သတင်း

မိုးမိတ်မြို့မှ စစ်စခန်းတစ်ခုကို TNLA သိမ်းပိုက်

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ရှိ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်ရန် ၃ ရက်ကြာ တိုက်ခိုက်ခဲ့ရသည်၊ လေတပ် တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုကိုလည်း ရင်ဆိုင်ခဲ့ရသည်ဟု TNLA က ပြောသည်။

၃ ရက်ကြာတိုက်ခိုက်ခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ တပ်စခန်းတစ်ခုကို ယနေ့ (ဇန်နဝါရီ ၅) တွင် သိမ်းပိုက်လိုက်ကြောင်း တအာင်းတပ် (TNLA) က ထုတ်ပြန်သည်။

ဇန်နဝါရီ ၃ ၊ မွန်းလွဲပိုင်းမှ စတင်၍ မြို့အရှေ့ဘက် ၆ မိုင်ခန့်အကွာ စင့်ကင်ရွာရှိ တပ်စခန်းကို TNLA နှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့သည်ဟု TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့ပြောသည်။

ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ အမှတ် (၂၂၃) ခြေလျင်တပ်ရင်း၏ စခန်းတစ်ခုဖြစ်သည်ဟု ဆိုသည်။

“ဒီမနက် အစောပိုင်း ၅ နာရီလောက်မှာ ကျွန်တော်တို့  ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်၊ သုံးရက်နေ့ ညနေလောက်မှာ တိုက်ပွဲစဖြစ်တာ။ တိုက်ပွဲက‌တော့ တပ်ရင်းက စကခ (၂၁) လက်အောက်ခံ ခလရ (၂၂၃) ရဲ့ ရှေ့တန်းစခန်းပေါ့၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်၊ စစ်သုံ့ပန်း‌တော့ မရဘူး” ဟု ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

“ကျွန်တော်တို့  သိတာ‌တော့ အဲဒီစခန်းက တပ်ခွဲစခန်းပေါ့၊ တပ်ခွဲစခန်းကတော့ တော်တော်များများက အင်အားကို ၃၀ နဲ့ ၅၀ ကြားမှာ ထားကြတာ၊ အတိအကျတော့ ဘယ်လောက်ရှိလဲ မသိရဘူး”

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအရေအတွက်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု အရေအတွက်တို့ကိုလည်း မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်ကောင်စီကလည်း တိုက်ပွဲဖြစ်ပွားသည့် နေရာကို လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သလို အခြေစိုက်တပ်ရင်းစခန်း ၃ ခု ရှိသည့် မိုးမိတ်မြို့ဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။

မိုးကုတ်မြို့အရှေ့မြောက်ဘက် ၂၈ မိုင်ခန့်အကွာတွင် တည်ရှိပြီး မကြာသေးခင်နှစ်များအတွင်း ခရိုင်မြို့ ဖြစ်လာသော မိုးမိတ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအပြား လှုပ်ရှားသည့်နယ်မြေဖြစ်သည်။

၁၉၇၇ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏တပ်က မိုးမိတ်မြို့ကို စီးနင်းခဲ့ဖူးပြီး ထိုစဉ်က လေတပ် ရောက်လာပြီး တိုက်ခိုက်သဖြင့် ပြန်လည် ဆုတ်ခွာသွားသည်။

မိုးမိတ်တွင် ယနေ့ သိမ်းလိုက်သည့် စခန်းသည် တအောင်းပြည်နယ်၊ တပ်မဟာ (၃) စစ်ဒေသတွင် တည်ရှိသည်ဟု TNLA ၏ ထုတ်ပြန်ချက်နှင့် ပူးတွဲထားသော ဓာတ်ပုံတွင် ဖော်ပြထားသည်။

ကွတ်ခိုင်မြို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ မြို့ပေါ်ရှိ စေတီကုန်းစခန်းကို TNLA တပ်က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး မြို့တွင်းရှိ စစ်ကောင်စီတပ်အချို့နှင့် ဗျူဟာစခန်းကို ဆက်လက် တိုက်ခိုက်နေသည်ဟု တားအိုက်ကျော်က  ပြောသည်။

“မြို့တွင်းမှာတော့ လုံခြုံရေးစခန်းလေးတွေ ခွဲပြီးမှ ထားထားတာပေါ့၊ အဲဒီစခန်းတွေကိုလည်း သုံးလေးရက်အတွင်း သိမ်းထားတာရှိတယ်။ တချို့နေရာတွေလည်း သိမ်းပြီးပြီ။ တချို့နေရာတွေလည်း ကျန်သေးတယ်ပေါ့ မြို့တွင်းလို့ ပြောလို့ရပါတယ်” ဟု တားအိုက်ကျော်က  ပြောပြသည်။

ရှမ်းပြည်မြောက်ပိုင်း ဒေသအများအပြားတွင် TNLA နှင့် မဟာမိတ်များက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြရာ သိန္နီမြို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း၊ အသေးစိတ်သတင်းများ မရသေးကြောင်း ၎င်းထံမှ သိရသည်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ဇန်နဝါရီ ၅ ရက်နေ့အထိ TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း (အကြီး/အသေး) ၇၆ ခုကို သိမ်းပိုက်ခဲ့သလို နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ၊ နမ္မတူနှင့် မိုင်းငေါ့မြို့ စသည့် မြို့ ၆ မြို့ကို  တိုက်ခိုက်သိမ်းပိုက်ထားသည်။

စစ်ကောင်စီက TNLA နှင့် ဖြစ်ပွားသော တိုက်ပွဲများအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း အရပ်သားများထိခိုက်ရခြင်းမှာ ၎င်းတို့၏လက်ချက်ကြောင့်မဟုတ်ဘဲ TNLA ကြောင့်သာဖြစ်သည်ဟု ရံဖန်ရံခါ သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၃၀ ရက်နေ့တွင်လည်း စစ်ကောင်စီ ပြန်ကြားရေးအရာရှိက TNLA အဖွဲ့ တပ်သားသစ်ရှာဖွေနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

“သူတို့လွှမ်းမိုးထားတဲ့ နယ်မြေတွေထဲမှာ အသက် ၁၅ နှစ်ထက်ကျော်ရင် အမျိုးသား၊ အမျိုးသမီးမကျန်၊ ယောကျ်ား၊ မိန်းမ မကျန် လူသစ်စုဆောင်းနေတဲ့ သတင်းတွေလဲ ရရှိပါတယ်” ဟု ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးမိတ်မြို့နယ်ပြမြေပုံ။

Show More

Related Articles

Back to top button