သတင်း

စစ်ပြင်နေသည့် မဘိမ်းနှင့် မိုးမိတ်ကို စစ်အုပ်ချုပ်ရေးကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်နှစ်ခုကို စစ်အုပ်ချုပ်ရေးကြေညာလိုက်သည့် စစ်တပ်သည် မဘိမ်းမြို့ကို ပြန်သိမ်းနိုင်ရန် ပြင်နေသည်ကို တွေ့ရကြောင်း တော်လှန်ရေးအဖွဲ့တစ်ခုက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် စစ်အုပ်ချုပ်ရေးကြေညာလိုက်သည်။

မဘိမ်းမြို့နယ်ကို ဇန်နဝါရီ ၂၁ ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် တပ်များက သိမ်းပိုက်လိုက်ပြီး ယနေ့ထိ ထိန်းချုပ်ထားဆဲဖြစ်သည်၊ မိုးမိတ်မြို့ကိုမူ ထိုလတွင်ပင် ထိုးစစ်ဆင်သော်လည်း ဇန်နဝါရီ ၂၅ တွင် မြို့မှ ပြန်လည်ဆုတ်ခွာထားသည်။

စစ်ကောင်စီ၏ ကြေညာချက်တွင် ထိုမြို့နယ်နှစ်ခု၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို တာဝန်ပေးအပ်သည်ဟုဆိုသည်။ အမှုများကို ခုံရုံးဖွဲ့ပြီး အကျဉ်းနည်းဖြင့် စစ်ဆေးကာ သေဒဏ်၊ ထောင်ဒဏ်များ စီရင်နိုင်သည်ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီသည် မဘိမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် အနီးအနားမြို့များဖြစ်သည့် မြို့လှနှင့် ရွှေကူမြို့များတွင် အထိုင်ချစစ်ပြင်နေကြောင်း KIA နှင့်အတူ တိုက်ပွဲဝင်နေသည့် မိုးကြိုးစစ်ကြောင်းမှ တာဝန်ခံက ပြောသည်။

မဘိမ်းနှင့် မိုးမိတ် တည်နေရာပြ မြေပုံ။

မြို့လှမြို့မှ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြို့ကို စွန့်ခွာပြီး အခြားတပ်အင်အားတချို့နှင့်အတူ ကသာမြို့မှတစ်ဆင့် ရှမ်း-စစ်ကိုင်းနယ်စပ်မျဉ်းအနီးရှိ ငအိုးမြို့အခြေစိုက် ခလရ (၁၂) တပ်တွင်းသို့ ပြီးခဲ့သည့်ရက်အနည်းငယ်က သွားရောက်ပူးပေါင်းခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ငအိုးမြို့မှာ ရွှေလီမြစ်ကြောင်းအတိုင်း စုန်ဆင်းပါက မဘိမ်းမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးပြီး မြေပြင်စစ်ကြောင်းထိုးပါက တစ်ရက်ခန့်အတွင်း မဘိမ်းမြို့သို့ ရောက်နိုင်သည်ဟု မိုးကြိုးစစ်ကြောင်းမှ တာဝန်ခံက ပြောသည်။

လတ်တလောတွင် ငအိုးမြို့ရှိ ခလရ (၁၂၁) တပ်နှင့် ပူးပေါင်းတပ် စုစုပေါင်း အင်အား ၂၀၀ ခန့်မှာ ငအိုမြို့အနီး ကျေးရွာအချို့တွင် စစ်ကြောင်းထိုးနေပြီး ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲတချို့ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် မြို့လယ်မှ အဆောက်အဦးတစ်ခု (ဓာတ်ပုံ – Jao Mong Mit facebook)

“ငအိုးဘက်ကနေ ပြန်လှည့်ဝင်ပြီးတော့ မဘိမ်းကို ပြန်ရချင်တဲ့အနေအထားရှိတယ်၊ သူတို့ ပြန်ပြီး စစ်မြှူနေတယ်။ ကျွန်တော်တို့ဘက်ကလည်း ကြိုတွက်ထားပြီးသားမို့လို့ သူတို့လာရင်တော့ ပြန်တိုက်ဖို့ အဆင်သင့်ရှိတယ်” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

လတ်တလောတွင် မဘိမ်းမြို့ကို KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး မြို့မှာ ပုံမှန်အတိုင်း လည်ပတ်နေသော်လည်း မိုးမိတ်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားသည်။

မိုးမိတ်မြို့ကို သိမ်းပိုက်ထားစဉ်အတွင်း စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့ကာ ၁၂ ဦး ဒဏ်ရာရခဲ့ပြီး အုပ်စုဖွဲ့မုဒိန်းကျင့်မှု ၃ မှု ရှိခဲ့သည်၊ အရပ်သားနေအိမ် ၁၅၀ ကျော် မီးရှို့ခံခဲ့ရပြီး အများစုမှာ တပ်မ (၉၉) လက်အောက်ခံ တပ်များ၏ လက်ချက်ဖြစ်သည်ဟု ၁၉၉၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် ရှမ်းလူအခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဒေသခံအများအပြား သေဆုံးသွားရာ ရုပ်အလောင်းများကို ရက်အတန်ကြာမှ လိုက်လံ ကောက်ယူပြီးမှ  မီးသင်္ဂြိုဟ်နိုင်ခဲ့ကြသည်။ သုသာန်များမှာ စစ်တပ်စခန်းများနှင့် ကပ်လျက် တည်ရှိသဖြင့် မြို့တွင်း ဘောလုံးကွင်းတွင်သာ သင်္ဂြိုဟ်ကြသည်ဟု သိရသည်။ (ဓာတ်ပုံ – ပေးပို့)

ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အတွင်း KIA ဦးဆောင်သည့် ပူးပေါင်းတပ်များကို စစ်ကောင်စီတပ်က ခုခံနေစဉ်အတွင်း အဆိုပါ ပြစ်မှုများကို ထိုဒေသသို့ ရောက်နေသည့် မိထ္တီလာအခြေစိုက် တပ်မ (၉၉) က ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“တပ်မ (၉၉) တပ်သားများသည် ရွာသားများကို ၎င်းတို့၏ နေအိမ်၌သော်လည်း၊ တောထဲ၌သော်လည်းကောင်း ပစ်သတ်ခဲ့ပြီး အချို့ရုပ်အလောင်းများသည် မီးရှို့ခြင်းခံထားရကာ ဆယ်ကျော်သက်နှစ်ဦးမှာ ဦးခေါင်းဖြတ်ခံခဲ့ရသည်” ဟု ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပေါင်း ၈ မြို့ထက်မနည်းကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အဆိုပါ မြို့များအားလုံးနီးပါးမှာ တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်နေပြီဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်များ ဝိုင်းထားသည့် မူဆယ်နှင့် လားရှိုးမြို့နယ်တို့ကို စစ်ကောင်စီတပ်က ဆက်လက်ထိန်းချုပ်ထားပြီး မြို့ပေါ်ရှိ ပြည်သူများမှာ ဖမ်းဆီးစစ်ဆေးခြင်း အပါအဝင် အခြားလူအခွင့်အရေးချိုးဖောက်မှုများကို မကြာခဏ ကြုံတွေ့နေရသည်။

Show More

Related Articles

Back to top button