သတင်း

စစ်အုပ်ချုပ်ရေးကြေညာထားသည့် မိုးမိတ်သို့ ပြန်ရန် ဒေသခံများစိုးရိမ်

ရှမ်းပြည်နယ် မိုးမိတ်မြို့တွင် နေအိမ်အများစု မီးလောင်ထားကာ စစ်အုပ်ချုပ်ရေးလည်း ကြေညာထားသဖြင့် ဒေသခံအများစု နေရပ်မပြန်နိုင်ကြသေးပေ။

စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီး စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့ပေါ်တွင် ပြန်လည်နေထိုင်ကြရန် ဖိတ်ခေါ်နေသော်လည်း မြို့ပေါ်ရှိ နေအိမ်အများအပြား မီးလောင်ပြာကျထားပြီး စစ်တပ်ရန်ကြောင့် အများစုမှာ နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီ ၁၈ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှစ်ခုနှင့် မြို့ပေါ်ရဲစခန်းတို့ကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပြင်ရှိ စစ်စခန်းများကို ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သည်။

ထိုစဉ်ကတည်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့လယ်ရှိ အဆောက်အအုံအများအပြား မီးလောင်ပြာကျခဲ့ကာ ဇန်နဝါရီ ၂၅ ရက်နေ့တွင် တော်လှန်ရေးအင်အားစုက ဆက်လက် ထိုးစစ်ဆင်ခြင်း မပြုဘဲ ပြန်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီက မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။

မိုးမိတ်မြို့အတွင်းသို့  ဝင်ရောက်နေရာယူသည့် အဖွဲ့များကို တိုက်ခိုက်ချေမှုန်းပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ထိုစဉ်က စစ်ကောင်စီအာဘော်သတင်းစာများတွင် ဖော်ပြခဲ့ကြသည်။

ထို့နောက် စစ်ကောင်စီက မိုးမိတ်မြို့နှင့် မဘိမ်းမြို့တို့ကို ဖေဖော်ဝါရီ ၂၈ တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ 

နေအိမ်အများစု မီးလောင်ကျွမ်းထားသလို စစ်တပ်ကလည်း လုံခြုံရေးတင်းကျပ်သောကြောင့် နေရပ်မပြန်နိုင်ကြသေးဟု မိုးမိတ်စစ်ရှောင်စခန်းတစ်ခုမှ တာဝန်ခံ အမျိုးသားတစ်ဦးက ပြောသည်။

“စကစက မြို့ထဲ ပြန်နေဖို့ ခေါ်တယ်။ ဒါပေမဲ့ သွားနေတဲ့သူတွေက ညနေ ၆ နာရီဆို ဘယ်မှ မထွက်ရသလို ကိုယ့်အိမ်ထဲမှာ မီးလည်း ထွန်းခွင့်မရှိဘူး” ဟု သူက ဆိုသည်။

စစ်ကောင်စီက မိုးမိတ်မြို့အဝင်အထွက် စစ်ဆေးမှု တင်းကျပ်ထားပြီး ညနေ ၆ နာရီမှ စပြီး မြို့တွင်း ကင်းလှည့်နေသည်ဟု ပြောသည်။

မိုးမိတ်မြို့တွင် မြို့မစျေးကြီးနှင့် မြို့ပေါ်အိမ်ခြေ ၃၀၀ ခန့် မီးလောင်ပြာကျထားသည်။​

လက်ရှိ မိုးမိတ်မြို့ပေါ်ရပ်ကွက်များသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသူ မိသားစု ၅၀ ခန့်သာ ရှိသည်ဟု သိရသလို မြို့ခံလူဦးရေ တစ်ထောင်ကျော်ခန့်သည် နီးစပ်ရာလုံခြုံသည့်ကျေးရွာနှင့် တောတောင်များအတွင်း အချိန် နှစ်လခွဲကျော်ကြာ တိမ်းရှောင် ခိုလှုံနေကြဆဲဖြစ်သည်။

မိုးမိတ်မြို့ခံစစ်ရှောင်များက လုံခြုံရေးအရ ၎င်းတို့ တိမ်းရှောင် ရောက်ရှိနေသည့်နေရာကို ထုတ်ဖော် ပြောဆိုလိုခြင်းမရှိဘဲ တအာင်းအမျိုးသမီးအဖွဲ့အစည်းတစ်ခုက လာရောက်ထောက်ပံ့ခဲ့ဖူးပြီး လတ်တလောတွင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်၊ ဆီ၊ ဆားများ လိုအပ်နေကြောင်း ပြောသည်။

မြို့ခံတချို့ကလည်း မန္တလေးကဲ့သို့သော မြို့ကြီးများအထိ သွားရောက် တိမ်းရှောင်နေကြသည်။

ယခင် ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလက အသုံးပြုခဲ့သည့် ယာယီစျေးဟောင်းတွင် စျေးသည်တချို့ ဆိုင်ဖွင့်ရန် စီစဉ်နေသည်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အွန်လိုင်းလူမှုကွန်ရက်ဓာတ်ပုံများတွင် တွေ့ရသည်။ ယခုအခါ ထိုနေရာတွင် စျေးရောင်းစျေးဝယ် လွန်စွာ နည်းပါးနေသေးသလို မြို့တွင်း အလုပ်အကိုင်များလည်း ကင်းမဲ့နေကြောင်း မြို့တွင်းနေသူတချို့ကို ကိုးကား၍ ၎င်းစစ်ရှောင်များက ဆိုသည်။

တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကတည်းက မြို့တွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး တယ်လီဖုန်း လိုင်းများလည်း ဖြတ်တောက်ခံထားရသည်၊ သောက်သုံးရေအတွက် အဝီစိရေတွင်းများကို အားပြု နေကြရသည်ဟု သိရသည်။

မိုးမိတ်မြို့အနီး KIA နှင့် တအာင်းတပ် (TNLA) တို့ သီးခြားစစ်ရေးလှုပ်ရှားနေပြီး စစ်ကောင်စီဘက် ကလည်း ပြီးခဲ့သည့် ရက်အနည်းငယ်က မြို့အနီးတဝိုက်ကို လက်နက်ကြီးများနှင့် မကြာခဏ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မဘိမ်းနှင့် မိုးမိတ် တည်နေရာပြ မြေပုံ။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မိုးမိတ်မြို့မှ မဘိမ်းမြို့ဘက်အထွက် ရွှေဇာလီကျေးရွာ၊ မြို့နှင့် ၇ မိုင်ခန့် အကွာရှိ ကျောက်တောင်ကျေးရွာ၊ မြို့အရှေ့ဘက် အာသံကျေးရွာ၊ မြို့တွင်းနေရာတချို့နှင့် မြို့အဝင် ၂ မိုင်ခန့် အကွာတွင် ရှိသော မိုးမိတ်ဗျူဟာတပ်စခန်းများတွင် အင်အား ရာနှင့်ချီပြီး တပ်စွဲထားသည်ဟု သိရသည်။

မိုးမိတ်ဒေသတစ်ခုလုံး ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ မိုးမိတ်ဗျူဟာတပ်စခန်းအတွင်း ခြေလျင်တပ်ရင်း ၃ ခု၊ အမြောက်တပ်စုများရှိသည်။

မိုးမိတ်မြို့သည် မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ၂၈ မိုင်သာ ကွာဝေးပြီး မြန်မာပြည်အလယ်ပိုင်းမှ ခုခံတော်လှန်စစ်ပွဲများအတွက် စစ်ရေးအရ အရေးပါသည့်လမ်းကြောင်းပေါ်တွင် တည်ရှိသည်။

လူဦးရေ ၆၇၀၀၀ ကျော် နေထိုင်သည့် မိုးမိတ်-ဗန်းမော်လမ်းပေါ်ရှိ မိုးမိတ်မြို့သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ရှမ်းမြောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင်တို့နှင့် နယ်မြေထိစပ်နေပြီး စစ်ရေးအရလည်း အချက်အချာကျသည်။

ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ မိုးမိတ်မြို့နယ်တိုက်ပွဲများအတွင်း အရပ်သား ၂၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သည်၊ ၎င်းတို့အနက် ၁၇ ဦးမှာ တပ်မ (၉၉) လက်အောက်ခံ စစ်သားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု ၁၉၉၀ ကတည်းက စတင်ဖွဲ့စည်းခဲ့သည့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဖေဖော်ဝါရီ ၂၇ တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မိုးမိတ်မြို့တိုက်ပွဲများအတွင်း KIA နှင့်အတူ  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

မိုးမိတ်မြို့သည် KIA ၏ စစ်ဒေသတွင် ပါဝင်ခြင်း မရှိသော်လည်း PDF များနှင့်အတူ ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး TNLA ကမူ မိုးမိတ်ဒေသကို ၎င်းတို့၏ တပ်မဟာ ၃ စစ်ဒေသအဖြစ် သတ်မှတ်ထားသည်။

၁၉၇၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏တပ်က မိုးမိတ်မြို့ကို စီးနင်းခဲ့ဖူးပြီး ထိုစဉ်က လေတပ်ရောက်လာပြီး တိုက်ခိုက်သဖြင့် ပြန်လည် ဆုတ်ခွာသွားသည်။

TNLA ရုံးစိုက်ရာ နမ့်ဆန်မြို့နှင့် ကပ်လျက်တည်ရှိနေကာ မိုးမိတ်မြို့သိမ်းတိုက်ပွဲကို TNLA ဖော်ဆောင်လာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ယူဆထားကြသော်လည်း TNLA က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အလားတူ ရွှေလီမြစ်အရှေ့ဘက်ခြမ်း၊ မိုးမိတ်မြို့မြောက်ဘက် ၃၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် မဘိမ်းမြို့ကိုလည်း ယင်းလ ၂၁ ရက်က KIA , ABSDF, PDF နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သော ပူးပေါင်းတပ်က သိမ်းယူထားပြီး လက်ရှိအချိန်ထိ သိမ်းပိုက်ထားသည်။

မကြာသေးခင် (ဧပြီ ၂) ညနေက ရှမ်းပြည်နယ်နှင့် စစ်ကိုင်း နယ်စပ်မျဉ်းအနီး ရွှေလီမြစ်ကမ်းဘေး မဘိမ်းမြို့၏ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ကျေးရွာကို လေတပ်က ဗုံးကြဲခဲ့ရာ ဘုန်းကြီးတစ်ပါးအပါအဝင် အမျိုးသား ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့သည်။

Show More

Related Articles

Back to top button