
စစ်ကောင်စီက လေကြောင်းမှ ပြင်းပြင်းထန်ထန် ခုခံနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဘိမ်းမြို့ကို တော်လှန်ရေးအင်အားစုများ သိမ်းယူခဲ့ပြီး နယ်မြေတစ်ဆက်တည်းဖြစ်သည့် မိုးမိတ်မြို့တွင်ပါ တိုက်ပွဲများပြင်းထန်နေရာ အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။
ရွှေလီမြစ်အရှေ့ဘက်ခြမ်း၊ မိုးမိတ်မြို့မြောက်ဘက် ၃၅ မိုင်ခန့်အကွာတွင် တည်ရှိသည့် မဘိမ်းမြို့တွင် အခြေစိုက်သော စစ်ကောင်စီတပ်စခန်းနှစ်ခုကို ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၁ တွင် မြို့ကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
မဘိမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးအဖွဲ့များမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ဖြစ်သည်။
နိုင်ငံအလယ်ပိုင်းမှ ကချင်ပြည်နယ်သို့ တိုက်ရိုက်ဆက်သွယ်ထားသော မန္တလေး – မိုးမိတ် – ဗန်းမော် – မြစ်ကြီးနားလမ်းပေါ်ရှိ ထိုမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အထက်ပါအဖွဲ့များက အတည်ပြုထားသည်။
“မဘိမ်းသိမ်းတာတော့ ကြားပါတယ်။ ပြည့်ပြည့်စုံစုံ အောက်ခြေ (မြေပြင်)သတင်းတွေကတော့ မကြားရသေးဘူး။ နယ်မြေရှင်းလင်းရေးလုပ်နေတယ်ဆိုတာလောက်ပဲ ကြားရပါတယ်” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မဘိမ်းမြို့ကို စီးနင်းတိုက်ခိုက်စဉ် စစ်ကောင်စီက လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲချခဲ့သည်၊ မဘိမ်းမြို့ရဲစခန်းရှိ လက်နက်ကိုင် အင်အား ၃၀ ခန့်မှာ အညံ့မခံသဖြင့် စီးနင်းတိုက်ခိုက်သိမ်းယူခဲ့သည်။
အမှတ် ၂၂၃ ခြေလျင်တပ်ရင်း၏ တပ်စခန်းတစ်ခုကိုလည်း သိမ်းခဲ့သည်ဟု ABSDF ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“၂၀ ရက်နေ့ တစ်နေကုန်တိုက်ရပါတယ်။ ၂၂၃ ကျပြီးတော့ ရဲစခန်းမှာရှိတဲ့ အင်အားကိုလည်း တိုက်ရပါတယ်” ဟု သူက ဆိုသည်။
“လေကြောင်းတိုက်ခိုက်မှုလည်း တစ်နေကုန်လုပ်ပါတယ်။ အားလုံးပေါင်း အလုံးရေ ၁၀၀ လောက်တောင် ကြဲတယ်”

လေကြောင်းတိုက်ခိုက်အတွင်း အရပ်သားထိခိုက်မှု၊ ရဲစခန်းအပါဝင် မြို့ပေါ်အိမ်ခြေအများအပြား ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း အသေးစိတ်အခြေအနေ မသိရသေးဟု အထက်ပါ တာဝန်ခံက ပြောသည်။
မဘိမ်းမြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် မြို့လှ PDF တပ်ဖွဲ့၏ စစ်ကြောင်းမှူး ဗိုလ်မိုးကြိုးက မြို့ကို ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၈ နာရီခန့်ကတည်းက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၀ ဦးထက်မနည်း ရခဲ့သည်၊ ၎င်းတို့တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တပ်ရင်းမှူးအပါဝင် ထိခိုက်သေဆုံးသူများပြားကြောင်း၊ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားအများအပြားရှိကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရပ်သား ထိခိုက်သေဆုံးမှုများနှင့် မြို့ထိခိုက်ပျက်စီးမှုအခြေအနေကို လတ်တလောတွင် သီးခြားအတည်မပြုနိုင်သေးပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့သည် မြောက်ဘက်တွင် ကချင်ပြည်နယ် မန်စီ၊ ဗန်းမော်၊ ရွှေကူ၊ စစ်ကိုင်းတိုင်း ကသာ၊ ထီးချိုင်နှင့် တောင်ဘက်တွင် မိုးမိတ်မြို့၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တို့နှင့် နယ်မြေချင်း ထိစပ်လျက်ရှိသည်။
ဇန်နဝါရီ ၂၀ ရက်တွင် မဘိမ်းမြို့ကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့စဉ် ဒေသခံ ၃၀၀ ခန့်မှာ မြို့တွင်း ပိတ်မိနေခဲ့ပြီး နောက်တစ်နေ့တွင် ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေသဖြင့် မြို့အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း တိမ်းရှောင်နေသည့် မြို့ခံတစ်ဦးက ပြောသည်။
“ဂျက်ဖိုက်တာ နှစ်စီးနဲ့ ပစ်တယ်။ Y12 လို့ ခေါ်မလား တော်တော်လေး အသံမည်တဲ့ဟာက ပိုဆိုးတယ်။ မြို့ပေါ်ကို နာရီဝက်လောက်ကြာအောင် ဝဲရင်း စိတ်ကြိုက် ဗုံးချတာ။ ဂျက်ဖိုက်တာက ပစ်ချပြီး ပြန်သွားတာ။ ဝဲပြီးချတဲ့ကောင်က တောက်လျှောက်ဗုံးချနေတာ။ အရပ်သားအသေအပျောက်သတင်းတော့ မရသေးဘူးဗျ”

မိုးမိတ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ
ယခုလ ၁၈ ရက်နေ့ကတည်းက မဘိမ်းမြို့တောင်ဘက် မိုးမိတ်မြို့တွင်လည်း တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုက မြို့သိမ်းနိုင်ရေး ထိုးစစ်ဆင်နေသည်။
မိုးမိတ်မြို့တွင်လည်း နှစ်ဖက်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်ဟု KIA ဗိုလ်မှူးကြီးနော်ဘူက ဆိုခဲ့ပြီး အသေးစိတ်သတင်းအချက်အလက်မရသေးကြောင်း ပြောသည်။
မိုးမိတ်တွင် စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၃၄၈၊ ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) အမှတ် ၂၁ ၏ ဗျူဟာတစ်ခုအပြင် ခြေလျင်တပ်ရင်း (ခလရ) များဖြစ်သော အမှတ် ၂၂၃ နှင့် ၂၇၆ တို့ ခြေကုပ်ယူထားသည်။
မြို့ကို KIA,PDF ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားကာ ထိခိုက်ဒဏ်ရာရသူများကို ဆေးကုပေးနေကြောင်း အသက် ၆၈ နှစ်အရွယ် မိုးမိတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“မြို့ထဲမှာ စစ်တပ်က မရှိတော့ဘူး။ KIA နဲ့ PDF က မြို့ထဲက ဒဏ်ရာရတဲ့သူတွေကို လိုက်ကယ်နေတယ်။ မီးလောင်တဲ့ နေရာတွေကို လိုက်ပြီးတော့ ငြှိမ်းနေတယ်” ဟု ဇန်နဝါရီ ၂၀ တွင် မြို့ပေါ်မှ ထွက်ပြေး တိမ်းရှောင်လာသည့် ၎င်းက ဆိုသည်။
ထိခိုက်ဒဏ်ရာရ အရပ်သားများကို ဆေးကုသမှုပေးလျက်ရှိသလို ပိတ်မိနေသူများကိုလည်း လိုက်လံရှာဖွေနေသည်ဟု ယနေ့ ဇန်နဝါရီ ၂၃ နံနက်ပိုင်း မိုးမိတ်မြို့မှ ထွက်ပြေးလာသူများကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။
“သေတဲ့သူက အများကြီးရှိနိုင်တယ်။ လောလောဆယ် သူမြင်ခဲ့တာ ၇ ယောက်ရှိတယ်တဲ့။ KIAနဲ့ PDF သယ်ထုတ်နေတာ” ဟု ၎င်းက ပြောသည်။
ABSDF ပြန်ကြားရေးတာဝန်ခံက မိုးမိတ်တိုက်ပွဲအတွင်း အရပ်သားအများအပြား ပိတ်မိနေဆဲဖြစ်ပြီး အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ဆိုသည်။
“စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့မစျေး မီးလောင် ပျက်စီးတာမျိုးတွေ၊ နေအိမ်ပျက်စီးတာတွေလည်း ရှိပါတယ်။ အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ရှမ်း၊ တအာင်း/ပလောင်၊ ကချင်တိုင်းရင်းသားများလည်း နေထိုင်သော မိုးမိတ်မြို့နယ်အတွင်း တော်လှန်ရေးတပ်များ ဝင်လာချိန်တွင် စစ်တပ်က ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။
မြို့လယ်ရှိ စျေးနှင့် အဆောက်အအုံ အများအပြားမှာ မြို့ပြင်ရှိ စစ်စခန်းများ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုတို့ကြောင့် ပျက်စီး၊ မီးလောင်ထားသည်ဟု ဒေသခံတို့က အတည်ပြုသည်။
စစ်ကောင်စီကမူ ၎င်းတို့၏လက်ချက်မဟုတ်ဟု သတင်းထုတ်ပြန်ထားသည်။

မိုးကုတ်မြို့အရှေ့မြောက်ဘက် ၂၈ မိုင်ခန့်အကွာတွင် တည်ရှိပြီး မကြာသေးခင်နှစ်များအတွင်း ခရိုင်မြို့ ဖြစ်လာသော မိုးမိတ်မြို့ကို ဇန်နဝါရီလဆန်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ်မတော် (TNLA) က စတင်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲသည် AA, TNLA နှင့် ကိုးကန့်တပ် (MNDAA) တို့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
တိုက်ပွဲကြောင့် မြို့ခံအများအပြား ပိုမိုလုံခြုံမည့် ဒေသသို့ ပြောင်းရွှေ့သွားကြသည်။
ထို့နောက် မြောက်ပိုင်း ၃ ဖွဲ့က တရုတ်ကြားဝင်မှုကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဟိုင်ဂင်ဟိုတယ်တွင် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပြီး ရှမ်းပြည်နယ်အတွင်း အပစ်ရပ်ရန် သဘောတူလိုက်ကြသည်။
“ဟိုင်ဂင်သဘောတူညီချက်” ကြောင့် ရှမ်းမြောက်တွင် ထိုးစစ်တိုက်ပွဲများရပ်တန့်သွားရာ ဒေသခံများလည်း နေရပ် ပြန်လာခဲ့ကြသည်ဟု မိုးမိတ်မြို့မှ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ထိုအခြေအနေတွင် ဇန်နဝါရီ တတိယပတ်မှ စတင်၍ KIA, AA, ABSDF, PDF တို့က မိုးမိတ်မြို့ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်လာရာမှ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
၁၉၇၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏တပ်က မိုးမိတ်မြို့ကို စီးနင်းခဲ့ဖူးပြီး ထိုစဉ်က လေတပ် ရောက်လာပြီး တိုက်ခိုက်သဖြင့် ပြန်လည် ဆုတ်ခွာသွားသည်။
မန္တလေးတိုင်းနှင့် ရှမ်းမြောက်နယ်မြေအစပ်ဖြစ်သော မိုးကုတ်မြို့နယ် မြောက်ပိုင်းတွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်လာပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ် ဆက်သွယ်ထားသော လမ်းပေါ်ရှိ (၉) မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်သို့ လေကြောင်းမှ ၂ ကြိမ်ဖြင့် ဗုံး ၁၀ လုံး ကြဲချခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။
အလားတူ ယမန်နေ့ကလည်း မိုးကုတ်နှင့် မိုးမိတ်ကြား (၈) မိုင် ဆိုသည့်နေရာရှိ TNLA တပ်စွဲထားရာ နေရာသို့ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ “ဟိုင်ဂင်သဘောတူညီမှု” ကို စစ်ကောင်စီက ချိုးဖောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။