကျေးရွာတစ်ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အမှတ် (၁၂) တပ်ရင်းနှင့် ဒေသကာကွယ်ရေးအဖွဲ့များ အစည်းအဝေးလုပ်ခဲ့သည်။

အစည်းအဝေးလုပ်သည့် ထိုသတင်းပေါက်ကြား၍ ဗုံးလာကြဲခြင်းဖြစ်မည်ဟု ယူဆရကြောင်း KIA အမှတ် (၁၂) တပ်ရင်း လက်အောက်ခံ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) မိုးကြိုးစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်မိုးကြိုးက ပြောသည်။

“အဲဒီဘက်မှာ အစည်းအဝေးလုပ်မယ်ဆိုတော့ ကျွန်တော်ကတော့ အစည်းအဝေး မဝင်တော့ဘဲ ပြန်ဆုတ်ခဲ့လိုက်တာ။ အဲဒီမှာ သတင်းပေါက်သွားတာနေမှာ။ ဘာတိုက်ပွဲမှမရှိဘူး ဒီအတိုင်း သွားကြဲလိုက်တာ”

အစည်းအဝေးလုပ်သည့်နေရာမှာ အခြားရွာ ဖြစ်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယမန့်နေ့ ညနေ ၆ နာရီခန့်မှာပင် မိုးလုံးရွာနှင့် မိုင်အနည်းငယ်ခန့်ဝေးသည့် ခွေးဟောင်တုန်းရွာနံဘေး မြစ်ကမ်းသို့ လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့သော်လည်း ထိခိုက်၊ သေဆုံးမှုမရှိဘဲ ဆိုင်ကယ်တစ်စီးသာ ပျက်စီးခဲ့သည်ဟု သိရသည်။

မဘိမ်းမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီးဖြစ်သလို ယခု ဗုံးကြဲခံရသည့် ကျေးရွာများမှာလည်း ဒေသကာကွယ်ရေးတပ်များက ထိန်းချုပ်ထားသည့် ဒေသဖြစ်သည်။

မိုးလုံးရွာ၏ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် ငအိုးရွာတွင် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ (၁၂၁) အခြေစိုက်ပြီး မတ် ၁၁ ရက်က KIA တပ်ရင်း ၁၂ နှင့် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။

ခလရ (၁၂၁) ကို နောက်တစ်ကြိမ် တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေသည့် စစ်ကောင်စီတပ်က အဆိုပါ တပ်ရင်းသို့ စစ်ကူအင်အားတချို့နှင့် လက်နက်၊ ခဲယမ်း၊ ရိက္ခာများကို လေကြောင်းမှ အဆက်မပြတ်ပေးပို့နေသည်ဟု ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

“ငအိုးမှာတော့ ခွေးတပ်က လေယာဉ်နဲ့ ခဏခဏ လာချတယ်။ အခြားဘက်မှာ မသေလို့ ကျန်ခဲ့တဲ့ တပ်တွေကို ငအိုးက ခလရ (၁၂၁) မှာ အင်အား ၆၀ လောက် လာချသွားတယ်။ ဒီနေ့ကကျတော့ ရိက္ခာထုပ်တွေ လာချသွားတယ်” ဟု ဗိုလ်မိုးကြိုးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကိုင်း-ကချင်-ရှမ်းပြည်နယ်မြောက်ပိုင်း နယ်နိမိတ်ဆုံရာ မဘိမ်းမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း မတ် ၇ ရက် ကချင်ထိုးစစ်စတင်ပြီးနောက် ထိုဒေသတွင် တိုက်ပွဲများ ငြိမ်သက်နေခဲ့သည်။

မဘိမ်းမြို့နယ်သည် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး ဒေသတွင်း ဗျူဟာကျသည့်မြို့ဖြစ်ပြီး KIA လက်အောက် ကျရောက်သွားပြီးနောက် ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

ယမန်နေ့က ရခိုင်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း လေကြောင်းမှ ဗုံးကြဲခဲ့၍ ကလေးများအပါအဝင် အရပ်သား ၉ ဦးခန့် သေဆုံးသလို ဒဏ်ရာရသူ ဆယ်ချီရှိခဲ့သည်။

Show More

Related Articles

Back to top button