သတင်း

နောင်ချိုစစ်စခန်း ပြန်ရရန် ကြည်းတပ်၊ လေတပ်ဖြင့် ထိုးစစ်ဆင်

ပြင်ဦးလွင်မှ ၁၂ မိုင်ခန့်အကွာတွင် ရောက်ရှိနေသော TNLA, PDF ပူးပေါင်းတပ်များက ပြင်ဦးလွင်နှင့် အနီးဆုံးဖြစ်သော နောင်ချိုမြို့နယ်အတွင်း အနည်းဆုံး ၃ ရွာခန့်ကို တပ်စွဲထားရာ စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ရသော စစ်စခန်းများပြန်ရရှိရေး အင်အားဖြည့်ကာ ထိုးစစ်ဆင်နေသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ သရက်ကုန်းကျေးရွာကို လက်လွှတ်လိုက်ရသော စစ်ကောင်စီတပ်က ယမန်နေ့ (ဧပြီ ၂၁) တွင် ထိုနေရာဝန်းကျင်ကို မြေပြင်၊ ဝေဟင် ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲများပြင်းထန်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။

စစ်တက္ကသိုလ်များ အခြေစိုက်ရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ ၁၂ မိုင်ခန့်အကွာရှိ အဆိုပါကျေးရွာအနီး သံဘိုရွာနှင့် ကျောက်မဲလေးရွာတို့တွင် MDY-PDF နှင့် တအာင်းတပ် (TNLA) တို့က ယခုနှစ် နှစ်ဆန်းကတည်းက အခြေချတပ်စွဲထားသလို ကျောက်မဲလေးရွာတောင်ဘက် ၈ မိုင်ခန့်အကွာတွင် စစ်တပ်စခန်းရှိသော သရက်ကုန်းကျေးရွာကိုလည်း ဧပြီ ၁၅ ရက်က သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

ယမန်နေ့တိုက်ပွဲဖြစ်နေစဉ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ရင်ဆိုင်ခဲ့ရကြောင်း၊ သရက်ကုန်းရွာနှင့် ဝေးသော ကျေးရွာများပါ ပစ်မှတ်ထားတိုက်ခိုက်ခံရကြောင်း MDY-PDF သတင်းပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောသည်။

“တိုက်ပွဲဖြစ်တာက သရက်ကုန်းအနီးဝန်းကျင်မှာပါ။ ဇာလီတို့၊ ပါဟပ် (ရွာ) တို့မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘူး။ တိုက်ပွဲမရှိဘဲ ဘုန်းကြီးကျောင်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”ဟု သူက ဆိုသည်။

ဒေသခံများက တိုက်ပွဲနှင့် ဝေးရာ ကျေးရွာများသို့ ထွက်ပြေးကြသော်လည်း အန္တရာယ်မကင်းခဲ့ကြောင်း တိမ်းရှောင်နေသည့် မန်နားကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“တိုက်ပွဲတွေဖြစ်တော့ ဘေးလွတ်မယ်ထင်တဲ့ ဇာလီတို့၊ ပါဟပ်တို့ကို ပြေးကြရှောင်ကြတာပေါ့၊ ဒါပေမဲ့ တိုက်ပွဲနဲ့ မနီးတဲ့ အဲ့ဒီရွာတွေက ဘုန်းကြီးကျောင်းတွေကိုပါ လေယာဉ်နဲ့ လာပစ်တော့ ထပ်ပြေးကြရတယ်။ ဇာလီဘုန်းကြီးကျောင်းဆို အတော်ကို စုတ်ပြတ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ဒေသခံတို့အဆိုအရ သရက်ကုန်းရွာတပ်စခန်းကို PDF တို့ သိမ်းပြီးနောက်ပိုင်း ဧပြီ ၁၈ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က သရက်ကုန်းအနီးရှိ ကျေးရွာများကို စစ်ကြောင်းစေလွှတ်ခဲ့သည်၊ ယမန်နေ့ နံနက်တွင်မှ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပြင်ဦးလွင်မြို့ဘက်မှ လာသော ထိုးစစ်ကို တန်ပြန်တိုက်ခိုက်နိုင်သောကြောင့် နေ့တွင်းချင်း နောက်ပြန်ဆုတ်သွားသည်ဟု MDY-PDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ ကောင်းကောင်း ခုခံနိုင်လိုက်တော့ နေ့လယ်ပိုင်းလောက်မှာ သူတို့ အထိနာတော့ စစ်ကြောင်းတွေ ဆုတ်သွားတယ်” ဟု ၎င်းက ပြောသည်။

ယခုအချိန်အထိ သရက်ကုန်းစစ်စခန်းကို MDY-PDF က အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲမတိုင်မီက စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရွာများမှ ဒေသခံတို့ကို အိမ်ပေါက်စေ့ လိုက်လံခေါ်ဆောင်ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ နေအိမ်များအတွင်း ထိန်းသိမ်းထားခဲ့သည်ဟု အထက်ပါ ဒေသခံအမျိုးသမီးထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားရာ သရက်ကုန်းရွာနှင့် အနီးဝန်းကျင်ပြမြေပုံ။

မန်နားကျေးရွာတွင်လည်း စစ်သားများက အနီးတွင် ရန်သူရှိသည်ဟုဆိုကာ ဒေသခံ ၂၀၀ ခန့်ကို အုပ်ချုပ်ရေးမှူးခြံအတွင်း နံနက် ၅ နာရီခန့်မှ ညနေ ၆ နာရီခန့်အထိ ပိတ်လှောင်ထားသည်ဟု ဆိုသည်။

“တစ်နေကုန် ဘယ်မှ မသွားရဘူး။ ရွာထဲကလည်း မထွက်ရဘူး။ ထွက်ပြေးဖို့လုပ်တဲ့လူတွေကိုလည်း ရွာပြင်မှာ ရှိနေတဲ့ စစ်သားတွေက တွေ့ရင် ပြန်ခေါ်ပြီး ပြန်ပိတ်ထားတာ၊ မနေ့ကလည်း ထပ်ပြီးလုပ်တယ်” ဟု ထိုအမျိုးသမီးက ယနေ့ (ဧပြီ ၂၂) တွင် ပြောသည်။

“ဒါပေမဲ့ ရွာသူရွာသားတွေက ပထမတစ်ခါဖြစ်ပြီးကတည်းက ရွာထဲကနေ ရတဲ့နည်းနဲ့ ထွက်ပြေးကြတော့ မနေ့ကကျတော့ ၁၀ ယောက်လောက်ပဲ ကျန်တော့တယ်”

စစ်ကောင်စီတပ်သည် ၎င်းတို့ ပိတ်ဆို့တိုက်ခိုက်ခံရပါက ဒေသခံများကို  လူသားဒိုင်းအဖြစ် အသုံးချလေ့ရှိသည်၊ အခြားဒေသများတွင်လည်း အလားတူ အသုံးချတတ်သည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။ စစ်ကောင်စီကမူ ၎င်းတို့က အရပ်သားများကို အကာအကွယ်ပေးနေသည်ဟု ထုတ်ပြန်လေ့ရှိသည်။

ဧပြီ ၂၁ ရက် နံနက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က သရက်ကုန်းရွာအနောက်မြောက်ဘက် ကပ်လျက်ရှိ မန်နားကျေးရွာကို အခြေပြုတိုက်ခိုက်ခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားနေစဉ် ဒဏ်ရာရသည့် စစ်သားများကို ကျေးရွာအတွင်းသို့ သယ်ယူလာကြောင်း အထက်ပါအမျိုးသမီးက မျက်မြင်သက်သေတစ်ဦးကို ကိုးကားပြီး ဆက်ပြောသည်။

အရပ်သားထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပေ။

ယင်းတိုက်ပွဲတွင် နောင်ချိုအခြေစိုက် ညောင်ကုန်းရွာ၊ ရေချမ်းအိုး၊ နောင်သခေါ စသည့်ကျေးရွာများရှိ စစ်တပ်စခန်းများမှ လက်နက်ကြီးပစ်ကူအများအပြား ပေးခဲ့သည့်အပြင် ပြင်ဦးလွင်မြို့တွင်းရှိ ဗိုလ်သင်တန်းကျောင်း အပါအဝင် အခြေစိုက်တပ်စခန်းများကလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ပြင်ဦးလွင်မြို့ခံတို့ အဆိုအရ သိရသည်။

ယင်းအပြင် စစ်တပ်က နောင်သခေါကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဒေသခံတချို့ကို PDF ဟု စွပ်စွဲ ဖမ်းဆီးမှုများလည်းရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများနှင့် ပတ်သက်ပြီး ရံဖန်ရံခါ မဆိုစလောက် ရေးသား ဖော်ပြတတ်သည့် စစ်တပ်အင်တာနက်စာမျက်နှာတွင် နောင်ချိုမြို့ဖြစ်ရပ်များကို ပြီးခဲ့သည့် ရက် ၃၀ အတွင်း ဖော်ပြထားခြင်း မရှိပေ။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက် ညတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်ရှိနေသော ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့တွင်းအထိအခိုက်များ ဖြစ်ပေါ်ခဲ့သည်။

နောက်တစ်နေ့ ဧပြီ ၁၅ တွင် MDY-PDF နှင့် တအာင်းတပ် (TNLA) တို့ ပူးပေါင်းတပ်စွဲထားသည့် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် သရက်ကုန်းကျေးရွာမှ စစ်တပ်က ဆုတ်ပေးခဲ့ရသည်။ ထို့နောက် စစ်ရေးတင်းမာနေကာ ယမန်နေ့ နံနက်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် MDY-PDF ပူးပေါင်းတပ်များက ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ သံဘို၊ ကျောက်မဲလေးရွာနှင့် သရက်ကုန်းရွာတို့ကို ထိန်းချုပ်ထားပြီး ပြင်ဦးလွင်နှင့် ပိုမိုနီးကပ်လာပြီဖြစ်သည်။

Show More

Related Articles

Back to top button