ဆောင်းပါး

နာလန်ထလောက်ကိုင်၏ မရေရာသောအနာဂတ်

လောက်ကိုင်မြို့နှင့် ကိုးကန့်ဒေသသည် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်သွားသော်လည်း မရေရာမှုများက ကျန်ရှိနေသေးသည်။

ဗြိတိသျှတို့ထံမှ မြန်မာပြည်လွတ်လပ်ရေးရသည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်ကောင်စီအဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်တွင် တခမ်းတနားကျင်းပခဲ့သည်။

ထိုနေ့တစ်ရက်တည်းတွင်ပင် နိုင်ငံအရှေ့မြောက်ဒေသ တရုတ်နယ်စပ် လောက်ကိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်များသည် ကိုးကန့်တပ်ဟု လူသိများသည့် MNDAA နှင့် မဟာမိတ်တပ်များထံတွင် လက်နက်ချအညံ့ခံခဲ့ကြသည်။

လောက်ကိုင်မြို့နှင့် ကိုးကန့်ဒေသသည် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်သွားသော်လည်း မရေရာမှုများက ကျန်ရှိနေသေးသည်။

တရုတ်၏ကြားဝင်စေ့စပ်မှုကြောင့် ဖြစ်လာသည့် အပစ်ရပ်ဆွေးနွေးပွဲများကြောင့် စစ်တပ်သည် ကိုးကန့်ဒေသကို ဝင်မတိုက်ရန် သဘောတူထားသည်ဟု မြောက်ပိုင်းမဟာမိတ်တို့က ဆိုထားသော်လည်း စစ်ကောင်စီက ကိုးကန့်ဒေသ အုပ်ချုပ်သူအပြောင်းအလဲကို အသိအမှတ်ပြုကြောင်း တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

လောက်ကိုင်သည် တစ်ချိန်က လောင်းကစားဝိုင်းအများအပြားဖြင့် စည်းကားခဲ့ပြီး မြန်မာနယ်စပ်မြို့များအနက် ခေတ်အမီဆုံးမြို့ဖြစ်ခဲ့သော်လည်း လက်ရှိတွင် စစ်ပွဲကြောင့် စီးပွားရေးအများအပြား ရပ်တန့်နေသည်။

အုပ်ချုပ်သူအသစ်က လောက်ကိုင်မြို့ထဲမှ ဗမာတန်းဟုခေါ်သည့် နေအိမ်များကို ဖြိုဖျက်နေသည့်အတွက် လူမျိုးရေးခွဲခြားမှုအတွက် မေးခွန်းများလည်း ထွက်လာသည်။ လောက်ကိုင်၏အခြေအနေက နာမကျန်းဖြစ်နေရာမှ နာလန်ပြန်ထရန် အားယူနေသည့် လူမမာနှင့် တူသည်။

အုပ်ချုပ်သူအသစ်အောက်က လောက်ကိုင်

စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီက တင်မြှောက်ထားသည့် ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးအရာရှိများကို ကိုးကန့်ဒေသမှ တိုက်ထုတ်ခဲ့ပြီးနောက် MNDAA သည် ကိုးကန့်ဒေသ၏ အုပ်ချုပ်သူအသစ်ဖြစ်လာသည်။

မြန်မာအမည် “မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်” ဟု ခေါ်သည့် MNDAA ကို ကွယ်လွန်သူ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်၏သား ဖုန်တာရွှင်က ဦးဆောင်သည်။

ကိုးကန့်ဒေသ၏ကံကြမ္မာကို ဖန်းတီးခဲ့ကြသော မင်းအောင်လှိုင်၊ ပယ်ဆောက်ချိန်၊ ဖုန်ကြားရှင်နှင့် သားဖြစ်သူ ဖုန်တာရွှင်

ဖုန်ကြားရှင်နှင့် MNDAA တပ်များသည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲချိန် ၁၉၈၉ မှစတင်ကာ ၂၀၀၉ အထိ စစ်အစိုးရနှင့် အပစ်ရပ်ထားခဲ့ပြီး ကိုးကန့်ဒေသကို ရှမ်းပြည်နယ်အထူးဒေသ (၁) အဖြစ် အုပ်ချုပ်ခဲ့သည်။ အထူးဒေသ (၁) ကို ကိုးကန့်ခရိုင်၊ မုံးကိုးခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်ဆိုသည့် ခရိုင် ၄ ခုဖြင့် ဖွဲ့ထားပြီး လောက်ကိုင်မြို့သည် ကိုးကန့်ခရိုင်တွင် ပါဝင်သည်။

သို့သော် ၂၀၀၉ တွင် စစ်တပ်နှင့် ကိုးကန့်ပြည်သူ့စစ်များ၏ တိုက်ခိုက်မှုကြောင့် MNDAA သည် လောက်ကိုင်နှင့် ကိုးကန့်ဒေသကို စွန့်လွှတ်ခဲ့ရသည်။

ထို့နောက် စစ်ဗိုလ်ချုပ်များစိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် သတ်မှတ်ကာ စစ်တပ်ကို အစဉ်အမြဲသစ္စာခံသည့် ကိုးကန့် ကြံ့ခိုင်ရေးပါတီဝင်များကို အုပ်ချုပ်စေခဲ့သည်။

၁၅ နှစ်အကြာမှ လောက်ကိုင်နှင့် ကိုးကန့်ဒေသကို ခြေကုပ်ပြန်ရခဲ့သည့် MNDAA သည် ဒေသတွင်းတွင် ၎င်းတို့စိတ်ကြိုက် အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကို လုပ်ကိုင်ရန် ပြင်ဆင်နေသည်။

MNDAA သည် ဖေဖော်ဝါရီလ ၂၇ ရက်မှ ၂၈ ရက်အထိ လောက်ကိုင်မြို့တွင် ယခင်စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုသည့် အမည်ပါသော ဆိုင်းဘုတ်များ၊ လောင်းကစားနှင့် ညစ်ညမ်းအဖော်အချွတ်ကြော်ငြာများ၊ တရားမဝင်အဆောက်အအုံများကို ဖြိုဖျက်ခဲ့ကြောင်း ၎င်းတို့၏ Facebook တွင် သတင်းထုတ်ပြန်သည်။

MNDAA သည် ဖေဖော်ဝါရီ ၂၆ ရက်တွင် တရုတ်ဘာသာဖြင့် ကြေညာချက်ထုတ်ပြီးနောက် ဖြိုဖျက်ဖယ်ရှားသည့် လုပ်ငန်းများ စတင်လာခြင်းဖြစ်သည်။

MNDAA ၏ ဖြိုဖျက်ခံရသည့်အထဲတွင် လောက်ကိုင်မြို့၌ ၂၀၁၀ ခုနှစ် မတိုင်မီကတည်းက ရှိခဲ့သော ပေါင်ဖုန်းလမ်းက ဗမာတန်းလည်း ပါဝင်သည်။ ဗမာတန်းသည် MNDAA ကို တည်ထောင်သူဖြစ်သည့် ဦးဖုန်ကြားရှင် လောက်ကိုင်မြို့ကို အုပ်ချုပ်နေစဉ်ကတည်းက ရှိနေသည့် နေရာဟုလည်း လောက်ကိုင်ဒေသခံတချို့က ဆိုကြသည်။

ဗမာတန်းသည် လမ်းနှင့် မလွတ်သလို ယဉ်ကြောပိတ်ဆို့မှုများဖြစ်သဖြင့် ဖယ်ရှားမည်ဟု MNDAA ဘက်က အိမ်ပိုင်ရှင်များကို မတ်လ ၉ ရက်တွင် အကြောင်းကြားခဲ့ပြီး မတ်လ ၁၇ ရက်တွင် မြေတူးစက်ကြီးများဖြင့် စတင်ဖြိုဖျက်သည်။

လောက်ကိုင်မြို့မှ ဗမာတန်းကို Google Earth မှ မြင်ရစဉ်။

ဗမာတန်းဟု နာမည်တွင်နေသော်လည်း အဆိုပါ လမ်းသည် ရခိုင်၊ ဗမာ၊ ကိုးကန့်၊ ရှမ်း၊ ပအိုဝ်း စသည့် လူမျိုးစုံနေထိုင်ကြသလို ဖုန်းနှင့် စာရေးကိရိယာဆိုင်၊ ငွေထုတ်ငွေလွှဲဆိုင်၊ ဘီယာဆိုင်၊ ရွှေဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ ဒံပေါက်ဆိုင်နှင့် ကားအပိုပစ္စည်း စသည့် ဆိုင်များရှိသည်။

၂၀၁၀ ခုနှစ်ကတည်းက ဗမာတန်းကို ရောက်လာပြီး ဆိုင်တစ်ဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကျောင်းလုပ်နေသူတစ်ဦးနှင့် Myanmar Now က စကားပြောခွင့်ရသည်။

သူနှင့် သူ့မိသားစုသည် ဗမာတန်းအနီးတွင် ဆိုင်ငှားပြီး ဈေးအရောင်းသည့်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။

၁၀ စုနှစ်တစ်ခုကျော်ကာလအတွင်း သူတို့၏လုပ်ငန်းသည် အောင်မြင်လာပြီး ဗမာတန်းတွင် အထပ်မြင့်တိုက်အိမ် ဆောက်လုပ်ကာ လုပ်ငန်းကို တိုးချဲ့လာနိုင်ခဲ့သည်။

လောက်ကိုင်တွင် စစ်ပွဲများဖြစ်လာသောအခါ သူတို့လည်း အများနည်းတူ စစ်ရှောင်ရသည်။

စစ်ပြီး၍ လောက်ကိုင်ကိုင်ကို ပြန်လာပြီးနောက် မူလလုပ်ကိုင်ခဲ့သည့် အရောင်းလုပ်ငန်းကို ပြန်လုပ်ရန် ဆိုင်ကို အကျအန ပြင်ဆင်သည်။

ထိုသို့ပြင်ဆင်ခဲ့သော်လည်း ၎င်းတို့ဆိုင်ပါဝင်သည့် ဗမာတန်းကို MNDAA က ဖျက်ပစ်မည်ဟု အသိပေးလာသောအခါ သူ့အနေနှင့် မစားနိုင်မသောက်နိုင်ဖြစ်သည်အထိ ဝမ်းနည်းကြေကွဲရသည်။

၎င်းက “ဆက်ကိုရှင်သန်ချင်စိတ်မရှိတော့တာ။ သိန်းပေါင်းများစွာရင်းနှီးခဲ့တဲ့ မျှော်လင့်ချက်တွေအကုန်လုံးကို ရိုက်ချိုးလိုက်သလိုပဲ။ လောက်ကိုင်မှာကို ဆက်နေလိုစိတ်ကို မရှိတော့တာ” ဟု Myanmar Now ကို ပြောသည်။

ဗမာတန်းသည် ပေ ၈၅၀ ကျော် ရှည်သည်။ Google Map တွင် ကြည့်လျှင် လောက်ကိုင် တရုတ်ကျောင်းထိပ်မှ လောက်ကိုင်ဘွားတော်ဆိုသည့် အိမ်အထိ ဖျက်မည့်အထဲ အကျုံးဝင်ကြောင်း လောက်ကိုင်မြို့ဗမာတန်းအနီးတွင် နေထိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ငါးထပ် ခြောက်ထပ်အမြင့်ရှိ အဆောက်အအုံ ၁၀ လုံးထက်မနည်းရှိပြီး အိမ်ခြေ ၆၀ နီးပါးရှိသည်။

အိမ်ပိုင်ရှင်များကမူ ဗမာတန်းကို MNDAA ဘက်က လျော်ကြေးသော်လည်းကောင်း၊ နေရာသော်လည်းကောင်း အစားပြန်ပေးစေလိုကြောင်း Myanmar Now ကို ပြောသည်။ MNDAA ဘက်ကမူ နစ်နာကြေးတစ်စုံတစ်ရာ မပေးဘဲ ဖြိုဖျက်နေပြီဖြစ်သည်။

MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းကမူ ဗမာတန်းကို ဖျက်ခြင်းသည် ဒေသဖွံ့ဖြိုးရေးအတွက်ဖြစ်သည်ဟု အကြောင်းပြသည်ဟု သတင်းမီဒီယာတချို့က ဖော်ပြသည်။

လောက်ကိုင်တွင် ယခင်က ဗမာဖုန်းလိုင်းရသော်လည်း လက်ရှိတွင် တရုတ်ဖုန်းလိုင်းသာ ရသည်ဟု လောက်ကိုင်မြို့တွင် နေထိုင်သူတချို့ထံမှ သိရသည်။ နေရာအများစုတွင် လျှပ်စစ်မီးမရသေးပေ။

ဗမာတန်း၏ မြောက်ဘက်တွင် ရှိသည့် လောက်ကိုင်ပြည့်သူ့ဆေးရုံကိုမူ MNDAA တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားပြီး ဆေးရုံ၏ အနောက်ဘက်ရှိ နယ်စပ်ရေးရာဦးစီးဌာနရုံးကိုလည်း MNDAA ဘက်က ဖြိုထားသည်ဟု လောက်ကိုင်မြို့ဒေသခံတချို့ကဆိုသည်။

လောင်းကစားမြို့တော် လောက်ကိုင်တွင် ကာစီနိုများတော့ ပြန်မဖွင့်သေးပေ။

အသေးစားအရောင်းအဝယ်လုပ်ငန်းများ စတင်လည်ပတ်နေသည်ဟု လောက်ကိုင်မြို့ဒေသခံတစ်ဦးက ပြောသည်။

လောက်ကိုင်မြို့ဒေသခံ အမျိုးသားက “လောက်ကိုင်မြို့အခြေအနေကတော့ ရင်းနှီးမြှုပ်နှံသူမရှိတဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ပြန်မစနိုင်ဘူး။ အခုလက်ရှိက စားဝတ်နေရေးအတွက် ဈေးထဲမှာတော့ အရောင်းအဝယ် ပြန်စတယ်။ ခေါက်ဆွဲဆိုင်၊ ထမင်းဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ကားဝပ်ရှော့ အဲဒါမျိုးတွေပဲ ပြန်တွေ့ရတယ်” ဟု ဆိုသည်။

လောက်ကိုင်မြို့တွင်းမှ အလုပ်သမားတစ်ဦးကို ၂၀၂၃ နိုဝင်ဘာက တွေ့ရစဉ် (ဓာတ်ပုံ – ကိုးကန့်သတင်း)

လောက်ကိုင်ကို မြန်မာနိုင်ငံထဲရှိ အခြားဒေသများမှ လူများ လာမည်ဆိုပါကလည်း လောက်ကိုင်တွင် နေထိုင်သည့် အလုပ်ရှင်ဖြစ်သူက ထောက်ခံချက်ပေးရသည်။

အဓိကအားဖြင့် မည်သည့်နေရာက မည်သည့်လုပ်ငန်းတွင် အလုပ်လုပ်မည်ဆိုသည့် အချက်အပါအဝင် အလုပ်သမားသည် စစ်ကောင်စီ၏ ထောက်လှမ်းရေးမဟုတ်ဟု အလုပ်ရှင်ဘက်က အာမခံပေးရခြင်းဖြစ်သည်။

ထို့ပြင် MNDAA အာဏာပိုင်များက အသိအမှတ်ပြုသည့် ၁ လသက်တမ်းရှိ နေထိုင်ခွင့်ကတ်ပြားလုပ်ရသည်။

အောက်ခြေ MNDAA တပ်ဖွဲ့ဝင်များကမူ မြန်မာနိုင်ငံ၏ အခြားဒေသမှ လာသူများကို စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းခွင့်မပေးဘဲ တားမြစ်သည်များရှိကြောင်း လောက်ကိုင်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

၎င်းက “သူဌေးက ထောက်ခံချက်ပေးရင် တက်လို့ရတယ်ဆိုလို့ ထောက်ခံချက်ယူပြီးတက်ရင်တောင်မှ လက်ရှိ အောက်မှာ တာဝန်ယူဂိတ်စောင့်နေတဲ့အဖွဲ့တွေက သူတို့ကိုးကန့်ရဲ့ လောက်ကိုင်ကနေ ထုတ်ပေးတဲ့ တရုတ်လိုရေးတဲ့ ထောက်ခံချက်စာကို ငါတို့မဖတ်တတ်ဘူး။ မင်းတို့ဗမာတွေကို ပေးမတက်ဘူးဆိုပြီး လုပ်တာ” ဟု ဆိုသည်။

စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် တယ်လီဂရမ်ချန်နယ်များတွင်လည်း MNDAA ဘက်က ဗမာတန်းဖျက်သည့် ကိစ္စအပေါ် လူမျိုးရေးအရ လုပ်ဆောင်သည်ဟု ဝါဒဖြန့်ချိမှုများရှိသည်။

MNDAA ပြောရေးဆိုခွင့်ရှိသူကမူ ဗမာဆိုသည့် လူမျိုးရေးကို အခြေခံပြီး ဗမာတန်းကို ဖျက်နေခြင်းမဟုတ်ဟု တုံ့ပြန်ထားသည်။

လောက်ကိုင်မြို့ကို သွားမည်ဆိုလျှင် လားရှိုး – သိန္နီ- ကွမ်းလုံလမ်းသည် လက်ရှိတွင် သုံး၍မရပေ။

လားရှိုး – မိုင်းယော် – ကွမ်လုံလမ်း သို့မဟုတ် လားရှိုး-တန့်ယန်း- ပန်ဆန်း – နမ့်တစ်- ချင်းရွှေဟော် လမ်းကိုသာ ခရီးသည်များ အဓိကအသုံးပြုနေရကြောင်း လောက်ကိုင်သို့ ခရီးသည်ပို့ဆောင်ပေးသည့် ကားဂိတ်တစ်ခုတွင် အလုပ်လုပ်နေသူထံမှ သိရသည်။

လားရှိုး-မိုင်းယော်- ကွမ်လုံလမ်းအတိုင်း သွားမည်ဆိုပါက လမ်းတွင် စစ်ကောင်စီတပ်ဂိတ် အပါအဝင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) ၊ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် MNDAA ထိန်းချုပ်ထားသည့် စစ်ဆေးရေးဂိတ်ပေါင်း ၃၅ ဂိတ်ထက်မနည်းကို ဖြတ်ရကြောင်း လောက်ကိုင်မြို့တွင် နေထိုင်သည့်အမျိုးသားတစ်ဦးက ဆိုသည်။

၎င်းက “အရင်စစ်ပွဲမဖြစ်ခင်က ကားခက ၅ သောင်း လောက်ပဲ ရှိတာ။ အခုက ၄ သိန်းကနေ ၆ သိန်းအထိ ဖြစ်နေတယ်” ဟု ဆိုသည်။

ယခင်က လောက်ကိုင်တွင် ဆန်အကြမ်းတစ်အိတ်ကို ယွမ် ၃၀၀ ခန့်ရှိရာမှ ယခုအခါတွင် ယွမ် ၆၀၀ ခန့်ဖြစ်နေသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ‌လောက်ကိုင်မြို့ကို MNDAA က ဝိုင်းရံတိုက်ခိုက်သည့်အခါတွင် လောက်ကိုင်မြို့မှ ထွက်ပြေးသူ ဒေသခံစစ်ရှောင် သောင်းချီရှိပြီး လက်ရှိတွင် စစ်ဘေးရှောင်အားလုံးနီးပါး လောက်ကိုင်သို့ ပြန်လာနေကြပြီဖြစ်သည်။

လောက်ကိုင်တွင် တရုတ်ဘာသာဖြင့် သင်သည့် စာသင်ကျောင်း၊ MNDAA တည်ထောင်သူ ဦးဖုန်ကြားရှင်အထိမ်းအမှတ် စာသင်ကျောင်းနှင့် တရုတ်ဘာသာစကားပြောဆေးရုံများ ပြန်ဖွင့်နေပြီဖြစ်သည်။

လောက်ကိုင်မြို့တွင် နေထိုင်သူတစ်ဦးကို အာဏာသိမ်း စစ်ကောင်စီလက်အောက်က လွတ်မြောက်သွားသဖြင့် ပျော်ပါသလားဟု Myanmar Now က မေးမြန်းကြည့်ရာ ၎င်းက ယခုလို ဖြေသည်။

“ကိုးကန့်ဒေသခံတွေကတော့ အရင်ကထက် လွတ်လွတ်လပ်လပ်နေရပြီဆိုပြီး ပျော်နေတာပေါ့။ မြန်မာပြည်ထဲက လာတဲ့သူတွေကျ လုပ်စားဖို့လည်း အဆင်မပြေ၊ နေထိုင်စားရိတ်ကလည်း ကြီးတော့ ဒုက္ခရောက်တာပေါ့” ဟု ဆိုသည်။

Show More

Related Articles

Back to top button