သတင်း

စစ်တက္ကသိုလ်နှင့် ပြင်ဦးလွင် တိုက်ခိုက်ခံရပြီးနောက် နောင်ချိုတွင် တိုက်ပွဲပြင်းထန်နေ

စစ်တက္ကသိုလ်နှင့် ပြင်ဦးလွင်မြို့တို့ တိုက်ခိုက်ခံရပြီးနောက် နောင်ချိုမြိုနယ်အတွင်း ယမန်နေ့ မှ စတင်ကာ သေနတ်သံများ ပြန်ဖောက်၍ တိုက်ပွဲများဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တက္ကသိုလ်ရှိရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် မိုင် ၂၀ ခန့်အကွာအဝေးဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ယနေ့ (ဧပြီ ၁၆) ရက်တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း ဒေသခံများက ပြောကြသည်။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက် ညတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်ရှိနေသော ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့တွင်းအထိအခိုက်များ ဖြစ်ပေါ်ခဲ့သည်။

နောက်တစ်နေ့တွင် MDY-PDF နှင့် တအာင်းတပ် (TNLA) တို့ ပူးပေါင်းတပ်စွဲထားသည် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်။

“မနေ့မနက်ကနေစပြီးတော့ ပစ်ခတ်သံတွေ ပြန်ကြားရတာ၊ ဒီနေ့မနက်လည်း ရှိတယ်။ တိုက်ပွဲကတော့ သံဘို၊ ကျောက်မဲလေးတို့ သရက်ကုန်းတို့ဘက်မှာ ဖြစ်နေတာ၊ ကျွန်တော်တို့ဆီကနေ ကြားနေရတယ်။ လက်နက်ကြီးသံတွေတော့ ပိုကြားရတာပေါ့” ဟု တိုက်ပွဲဖြစ်နေသည့်နေရာမှ ၁၀ မိုင်ကျော်အကွာရှိ ကျေးရွာတစ်ရွာမှ အမျိုးသားတစ်ဦးက ယနေ့ ပြောသည်။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေကြောင်း MDY-PDF က ယမန်နေ့က အတည်ပြုထားသော်လည်း ယနေ့အခြေအနေကို အတည်မပြုသေးပေ။

မန္တလေး-ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ ကျောက်မဲလေးနှင့် ၂ မိုင်အကွာ သံဘိုရွာတို့ရှိ စစ်တပ်စခန်းများကို TNLA, PDF ပူးပေါင်းတပ်များက ယခုနှစ် ဇန်နဝါရီလဆန်းက သိမ်းပိုက်တပ်စွဲထားပြီး ဇန်နဝါရီ ၁၁ တွင် တရုတ်၏ ကြားဝင်မှုဖြင့် ရှမ်းမြောက်တွင် အပစ်ရပ်သွားခဲ့သည်။

ထိုကတည်းက တိုက်ပွဲများ ငြိမ်သက်နေရာ စစ်တက္ကသိုလ်တိုက်ခိုက်ခံရပြီးနောက် တော်လှန်ရေးအင်အားစုများ အနီးဆုံး တပ်စခန်းချထားသည့်နေရာအနီး တိုက်ပွဲပြန်ဖြစ်လာခြင်း ဖြစ်သည်။

ကျောက်မဲလေးရွာတောင်ဘက် ၄ မိုင်ခန့်အကွာ သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ဧပြီ ၁၅ ရက် နံနက် ၅ နာရီခွဲမှ စတင်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီဝန်းကျင်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကာ အလောင်း ၂၁ လောင်း၊ လက်နက်ငယ် အလက် ၄၀ ကျော် ၊ ၆၀မမ ၂ လက် ၊ Drone Jammar တစ်ခု ၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့သည်ဟု MDY-PDF က ယနေ့ ထုတ်ပြန်သည်။ PDF ဘက်မှလည်း ထိခိုက်မှုရှိခဲ့ပြီး အဆိုပါတိုက်ပွဲသို့ စစ်ကူလာသော စစ်ကူစစ်ကြောင်း နှစ်ကြောင်းကိုလည်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း ပါရှိသည်။

ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး အလုံး ၂၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု ၊ သရက်ကုန်းရွာစစ်စခန်း သိမ်းပိုက်ရရှိမှုတို့သည် ပြည်သူထံ နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးပို့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ်ဆန်း ဇန်နဝါရီနှင့် မတ်လအတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဟိုင်ဂင်ဟိုတယ်၌ ဆွေးနွေးခဲ့သော သဘောတူညီချက်ဖြင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်ရပ်သွားခဲ့ကြခြင်းဖြစ်သည်။

 ယခုနှစ် ဇန်နဝါရီ ၁၈ က ကွတ်ခိုင်မြို့မှ သိန္နီမြို့ဘက်အတက်တွင် တွေ့ရသော မြောက်ပိုင်းအဖွဲ့ဝင် MNDAA နှင့် TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-မြတ်ပန်း/Myanmar Now)

စစ်ကောင်စီက ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်တိုက်ခိုက်ခံရမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF များလက်ချက်ဟု စွပ်စွဲခဲ့သည်။

စစ်တက္ကသိုလ်များနှင့် စစ်တပ်မိသားစုဝင်များ နေထိုင်သော ပြင်ဦးလွင်မြို့ တိုက်ခိုက်ခံရကြောင်း စစ်ကောင်စီက ယမန်နေ့က ဝန်ခံခဲ့ပြီး တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် ရှော့တိုက်ဒုံးများကို ကချင်တပ် KIA နှင့် တအာင်းတပ် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) က PDF များကို ပံ့ပိုးပေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC မြန်မာပိုင်းကို ပြောထားသည်။

အပစ်အခတ်ရပ်စဲထားသည့် ရှမ်းမြောက်ဒေသအတွင်း “၁၀၂၇” စစ်ဆင်ရေးမှ ရရှိခဲ့သော မြို့နှင့် ဒေသများကို တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့က ထိန်းချုပ်ထားသလို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း မဟာမိတ်များနှင့်အတူ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာနှင့် မဘိမ်းမြို့တို့ကို သိမ်းယူထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်ရောက်ရှိနေခဲ့သည့် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ပစ်မှတ်ထားပြီး PDF က ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီအခြေစိုက်တပ်များက ပြန်လည်ပစ်ခတ်ခဲ့သလို ဒေသခံများ ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။

PDF ပစ်ခတ်မှုကြောင့် သံဃာ ၂ ပါး အပါအဝင် ၄ ဦး သေဆုံးပြီး ကလေးများအပါအဝင် ၁၂ ဦး ဒဏ်ရာရသည်ဟု စစ်ကောင်စီက ယမန်နေ့ ညနေတွင် ထုတ်ပြန်ထားပြီး ဆေးရုံနှင့် ဘုန်းကြီးကျောင်းတို့တွင် ပေါက်ကွဲထားသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်တက္ကသိုလ် ဗိုလ်လောင်းတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း BBC သတင်းဌာနကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသော်လည်း အခြအနေအသေးစိတ် မပါဝင်ပေ။

ပြင်ဦးလွင်မြို့တွင် စစ်တက္ကသိုလ်ပစ်ခတ်တိုက်ခိုက်ခံရသည့် ညတွင်သာ လူအသွားအလာ ကင်းမဲ့ခဲ့သော်လည်း နောက်ရက်များတွင် မြို့တွင်း ပုံမှန်သွားလာလှုပ်ရှားနေကြောင်း မြို့ခံတချို့ထံမှ သိရသည်။

“(တိုက်ခိုက်ခံရတဲ့) တစ်ရက်ပဲ အတော်နည်းသွားပေမဲ့ ဒီနေ့တော့ သွားလာနေကြတာပါပဲ။ (သင်္ကြန်) လည်တဲ့ လူကတော့ လည်ကြတာပါပဲ” ဟု ပြင်ဦးလွင်မြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

Show More

Related Articles

Back to top button